Sunday, June 7, 2009

စက္ကူပေါ်က သင်္ဘော

ဆရာ အော်ပီကျယ်ရဲ့ ကာတွန်းတွေက စေ့စေ့တွေး ရေးရေးပေါ်ဆိုသလို အေးဆေး စဉ်းစားပြီးမှ သဘောပေါက်နိုင်တာတွေ များပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် အခုထိ ဆရာ့ရဲ့ အချို့ကာတွန်းတွေကို အပြည့်အဝ နားလည်တယ်လို့ မထင်သေးပါဘူး။ ဒါပေမယ့် အသက်သုံးနှစ်ပြည့်ပြီဖြစ်တဲ့ ကျွန်တော့်သားကတော့ ဆရာ့ရဲ့ ကာတွန်းတွေကို အိပ်ခါနီးတိုင်း ဖတ်ပြခိုင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် ကောင်းကောင်းနားမလည်သေးတဲ့ ကာတွန်းတွေကို သူ့ကို နားလည်အောင် ပြန်ပြောပြရတာ တော်တော် ခေါင်းစားပါတယ်။

မနေ့က သူ့ကို ကာတွန်းဖတ်ပြရင်း သူပြောပြတာလေး ပြန်ပြီး ဖောက်သည်ချချင်လို့ပါ။ ကာတွန်းက တစ်ကွက် ကာတွန်းတစ်ခုပါ။ ကာတွန်းထဲမှာ ကန္တာရကြီးတစ်ခုထဲက သင်္ဘောကြီးတစ်စီးရဲ့ ပုံဆွဲထားပါတယ်။ အနားတစ်ဝိုက်မှာလည်း ကန္တာရပင်တွေ ဘာတွေနဲ့ပေါ့ဗျာ။ အဲဒီသင်္ဘောကြီးကနေ ထွက်သွားတဲ့ ခြေရာလေး တစ်ခုရှိတယ်။ ပြီးတော့ ကာတွန်းရဲ့ အောက်ဘက် ထောင့်နားလေးကနေ လူတစ်ယောက် သင်္ဘောဆီကို ပြန်လာနေတယ်။ လက်ထဲမှာ Oil လို့ ရေးထားတဲ့ ပုံးလေးတစ်ခု ဆွဲလို့။ ဒီကာတွန်းလေးကို ကြည့်ပြီး စဉ်းစားစရာတွေ အများကြီး ထွက်လာတာပေါ့။ သားသားကိုတော့ သူနားလည်မယ်ထင်တာလေးတွေပဲ ပြောပြတာပေါ့ဗျာ။

သားသားရေ၊ သင်္ဘောကြီးက ဘယ်မှာ မောင်းရတာလဲ ဆိုတော့ သူက ရေထဲမှာ မောင်းရတာ လို့ ဖြေပါတယ်။ ဟုတ်တယ်၊ အခု သင်္ဘောကြီးက မြေကြီးပေါ်မှာဆိုတော့ ဘယ်မောင်းလို့ရမလဲ စသည်ဖြင့်ပေါ့ဗျာ။ ပြောပြပါတယ်။ ခဏနေတော့ သူ့ကို ပြန်မေးကြည့်တယ်။ သားသား၊ သင်္ဘောကြီးက ဘယ်မှာ မောင်းရတာလဲ လို့ သူက ရေထဲမှာမောင်းရတာ တဲ့။ ဟုတ်ပြီ၊ အခု သင်္ဘောကြီးက ဘယ်မှာ ရောက်နေလဲ လို့ မေးတော့ သူဘယ်လိုဖြေလဲဆိုရင် စက္ကူပေါ်မှာ တဲ့။

သိပ်အတွေးများချင်တဲ့ မောင်မျက်လုံးတို့ မှတ်ကရောပဲ။