Saturday, July 7, 2012

အတွေးအမြင် ဝယ်ခဲ့တယ်

06 July 2012

လောကနတ်မှာ ပြနေတဲ့ Thai Artist Narongyot Thongyoo ရဲ့ Portraits Exhibition ကို ကိုမိုးလှိုင်ညနဲ့ သွားကြည့်ဖြစ်တယ်။ ပြီးတော့ စာအုပ်အဟောင်းတန်းလေးမှာ ကြိုက်တာယူ ၂၀၀ ဆိုင်လေးက ၁၉၈၆ ခုနှစ်၊ မတ်လထုတ် အတွေးအမြင်စာစဉ် (၁၂) ဝယ်ခဲ့ပါတယ်။ စာအုပ်အဟောင်းရောင်းတဲ့ ဦးလေးကြီးက ၂၀၀ နဲ့တော့ တန်ပါတယ်ကွာတဲ့။ ကျွန်တော့်ပုံစံက ၂၀၀ တန်စာအုပ်တောင် ချင့်ချိန်နေတဲ့ပုံ ပေါက်နေပြီ ထင်ပါတယ်။


ဒီအတွေးအမြင် စာစဉ်လေးရဲ့ အတွင်းပထမဆုံး စာမျက်နှာမှာ မျိုးရိုးဗီဇနှင့် အတွေးအမြင်၊ မောင်ဝံသနှင့် ကြည်သာဦး စီစဉ်သည်လို့ ရေးထားပါတယ်။ မျိုးရိုးဗီဇနဲ့ ပတ်သတ်လို့ "ရာဇဝတ်မှုနှင့် မျိုးရိုးဗီဇ" ဆိုပြီး အထူးဆောင်းပါးတစ်ပုဒ်ပါကြောင်း အယ်ဒီတာစကားလိုမျိုး ရှေ့ဆုံး စာမျက်နှာမှာ ပြောထားပါတယ်။ ဒီစာစဉ်လေးထဲက ဖတ်စရာတွေကို တစ်မျက်နှာချင်း လိုက်မြည်းကြည့်တော့ ပြန်ပြီး မျှချင်လာတာနဲ့ တစ်ချို့ဆောင်းပါးနဲ့ စာမြည်းလေးတွေကို ပြန်တင်ပေးလိုက်ပါတယ်။ အမြည်းပေးပြီး နှိပ်စက်တာပေါ့ဗျာ။ ဖတ်ချင်စိတ်တွေ တစ်ဖွားဖွားဖြစ်လာစေရမယ်။ ဖတ်ချင်ရင် scanner ဝယ်ပေးနိုင်ပါကြောင်း။ :D

၁။ ဇော်ဂျီ "သူတို့ညီနောင် နှင့် ကျွန်တော်"

စာမြည်း။ ။ ကံရာဇာကြီးသည် စိတ်ကူးယဉ် မဏ္ဍပ်၊ ဖြစ်ကတတ်ဆန်း မဏ္ဍပ်၊ ရုပ်ပြမဏ္ဍကို အဘယ်ကြောင့် ကန့်ကွက်ခြင်း မပြပဲ နေပါသနည်း။ ကိုရွှေဝန်တို့သည် ထိုမဏ္ဍပ်ကို အဘယ်ကြောင့် ပယ်ချခြင်း မပြုပဲ နေကြပါသနည်း။
ဒီဆောင်းပါးဟာ အရင်က(မြဝတီမဂ္ဂဇင်း ၁၉၅၇ ဧပြီလထုတ်မှ) လို့ စာမျက်နှာအောက်ခြေမှာ ပါပါတယ်။

၂။ ဇေယျ "တကောင်း ပြဿနာ"

စာမြည်း။ ။ ကိုယ့်မျိုးရိုး ကိုယ့်ဇာတိ၊ ကိုယ့်မူလအစကို အမှန်အတိုင်း အတည်တကျ သိရှိထားရန် အရေးကြီးလေသည်။
စီစဉ်သူ မှတ်ချက်။ ။ ဆရာဇေယျ၏ 'မှတ်တမ်းဝင် ဗမာ့ အရေးအခင်းများ' စာအုပ် (စာ ၁၃-၂၇)။ ချိုးဖြူစာပေထုတ်။ ပုံနှိပ် ခုနှစ်မပါ။ ၁၉၆၆ ခုနှစ်ခန့် ဟု ခန့်မှန်းရပါသည်။

၃။ ဦးသော်ဇင် "အမှန်ကြောင့် ရေဆန်ခြင်း"

စာမြည်း။ ။ ဗန္ဓုမတီ စာပေမျိုး ထင်ရှားခြင်းသည် သစ္စာဆိုသော အမှန်စကား ပြောကြားခြင်းကို လိုလားသော အမှတ်လက္ခဏာ ဖြစ်၏။

၎။ ဒဂုန်ဦးစန်းငွေ ။ ။ ဓမ္မနီတိသံခိပ်

စာမြည်း။ ။ မိမိဘဝကို ကျက်သရေ ရှိအောင် ထူထောင်သူမှာ မိမိပင် ဖြစ်၏။ ထို့အတူပင် ကျက်သရေ မှေးမှိန်အောင် ဂုဏ်သိန် ကျဆင်းအောင် ပြုသူမှာလည်း အခြားသူမဟုတ်။ မိမိသာ ဖြစ်၏။

၅။ ဒေါက်တာ လှဘေ "ဦးချိန်၏ မော်ကွန်းသဒ္ဒါ ဗျုပ္ပတ် အဓိပ္ပါယ်နှင့် ကျွန်တော့် အတွေ့အမြင် အတွေးအမြင်"

စာမြည်း။ ။ မော်ကွန်းသဒ္ဒါ အဖွင့်တို့၌ မျိုးဆက်မရှိပါ။ မရှိဆို ဖွင့်ဆိုသူမှာ ဇာစ်မြစ်မသိပဲ အတ္တနောမတိ ဉာဏ်ဖြင့် ပြုလိုက်သောကြောင့် အမျိုးဆက်စပ် မရပါ။

၆။ ဆန်းထွန်း (မန်းတက္ကသိုလ်) "ရှည်လည်း မရှည်နှင့် တိုးလည်း မတိုနှင့်"

စာမြည်း။ ။ ချို့တဲ့မှုကပင် ဆရာကြီး တဆူအလား သူ့အား သင်ကြားပြသနေပေ၏။ ချို့တဲ့မှုသည် သူ့အား လိမ္မာအောင် ဆုံးမနေ၏။ ယဉ်ကျေးအောင် ဆုံးမနေ၏"


စာမြည်း။ ။ သူတို့၏ အရေးအသားများသည် စာဖတ်သူ များစွာတို့အား ဂရုထား၍ တွေးခေါ် ဝေဖန်မှုကို ပြုစေသည်။ စာဖတ်သူတို့၏ အတွေးကို နှိုးဆော်ပေးကြပေသည်။

၇။ လူထုဒေါ်အမာ "သတင်း သတင်း သတင်းဆိုတာ"

စာမြည်း။ ။ ပူလစ်ဇာဆုဆိုတာမျိုး ရတယ်ဆိုပေမယ့် ပြည်သူကို အကျိုးမပြုယင် အလကားပါလားဆိုတာကို တချို့သော သတင်းစာဆရာတွေက သိလာကြပြီ ထင်ပါရဲ့"

၈။ ဝင်းတင် "ပဉ္စမ မဏ္ဍိုင်"

စာမြည်း။ ။ စတုတ္ထ မဏ္ဍိုင်ကြီးများက အတွေးအမြင် တစုံတရာ ပေးနိုင်စွမ်း မရှိသောအခါ စတုတ္ထမဏ္ဍိုင်နေရာတွင် မဏ္ဍိုင်သစ်များ စိုက်ထူလာကြသည်။

၉။ မောင်ဝံသ "လောဘမရှိသော လူမျိုး"

စာမြည်း။ ။ တာဆာဒေးတွေကို ကျွန်တော်တို့က လူရိုင်းတွေလို့ ခေါ်မလား။ သူတို့ကို လူရိုင်းတွေလို့ ခေါ်ယင် ယဉ်ကျေးတယ်ဆိုတာ ဘာကို ခေါ်ပါသလဲ"

(Post ခေါင်းစဉ်ကို အတွေးအမြင်ကို ဝယ်ခဲ့တယ်လို့ ပေးဖြစ်တာ စိတ်ထဲ ဖြတ်ခနဲပေါ်လာတဲ့ အတိုင်းပေးလိုက်တာပဲ။ အခု publish လုပ်ခါနီး ပြန်စဉ်းစားတော့ ဆရာမောင်ဝံသရဲ့ ဝေါမြို့က လာခဲ့တယ်ဆိုတာကိုများ မသိစိတ်ကမှတ်ထားပြီး ပေးမိသလားလို့ ရှည်ရှည်ဝေးဝေးတွေ တွေးနေမိတယ်။)

အစစ အရာအရာ အဆင်ပြေကြပါစေဗျာ။