Monday, March 17, 2014

Beauty or the Beast ?



လှတာ မမက်ရင် ညစာခက်မယ်



ဒီစကားပုံကို တော်တော်များများ ကြားဖူးပြီးသား ဖြစ်မှာပါ။ သူ့ဆိုလိုရင်းက ဘယ်လိုလဲ? အလှအပကို မက်မောလွန်းပြီး အပေါ်ယံအပြင်အဆင်၊ အလှအပပစ္စည်းတွေအတွက် သုံးတာများလွန်းရင် ညစာစားဖို့ ခက်လိမ့်မယ်လို့ ဆိုလိုချင်တာ ထင်ပါတယ်။

ဒီစကားပုံလေးကို ဓာတ်ပုံသတင်းထောက်တွေနဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ရင် ဘယ်လိုနေမလဲဗျာ။

နိုင်ငံတကာမှာ ထင်ရှားတဲ့ သတင်းဓာတ်ပုံတွေထဲက အခုချိန်ထိ ပြောဆို ငြင်းခုံဆွေးနွေးနေရဆဲ သတင်းဓာတ်ပုံတွေကို ပြန်ကြည့်ကြရအောင်။ လှတပတပုံတွေ တွေ့ရမလား။ ဒါမှမဟုတ် လူတွေရဲ့ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ မျှတဖူလုံစွာ ခံစားခွင့်မရှိတာတွေကို ဦးစားပေးရိုက်ကူးခဲ့တာ တွေ့ရမယ်ထင်ပါတယ်။

ဝါဒဖြန့်တဲ့အနေနဲ့ အားလုံးကောင်းပါသည်ခင်ဗျားလို့ ထင်မြင်အောင် ရိုက်ကူးခဲ့တာတွေလည်း ရှိမှာပါ။ ဒါပေမယ့် အဲဒီလိုရိုက်ကူးခဲ့တာတွေရဲ့ အရေးပါထိရောက်မှုကို ပြန်သုံးသပ်ကြည့်ဖို့ လိုပါလိမ့်မယ်။

တခါတရံမှာ ကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်အပျက်မျိုးတွေ ပြောပြချင်ပါတယ်။ “ခင်ဗျားတို့ ဓာတ်ပုံသတင်းထောက်တွေဟာ မကောင်းတာပဲ ရှာကြံရိုက်လေ့ ရှိတယ်။ ကောင်းတာတွေ၊ အလှအပတွေကို ဘာလို့ မရိုက်တာလဲ” ဒီလို ဝေဖန် မေးမြန်းမှုတွေ မကြာခဏ တွေ့ရလေ့ရှိပါတယ်။

ကမ္ဘာ့နေရာ အနှံ့အပြားမှာ ကြုံတွေ့နေရတာတွေက အဆိုးရော အကောင်းပါ ရောပြွန်းနေပါတယ်။ ကျန်းမာရေးကဏ္ဍကို ဥပမာ ကြည့်ရအောင်။ နိုင်ငံအနှံ့အပြား AIDS ရောဂါခံစားနေရသူတွေ အများအပြားရှိနေကြပါတယ်။ ဒီရောဂါကို လုံးဝပျောက်ကင်းတဲ့အထိ မကုသနိုင်ကြသေးဘူး။ အဲဒီတော့ ဒီရောဂါဝေဒနာရှင်တွေကို စာနာနားလည်နိုင်အောင်၊ ထိရောက်တဲ့ ပြုစုစောင့်ရှောက်မှု မရသေးသူတွေကို လူတွေ အာရုံစိုက်မိလာအောင် သတင်းဓာတ်ပုံတွေ ရိုက်ကူးပြသတာမျိုး မလုပ်သင့်ဘူးလား။ ရောဂါဝေဒနာရှင်တွေကို မကြောက်မရွံ့ ကုသပြုစုနေသူတွေကိုရော မှတ်တမ်းတင် ရိုက်ကူးပြသတာမျိုး မလုပ်သင့်ဘူးလား။ လှတာမက်တဲ့သူတွေအတွက်တော့ ဒါတွေက အနိဌာရုံတွေလို့ ပြောကြမှာပါ။

မြန်မာနိုင်ငံမှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဆိုတာ မြန်မာရော ကမ္ဘာနေရာအနှံ့အပြားက ဓာတ်ပုံဆရာတွေ စိတ်ဝင်တစား ဓာတ်ပုံလာရောက် ရိုက်ကူးကြတဲ့ နယ်မြေဖြစ်ပါတယ်။ လှတာမက်တဲ့ ဓာတ်ပုံဆရာတွေ အကြိုက်ပေါ့။ ဒါပေမယ့် သိပ်ကို ၀မ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေ ရှိနေပါတယ်။ ပုဂံရှေးဟောင်းဘုရားတွေရဲ့ နံရံဆေးရေးတွေကို ထုံးသုတ်ခံလိုက်ရတာတွေ၊ ရှေးဟောင်းဘုရားတွေကို စနစ်တကျထိန်းသိမ်းပြုပြင်ရမယ့်အစား ခေတ်ပေါ်လက်ရာတွေနဲ့ အစားထိုးခံလိုက်ရတာတွေ လက်ရှိအချိန်ထိ လုပ်နေကြဆဲပါ။ နောင်တချိန်မှာ လှတာလေးတွေ မက်လို့ ဓာတ်ပုံရိုက်ချင်ရင်တောင်မှ ရှေးဟောင်းယဉ်ကျေးမှု၊ ပုဂံခေတ်လက်ရာ၊ ဆိုတဲ့ စကားလုံးတွေကို ချန်ခဲ့ပြီးတော့ ဒီနေ့ခေတ်အစားထိုးထားတဲ့ လက်ရာတွေကိုပဲ ရိုက်ကူးနိုင်တော့မှာပါ။ ဒီလို မလျော်မကန် ပြုပြင်နေတာတွေကို လှတာမက်သူတွေ အဓိက ဆန့်ကျင်သင့်တာ မဟုတ်ဘူးလား။

ကမ္ဘာရဲ့ ဘယ်နေရာမှာပဲ ကြည့်လိုက် ကြည့်လိုက် အဆင်ပြေချောမွေ့နေတာတွေ၊ ကျန်းမာ ချမ်းသာနေသူတွေဟာ လူနည်းစုပဲ ဖြစ်ပါတယ်။ လူအများစုကြီးကတော့ ဆင်းရဲမွဲတေမှုနဲ့ လုံးချာလည် လိုက်နေကြဆဲပါပဲ။ ကျန်းမာရေး မပြည့်စုံမှုတွေနဲ့ လုံးထွေးနေရဆဲပါပဲ။ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲပါပဲ။

သတင်းဓာတ်ပုံရိုက်ကူးသူ အချို့ဟာလည်း အချိုကြိုက်ကြတဲ့အတွက် လှတာမက်ပြီး သူ့ထက်ငါ လှတာလေးတွေ ရွေးရိုက်နေကြဆဲပါပဲ။ ဒါပေမယ့် သူတို့ အဆင်ပြေကြပါတယ်။ ညစာ မခက်ကြပါဘူး။ အချိုကြိုက်တဲ့သူတွေအတွက် ဓာတ်ပုံချိုချိုလေးတွေက ညစာချိုချိုလေးတွေ ဖန်တီးပေးနိုင်ကြပါတယ်။

လူစဉ်မမီတဲ့ လူအများစုကြီးရဲ့ အခြေအနေတွေကို မြင်တွေ့နေရတဲ့ ဒီလို အခြေအနေတွေမှာ လှတာလေးတွေပဲ ရွေးရိုက်ပေးပါလို့ တောင်းဆိုလာခဲ့ရင် ကျွန်တော် လှတာမမက်ပါဘူးခင်ဗျာလို့ပဲ ဖြေပါရစေ။ အဲဒီအတွက် ညစာကတော့ လွယ်ချင်မှ လွယ်မှာပေါ့ဗျာ။

အစစ အရာရာ အဆင်ပြေကြပါစေဗျာ။

သက်ထူး