Tuesday, February 10, 2009

အနောက်ကိုရွှေ့တဲ့ဖားတွေအကြောင်း

ပုသိမ်ကို ရောက်နေတာ တော်တော်ကြာသွားပြီ။ အွန်လိုင်းသုံးဖို့ ဆိုင်တွေရှိပေမယ့် သိပ်မသုံးဖြစ်ပါဘူး။ ကြုံလို့ ပုသိမ်ကိုရောက်ရင် ဆက်သွယ်ရေးရုံးထဲက Public Access Centre မှာ သုံးကြည့်ဗျ။ ရန်ကုန်က မြန်တယ်ဆိုတဲ့ နေရာ တော်တော်များများထက် ပိုပြီး မြန်ပါတယ်။ ဈေးလည်း သက်သာပါတယ်။ တစ်နာရီ ၅၀၀ ကျပ်ပါတဲ့။

ပို့စ်တွေကတော့ အစဆွဲထုတ်ထားပြီး စိတ်ကူးထဲမှာတင် အဆုံးမသတ်နိုင်သေးလို့ မတင်နိုင်သေးဘူးဗျ။ အလုပ်တော်တော်များများလည်း အဆက်အသွယ်တွေ ပျက်ကုန်တယ်။ ယောက်ခမကြီးက ရန်ကုန်မှာ ဆေးခန်းပြနေလို့ ဒီမှာ အိမ်နဲ့ ဆိုင်စောင့်ရင်း ကြာနေတာပါ။ ကျွန်တော့်ကို အများကြီး ကူညီခဲ့တဲ့ ယောက်ခမကြီးကို ကျွန်တော်ကလည်း ဒီလောက်တော့ ပြန်လုပ်ပေးရမှာပေါ့နော်။ :D

ပုသိမ်မှာ အခုတလော အချမ်းပေါ့လာတယ်။ နှစ်ရက်လောက်ရှိပြီ။ ဒီနေ့က Feb-10-09 ပါ။ ဒါပေမယ့် အရမ်းချမ်းတဲ့ အချိန်မှာ ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက်ပဲ ပြောရမလား မသိဘူး။ မက်ခဲ့တဲ့ အိပ်မက်တစ်ခုကို ပြန်ပြောပြချင်လို့။

ဖားတွေ အရွယ်စုံ၊ အမျိုးစုံ၊ အရောင်စုံပဲဗျာ။ တန်းစီပြီးတော့ ခုန်ဆွ ခုန်ဆွနဲ့ အနောက်ဘက်ကို အုပ်စုလိုက် ချီတက်နေကြတယ်။ သွားရင်း လာရင်းနဲ့ ကားတွေ၊ အိမ်တွေထဲ ရောက်တဲ့ ကောင်တွေက ရောက်ပေါ့။ ဒါပေမယ့် အများစုသော ဖားအုပ်စုကြီးကတော့ တန်းစီပြီးတော့ အနောက်ဘက်ကိုပဲ သွားနေကြတယ်တဲ့။ ဒါပါပဲ။ သိပ်တော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ဖားတွေ အများကြီးကို တွေ့ရတာ တစ်မျိုးတော့ ကြည့်ကောင်းသလိုလိုပဲ။

အိပ်မက်ထဲမှာ ဘယ်လိုလုပ် အနောက်တွေ အရှေ့တွေ သိသလဲလို့ မေးရင်တော့ အိပ်မက်တွေရဲ့ ထုံးစံအတိုင်း အချို့ကိစ္စတွေက သူ့ဘာသာသူ စိတ်ထဲကနေ သိနေတာပေါ့ဗျာ။ :D ဒါပေမယ့် ကျွန်တော် မြင်ရတဲ့ နောက်ခံရှုခင်းအရလည်း သူတို့က အနောက်ဘက်ကိုပဲ သွားနေကြတာဗျ။ ကြည့်မြင်တိုင်ဘက်က သံလမ်းတစ်ခုနားမှာပါ။

အိမ်မက်တွေအကြောင်းပြောမယ်ဆို အများကြီးပဲနော်။ တခါတလေ အိပ်မက်ထဲက အဖြစ်အပျက်တွေကို ကိုယ်လိုသလို ဖြစ်ခိုင်းရတာလည်း တစ်မျိုးပျော်စရာ ကောင်းတယ်။ ဒါပေမယ့် သူ့ဘာသာ ဘာဖြစ်မလဲ စောင့်ကြည့်ရတာလောက်တော့ စိတ်လှုပ်ရှားစရာ မကောင်းဘူး။

စိတ်လှုပ်ရှားစရာ အကောင်းဆုံး အိပ်မက်ကတော့ မိုးပေါ်ပျံနေရတယ်ဆိုတဲ့ အိပ်မက်ပဲ။ မိုးပေါ်ပျံဖို့ ဘာမှ မလိုဘူး။ မိုးပေါ်ပျံနိုင်တယ်ဆိုတဲ့ ယုံကြည်တဲ့စိတ်ကလေးတစ်ခုပဲ လိုတယ်။ အဲဒီ ယုံကြည်မှုလေး မရှိတာနဲ့ ဒါမှမဟုတ် လျော့လာတာနဲ့ အောက်ကို ပြုတ်ကျလာတာပဲ။ မြေကြီးနဲ့ မထိခင် အဲဒီစိတ်ကလေးကို ပြန်မွေးနိုင်ရင် မိုးပေါ်ပျံတက်သွားပြန်ရော။ I believe I can fly ဆိုလို့ကတော့ စိတ်ကြိုက်သာ ပျံပေတော့ပဲ။