Thursday, March 12, 2009

ဒေါက်တာကျော်စိန် - တီထွင်ဖန်တီး စဉ်းစားနည်း

ဒေါက်တာကျော်စိန်ရေးတဲ့ အတွေးပဒေသာ စိတ်ပညာဆိုတဲ့ စာအုပ်ကို ဖတ်နေတာ တော်တော်ကြာပြီ။ စဉ်းစားစရာတွေ၊ ဗဟုသုတရစရာတွေ အများကြီးပါပါတယ်။ ကြုံရင် ဖတ်ကြည့်ကြပါဦး။ အဲဒီစာအုပ်ထဲမှာ

(က) စိတ်ပညာ
(ခ) စိတ်ပညာ အယူအဆများ
(ဂ) စိတ်ခြေအနေများ
(ဃ) လူမှုဆက်ဆံရေးနှင့် စိတ်ကျန်းမာရေး
(င) အတွေးပဒေသာ
(စ) ဘဝပုံရိပ် အပိုင်းအစများ ဆိုပြီး ကဏ္ဍတွေ ခွဲပြီး ဖော်ပြထားပါတယ်။

ကြုံလို့ပြောပါရစေဦး။ အရင်တုန်းက ကျွန်တော် စာဖတ်ရင် အရမ်းလောပါတယ်။ ဒီဟာလည်း ဖတ်ချင်၊ ဟိုဟာလည်း ဖတ်ချင်နဲ့ ဘယ်ဟာမှ အလွတ်မပေးချင်ဘူး။ တွေ့သမျှစာ အကုန်သိမ်းကြုံးဖတ်တယ်။ မြန်မြန်ဖတ်တယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ နောက်မှ သိလာတာလေး တစ်ခုက ဒီလိုပါ။ ကျွန်တော်တို့ဟာ စာတွေဖတ်လို့ပဲ ဖြစ်ဖြစ်၊ သူများတွေ ပြောတာ နားထောင်ရင်းနဲ့ပဲ ဖြစ်ဖြစ် ဗဟုသုတတွေ ရလာတယ်။ အတွေ့အကြုံတွေ စုံလာတယ်။ ဒါပေမယ့် အရေးကြီးတာ တစ်ခုကိုတော့ မေ့နေတတ်တယ်ဗျ။ ကိုယ်ရလာတဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေကို ဘယ်လောက် ပြန်ပြီး အသုံးချဖြစ်သလဲဆိုတာပါ။ အလွယ်ဆုံး ဥပမာလေး တစ်ခုပေးပါရစေ။ ကျွန်တော့်ရဲ့ ထုံးစံအတိုင်းပြောရရင်တော့ အခြားသူတစ်ယောက်ကို ဥပမာ ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို ကျွန်တော်ပဲ ပြန်ပြီး ဥပမာနဲ့ ဝေဖန်ပါရစေ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ငါးပါးသီလကို အခြေခံအနေနဲ့ စောင့်ထိန်းရပါတယ်။ ဒါကို ဗုဒ္ဓဘာသာဝင်တိုင်း သိပေမယ့် လက်တွေ့ မကျင့်ကြံဖြစ်ကြပါဘူး။ ဒါဖြင့် ဗုဒ္ဓဘာသာဝင်တွေ ငါးပါးသီလစောင့်ထိန်းရမယ်ဆိုတာကို သိတဲ့ အသိကြီးက အလကားပါပဲ။ ကျွန်တော်က ဝိပဿနာစာပေတွေ ဘယ်လောက်ပဲ ဖတ်နေပါစေ၊ ဘယ်လောက်ပဲ ပါးစပ်က အာဘောင်အာရင်းသန်သန် ပြောနေပါစေ။ အခြေခံ ငါးပါးသီလလောက်ကိုပဲ လက်တွေ့ မစောင့်ထိန်းနိုင်သေးဘူးဆိုရင် ကျွန်တော်သိသမျှ လက်တွေ့ မကျသေးပါဘူး။ များသောအားဖြင့် ကျွန်တော်တို့ဟာ အလှမ်းကျယ်ပြီး အလယ်လပ်နေကြတာ များပါတယ်။

အဲဒီတော့ နောက်ပိုင်းမှာ စာဖတ်ရင် စာကို ကျေအောင်ပဲ ဖတ်ဖြစ်တာများပါတယ်။ အခုတလော ဖတ်နေတဲ့ စာအုပ် ၂ အုပ် ၃ အုပ်လောက်ကို ဖတ်နေတာ တော်တော်ကြာပါပြီ။ စာကို ကျေအောင်ဖတ်ချင်တာရော၊ အခြား အလုပ်ကိစ္စများကြောင့်ရော တော်တော်နဲ့ မပြီးနိုင်ပါဘူး။ အရင်တုန်းက စိတ်မျိုးနဲ့ဆိုရင်တော့ စာအုပ်တစ်အုပ် မပြီးသေးရင် တာဝန်ကြီး တစ်ခုလိုပါပဲ။ မပြီးပြီးအောင် မြန်မြန်ဖတ်ပါတယ်။ စာအုပ်တစ်အုပ်ရဲ့ ဆိုလိုရင်းကို ခြုံငုံသိသလောက်လေး ရှိသွားရင် ကျေနပ်လိုက်တာပါပဲ။ တကယ်က စာအုပ်ရဲ့ အကြောင်းအရာ၊ စာရေးသူရဲ့ ရေးဖွဲ့ပုံပေါ်မူတည်ပြီး အသေးစိတ်တွေ အများကြီး မှတ်သားဆန်းစစ်ဖို့ မလုပ်ဖြစ်ခဲ့တာများပါတယ်။

ကြုံလို့ပြောလိုက်ပါဦးမယ်။ :)

မောင်စူးစမ်းရဲ့ စာတစ်ပုဒ်ထဲမှာ ဖတ်ဘူးပြီး မှတ်မိနေတဲ့ ဝေါဟာရ တစ်ခုပါ။ (ဟိုတလောက ဖြစ်ခဲ့တာတွေနဲ့ လာမပူးကြပါနဲ့ဦးနော။) ဘာလဲဆိုတော့ သတင်းအစာမကြေမှုဆိုတဲ့ ဝေါဟာရလေးပါ။ ဒီခေတ်မှာ သတင်းရနိုင်တဲ့ နေရာတွေ များလွန်းတော့ အစာကို ကြေအောင် မဝါးနိုင်သလို သတင်းတွေများပြီး မကျေညက်တော့တဲ့ သဘောပါ။ ဒီလိုပါပဲ ကျွန်တော်တို့မှာလည်း သိစရာ၊ တတ်စရာတွေ အများကြီး နောက်ကို လိုက်ရင်း ဘာကိုမှ မကျေညက်တော့ပါဘူး။ (အချို့ သတင်းငတ်နေတဲ့သူတွေကတော့ ခြွင်းချက်လို့ပဲ ထားလိုက်ပါတော့။)

အခု ရေးလာသလောက်အထိ ကြုံလို့ ပြောတာတွေပဲ များနေတယ်ဗျာ။ အဲလို ကြုံလို့မှ မပြောရင်လည်း ပြောဖြစ်ဖို့ မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချို့ကိစ္စတွေကို တကူးတက ရေးဖို့ ပြောဖို့ စိတ်မပါဘူးဗျာ။ အခုလို ကြုံတုန်းလေး ပြောလိုက်တော့မှ ပြောဖြစ် ရေးဖြစ်တော့တယ်။

ဒေါက်တာ ကျော်စိန်ရဲ့ အတွေးပဒေသာ စိတ်ပညာ စာအုပ်ဖတ်ရင်း စိတ်ပညာ အယူအဆများကဏ္ဍအောက်က တီထွင်ဖန်တီး စဉ်းစားနည်းဆိုတာလေးကို မိတ်ဆွေတို့ကို ပြန်မျှချင်လို့ပါ။

စိတ်ပညာရှင် C. Patrick(1937) ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို စနစ်တကျ နားလည်နိုင်ဖို့အတွက် လက်တွေ့စမ်းသပ်မှုကို အခြေခံပြီး ရေးထားတာပါ။ ဒီလေ့လာစမ်းသပ်မှုမှာ ကဗျာစပ်ခြင်း၊ ပန်းချီဆွဲခြင်း၊ သိပံ္ပပြဿနာတို့ကို ဖြေရှင်းခြင်း စသည့် တီထွင်ဖန်တီးစဉ်းစားမှုနဲ့ဆက်စပ်တယ်လို့ ယူဆနိုင်တာတွေကို ထည့်သွင်းစမ်းသပ်ထားတယ်လို့ ဆိုပါတယ်။ စမ်းသပ်ခံတွေကို အုပ်စု နှစ်စုခွဲပါတယ်။ တစ်ခုက ကဗျာဆရာ၊ ပန်းချီဆရာနဲ့ သိပ္ပံပညာရှင်တွေပါဝင်ပါတယ်။ နောက်အုပ်စုတစ်ခုကတော့ ဘယ်ပညာရပ်မှာမှ အထူးပြုလေ့လာထားခြင်း မရှိသူတွေ ပါတယ်လို့ ဆိုပါတယ်။ စမ်းသပ်ပုံ စမ်းသပ်နည်းကတော့ စမ်းသပ်ခံတွေကို ကဗျာ၊ ပန်းချီစတာတွေ ပြသပြီး မိမိရဲ့ ကိုယ်ပိုင်ဖန်တီးမှုတစ်ခုစီ ပြုလုပ်စေတာပါတဲ့။ အချိန်ကန့်သတ်မထားပါဘူးတဲ့။ စမ်းသပ်နေစဉ်အတွင်းမှာလည်း ကိုယ်ဘယ်လို ပြဿနာတွေကို ရင်ဆိုင်ရတယ်၊ ဘယ်လို ဖြေရှင်းလိုတယ်၊ ဘယ်လိုခံစားရတယ်ဆိုတာတွေကိုလည်း လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်ပေးထားပါတယ်တဲ့။

စမ်းသပ်ခံများ လုပ်ငန်းပြီးစီးတဲ့အချိန်မှာမှ မေးခွန်းလွှာတွေ ပေးပြီး ဖြေဆိုစေပါတယ်။ အဲဒီ မေးခွန်းလွှာမှာ ပြဿနာရဲ့ သဘောသဘာဝ၊ ပြဿနာဖြေရှင်းပုံတို့နဲ့ ပတ်သတ်တဲ့ မေးခွန်းတွေ ပါပါတယ်။ အဖြေလွှာတွေကို စစ်ဆေးသုံးသပ်ပြီးတဲ့နောက် တီထွင်ဖန်တီးဖို့အတွက် အောက်ပါ အချက်တွေ ပါဝင်တယ်လို့ ကောက်ချက်ချပါတယ်ခင်ဗျား။

(၁) ပြင်ဆင်ခြင်း (Preparation)

ဒီအဆင့်မှာ စမ်းသပ်ခံတွေဟာ သူရင်ဆိုင်နေရတဲ့ အခြေအနေရှိ အရာဝတ္ထုတွေကို (ဥပမာ - ကဗျာ၊ ပန်းချီ၊ ဂီတ စသည်)တို့နှင့် ရင်းနှီးအောင် လုပ်ရပါတယ်တဲ့။ ကြိုတင်ပြီး ကြိုးစားပမ်းစား မပြုလုပ်ပဲ မည်သို့သော ထိုးထွင်းသိမှုမျှ ဖြစ်ပေါ်လိမ့်မယ် မဟုတ်ပါတဲ့။

ကျွန်တော်က ဒါကို အမြင်နောက်တစ်ခုနဲ့ ပြန်မြင်ကြည့်ပါမယ်။ ကျွန်တော်တို့ဟာ ဖန်တီးမှုတစ်ခုပြုလုပ်ပြီဆိုရင် ကျွန်တော်တို့နဲ့ အများဆုံး ရင်းနှီးကျွမ်းဝင်နေခဲ့တာတွေရဲ့ လွှမ်းမိုးမှုကို ခံရပါမယ်။ စာရေးဆရာတစ်ယောက်ဟာ သူအဖတ်များခဲ့တဲ့ ပုံစံတွေပဲ သူ့စာတွေမှာ ပြန်လည် ပါဝင်လာမှာပါ။

ကျွန်တော်အခုထိ အဖြေ မရသေးတဲ့ ပုစ္ဆာလေး တစ်ခုကတော့ မှတ်ဉာဏ်ထဲမှာ စွဲမြဲစွာ မှတ်သားထားနိုင်တဲ့သူနဲ့ ရုတ်တရက် ထိုးထွင်းသိမြင်နိုင်သူနဲ့ ဘယ်သူက ပိုပြီး ထူးချွန်နိုင်သလဲ။ သူတို့ရဲ့ သဘောသဘာဝတွေက ဘာလဲ။ သူတို့က ဘယ်လို နယ်ပယ်တွေမှာ ပိုပြီး ထူးချွန်ကြသလဲဆိုတာလေး သိချင်နေတာ အတော်ကြာပြီ။ အသေးစိတ်တွေကတော့ သိပ်မဆိုင်ဘူးထင်လို့ မပြောတော့ပါဘူး။

(၂) ပျိုးခြင်း (Incubation)

ဒီအဆင့်မှာ တက်ကြွပြုမူမှု၊ သိစိတ်နှင့်ယှဉ်၍ လုပ်ဆောင်မှုတို့ မရှိလှပဲ ပြင်ဆင်ချိန်က စုဆောင်းထားသည့် အချက်အလက်တို့ မသိစိတ်အတွင်း လုပ်ရှားပြုမှုကာ ပြဿနာ၏အဖြေကို တစ်စတစ်စ ပုံဖော်ပေးသည့် သဘောသာ ရှိသည်လို့ ရေးထားပါတယ်။ ဒီအဆင့်မှာ ပြင်ဆင်ချိန်က ရတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ပြဿနာအဖြေပုံပေါ်ရေးကို ရှေးရှုနေလိမ့်မယ်လို့ ယူဆနိုင်ပါတယ်တဲ့။ ဒီအဆင့်မှာ လုပ်ဆောင်ချက်တစ်ခုခု ရှိနေမှာကတော့ သေချာပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကြာရှည်စွာ ဒုက္ခပေးနေတဲ့ ပြဿနာရဲ့ အဖြေကို ရုတ်ခြည်းသိလိုက်ရခြင်း၊ အိပ်ရာမှ နိုးနိုးချင်း ပြဿနာရဲ့ အဖြေကို ရလိုက်ခြင်းစတဲ့ အတွေ့အကြုံ အမျိုးမျိုးနဲ့ ရင်ဆိုင်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ သူပြောတာကတော့ အလေ့အကျင့်ကြောင့်(လေ့ကျက်မှတ်သားထားတဲ့ မှတ်ဉာဏ်ထဲကအချက်တွေကြောင့်) တီထွင်ဖန်တီးမှုကို ပျိုးတယ်လို့ ဆိုတဲ့ပုံပါပဲ။

ကျွန်တော်နားလည်လိုက်တာကတော့ ဒီအဆင့်မှာ ကျွန်တော်တို့ လေ့ကျက်ခဲ့သမျှတွေက တီထွင်ဖန်တီးမှုကို တွန်းပို့ပေးနေတာပါ။ ကျွန်တော့်အနေနဲ့ ဒီအဆင့်ဟာ အရေးအကြီးဆုံး အဆင့်လို့ မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နှစ်ပေါင်းများစွာ ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ အကြောင်းအရာတွေ (အထုံလို့ ဆိုနိုင်ပါတယ်) ဟာ ဘယ်လို တီထွင်ဖန်တီးမှုကိုမှ ဖြစ်မလာစေပဲ အလဟသဖြစ်သွားခဲ့တာတွေ မနည်းပါဘူး။ များသောအားဖြင့် ဒီ နံပါတ် ၂ အဆင့် ပျိုးခြင်းကနေ ရှေ့ဆက် မတက်ကြလို့ပါ။

(၃) အလင်းရခြင်း (Illumination)

ဒီအဆင့်မှာတော့ ဉာဏ်အလင်းရောင်အောက်မှာ တီထွင်မှုရလဒ်ကို မြင်လိုက်ရတယ်လို့ ဆိုပါတယ်။ ပျိုးချိန်က ဝိုးတဝါးဖြစ်နေတာတွေဟာ ဒီအဆင့်မှာ ပြတ်သားကြည်လင်စွာ တွေ့မြင်လိုက်ရပြီလို့ ဆိုပါတယ်။

ကျွန်တော့်ကို ဒီအဆင့်အတွက် ဥပမာပေးပါဆိုရင်တော့ စက်ဘီးစပြီး စီးတတ်သွားတဲ့သူနဲ့ တူမယ်ထင်ပါတယ်။ ဒါပေမယ့် သူဟာ ဟိုကွေ့ဒီကွေ့ ဟိုယိုင်ဒီယိုင်ဖြစ်နေဦးမှာပါ။

(၄) ချိန်ကိုက်ခြင်း (Verification)

ဒီအဆင့်မှာ ပြဿနာရဲ့ အဖြေကို အပြည့်အဝအကောင်အထည်ပေါ်လာအောင် ကြိုးပမ်းလုပ်ဆောင်တယ်လို့ ရေးထားပါတယ်။ ပြင်ဆင်စရာရှိတာကို ပြင်ဆင်၊ ဖြည့်စွက်စရာရှိတာကို ဖြည့်စွက်ပြီး နောက်ဆုံးမှာ ပြဿနာအဖြေပုံစံ ထွက်ပေါ်လာပါတယ်တဲ့။

စက်ဘီးစီးတဲ့သူကိုပဲ ဥပမာအနေနဲ့ ဆက်ပြောရရင်တော့ သူဟာ မယိုင်မလဲနဲ့ ကောင်းမွန်ပိုင်နိုင်စွာ စက်ဘီးစီးတတ်သွားပြီလို့ ပြောရတော့မှာပါ။

နောက်ပိုင်းမှာ C. Patrick ရဲ့ စမ်းသပ်တွေ့ရှိချက်တွေကို အခြား စမ်းသပ်မှုတွေကလည်း ထောက်ခံပါတယ်တဲ့။ ဒါပေမယ့် ဒီလို အဆင့်တွေဟာ တစ်ခုနဲ့ တစ်ခု ပြတ်သားစွာ ကွဲပြားနေတာ မဟုတ်ပဲ အချို့အဆင့်တွေဟာ တစ်ဆက်တည်း ဖြစ်ပေါ်တတ်ပါတယ်လို့ ဆိုပါတယ်။

နောက်ဆုံး နိဂုံးလေးမှာ ရေးထားတာလေး ဆက်ပြောပါရစေ။

အချို့သော တီထွင်ဖန်တီးသူတို့ကား စည်းစနစ်ကျသည်။ အစီအစဉ်နှင့်ပြုလုပ်တတ်သည်။ စေ့စေ့စပ်စပ်ရှိသည်။ သူတို့၏ အပြုအမူ အဆင့်ဆင့်ကို ရည်မှန်းချက် ရှိရှိ၊ အဓိပ္ပာယ်ပါပါ ပြုလုပ်တတ်ကြသည်။ အချို့ ဖန်တီး စဉ်းစားသူတို့ကမူ နှိုးဆွအားပြင်းလျှင်ပြင်းသလို တက်ကြွ လုပ်ဆောင်တတ်သည် လို့ ဆိုထားပါတယ်။

ကဗျာဆရာ Stephen Spender က ဂန္တဝင်ဂီတပညာကျော်ကြီး နှစ်ဖြစ်တဲ့ Mozart နဲ့ Beethoven တို့ကို နှိုင်းယှဉ်ပြထားပါတယ်။ မိုးဇက်က သူဖန်တီးတဲ့ ဂီတမှန်သမျှဟာ အလိုလို စိတ်တွင်းပေါ်ပေါက်လာသမျှကို အေးဆေးသက်သာစွာချရေးလိုက်ရုံပါပဲတဲ့။ ဗီသိုဗင်ကတော့ ဝိုးတဝါးစိတ်ကူးနဲ့ အစပြုပြီး ရက်ပေါင်းများစွာ စိုးရိမ်တကြီး ကြိုးစားပမ်းစားပြုလုပ်ပြီးမှ ဂီတဖန်တီးမှုတစ်ရပ်ကို ပေါ်ထွက်လာနိုင်တာပါတဲ့။ ဒါကြောင့် Spender က မိုးဇက်သည် နက်ရှိုင်းသည့် အတွေ့အကြုံအတွင်းသို့ တစ်ဟုန်ထိုး ခုန်ဆင်းလိုက်သူနဲ့ တူပြီး ဗီသိုဗင်မှာမူ အတွေ့အကြုံ၏ ဗဟိုချက်မရှိရာသို့ တစ်လွှာပြီး တစ်လွှာ တစ်ဆင့်ပြီး တစ်ဆင့် ထိုးဖောက်ဝင်ရောက်သူနဲ့ တူတယ်လို့ နှိုင်းယှဉ်ပြခဲ့ပါတယ်လို့ ဆိုပါတယ်။

ဒီစာကို ဖတ်ပြီးတော့ ကျွန်တော်လည်း ငါဘယ်လိုများ ဘာတွေကို ဖန်တီးကြည့်ဘူးသလဲဆိုတာ တွေးမိတယ်။ တီထွင်ဖန်တီးမှုဆိုတာ ပညာရှင်တွေရဲ့ အလုပ်ပဲ မဟုတ်ပါဘူး။ လူတိုင်းဟာ ကိုယ်ပတ်ဝန်းကျင်လေး သာယာလာဖို့ တီထွင်ကြံဆကြည့်သင့်တာပေါ့ဗျာ။ နော...။