Wednesday, October 15, 2008

ဒီလမ်းကို ဒီလို ရွေးခဲ့တယ်

ဒီနေ့ ညနေက နည်းနည်းတော့ ထူးဆန်းတယ်ဗျ။ ကိုသူတော်နဲ့ ကျွန်တော် စမ်းချောင်းက ဝက်မြီးဆိုင်နားမှာ တွေ့ကြပြီး အရက်မသောက်ကြဘူးတဲ့။ ထိုင်နေကြအရက်ဆိုင်ဘေးနားက လဘက်ရည်ဆိုင်မှာ လဘက်ရည်နဲ့ လဘက်သုပ်နဲ့ ရေနွေးနဲ့သောက်စားပြီး ပြန်လာကြသတဲ့။ ထူးဆန်းတယ်နော်။ ပိုက်ဆံမရှိလို့တော့လည်း မဟုတ်ပြန်ဘူး။ ပိုက်ဆံက ခါတိုင်းဆိုရင်တောင် မရှိရင် ရှိတာ ရှာကြံပြီး သောက်ကြသေးတယ်။ အခုတော့ တစ်ယောက်ကို ၂ ထောင် ၃ ထောင် နီးပါးလောက်ပါတယ်ဆိုတော့ နှစ်ယောက်ပေါင်း ၅ ထောင်လောက် ရှိတယ်လေ။ ကျွမ်းပြန်အောင် သောက်လို့ရတာပေါ့။ ဒါပေမယ့် သီတင်းကျွတ်လပြည့်ည ဖြစ်တာက တစ်ကြောင်း အရက်ကို စိတ်နည်းနည်း နာနေတာချင်း တူနေကြတာ တစ်ကြောင်း စသည်ဖြင့် အရက် မသောက်ကြပါဘူး။ ကောင်းလေစွ။ ကျွန်တော်တို့ လူစုက အရက်ကို အာသွက်လျှာသွက် နဲ့ စကားပြောလို့ ကောင်းဖို့၊ ပျော်ချင်လို့ သောက်ကြရင်းက များများသွားကြတတ်တာ ဆိုးတာ။

ဒီနေ့တော့ မသောက်ဖြစ်ဘူးဗျာ။ မသောက်ဖြစ်ပေမယ့် စကားကတော့ ပြောလို့ ကောင်းပါတယ်။ ကိုယ့်ရဲ့ ခေါင်းကိုက်စရာတွေ ဘေးချိတ်ပြီး သူငယ်ချင်းတစ်ယောက်ရဲ့ ခေါင်းခဲစရာတွေကို ဝိုင်းပြီး ခေါင်းခဲပေးနေကြတာပါ။ သူကတော့ ကျွန်တော်တို့ အနားမှာ မရှိသလို ကျွန်တော်တို့ သူ့အတွက် ဒီလို စိတ်ပူပြီး ဝိုင်းစဉ်းစားပေးနေတယ်ဆိုတာလည်း သိမှာ မဟုတ်ပါဘူးလေ။ ထားလိုက်ပါတော့။ ပြောကြဆိုကြရင်း ကိုသူတော်ရဲ့ လမ်းရွေးဖို့ ကိစ္စကို ရောက်သွားပါတယ်။ သူ့ရဲ့ အလုပ်နဲ့ ကျောင်းကိစ္စပါ။ ကျွန်တော်လည်း လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေချိန် ကိုသူတော့်လိုပဲ ရွေးရကျပ်ဖူးပါတယ်။ အလုပ်ကလည်း နှစ်ရှည်လများ လုပ်လာတာဗျာ။ ကိုယ့်အတွက် ပညာရော၊ အတွေ့အကြုံရော လစာရော အများကြီး ကောင်းတဲ့ ကုမ္ပဏီပါ။ ဝန်ထမ်းတွေအပေါ်ကိုလည်း အများကြီး ဖေးမကူညီတတ်တဲ့ MD ကို အခုချိန်ထိ ကျေးဇူးတင်နေတုန်းပါပဲ။ ဒါပေမယ့် ဘယ်လို အကျပ်အတည်းကြုံရသလဲဆိုတာလေး ပြောပြချင်ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်က အဝေးသင် တက်နေတယ်။ နောက်ဆုံးနှစ် ဓါတုဗေဒပါ။ ကုမ္ပဏီရဲ့ အလုပ်လုပ်ရတဲ့ နေ့တွေက တနင်္လာကနေ သောကြာ၊ စနေနေ့က နေ့တစ်ဝက် ရုံးတက်ရမယ်ပေါ့။ Employment Contract ထဲမှာ အဲဒီလိုပါပါတယ်။ ဒါပေမယ့် စနေနေ့က လူကြီးပိုင်းတွေပဲ ရုံးတက်ရတာများပါတယ်။ ဝန်ထမ်းအငယ်နဲ့ အလတ်ပိုင်းတွေက လူကြီးတွေရဲ့ အလုပ်ပေါ်မူတည်ပြီး သက်ဆိုင်တဲ့ ဌာနက ဝန်ထမ်းအနည်းငယ်ပဲ စနေနေ့တစ်ဝက် တက်ရတာပါ။ ဒါလည်း အရမ်းနည်းပါတယ်။ စနေနေ့တစ်ဝက် ရုံးတက်လိုက်ရတယ်ဆိုတာ တစ်လမှာ တစ်ရက် မရှိသလောက်ပါပဲ။

ဒါပေမယ့် အရမ်းအလုပ်များတဲ့ Project တစ်ခု စတဲ့အချိန်မှာတော့ စနေရော တနင်္ဂနွေရော အလုပ်သွားရပါတယ်။ လူလည်း ပင်ပန်းသလောက် ပညာတွေ အများကြီး ရတဲ့အချိန်ပေါ့။ စနေ၊ တနင်္ဂနွေ ရုံးသွားရလို့ မညည်းညူတဲ့အပြင် ကိုယ်မသိသေး၊ မတတ်သေးတာတွေ သိချင်လွန်းလို့ တက်တက်ကြွကြွ ရုံးတက်ပါတယ်။ အိုဗာတိုင် ရှိလို့ ရုံးတက်ချင်တာတော့ မဟုတ်ပါဘူး။ ပုံမှန်ရုံးတက်ရက်ဖြစ်တဲ့ စနေနေ့တစ်ဝက်တွေမှာ မတက်ခဲ့ရသမျှ အစားပြန်ဆင်းပေးတယ်လို့လည်း ယူဆလို့ရပါတယ်။ စကားစပ်လို့ ပြောရရင် အဲဒီအချိန်တုန်းက ကျွန်တော်က ကျောင်းသင်ခန်းစာထက် ကုမ္ပဏီက ရတဲ့ ကုမ္ပဏီအတွေ့အကြုံနဲ့ ပညာတွေကို ပိုပြီး တန်ဖိုးထား မြတ်နိုးတယ်ဗျာ။ စနေနဲ့ တနင်္ဂနွေနှစ်ရက်မှာ ဝေးလံခေါင်ဖျားတဲ့ အရပ်က ကျောင်းကို သွားတက်ပြီး Practical အမှတ်ကလေးရအောင်ယူ၊ ဟေးလားဝါးလားလုပ် ပြန်လာတာရတာ ငွေကုန်ပင်ပန်းတယ်။ အကျိုးအမြတ်မရှိဘူးလို့ပဲ သဘောထားပါတယ်။ အလုပ်ထဲမှာတော့ ပညာလည်းရ၊ လစာလည်းရ၊ အခြား အခြားသော လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ ကုမ္ပဏီလုပ်ငန်းအတွေ့အကြုံတွေ အများကြီး ရနိုင်တယ်လေ။ နောက်ထပ် အလုပ်သွားချင်ရခြင်း အကြောင်းရင်းက အလုပ်ထဲမှာ တွေ့ရကြုံရ ကိုင်တွယ်ရတဲ့ စက်ပစ္စည်းမျိုးစုံဆိုတာ အခြားနေရာမှာ ကိုင်တွယ်ဖို့ မလွယ်ကူတဲ့ ကွန်ပျူတာနဲ့ Network ပစ္စည်းတွေပါ။ ဒီတော့ ဒီလို အတွေ့အကြုံမျိုးကို ဘယ်လက်လွှတ်ခံချင်ပါ့မလဲဗျာ။

ကျောင်းကလည်း နောက်ဆုံးနှစ်ရောက်နေပြီ။ ဒီနှစ်ပြီးရင် ဘွဲ့စာရွက်လေးတစ်ရွက်တော့ ရမယ်ပေါ့။ အဲဒီအချိန်မှာမှ Network Engineering သင်တန်းကိုလည်း စနေ တနင်္ဂနွေ နှစ်ရက်မှာ တက်နေသေးတယ်ဗျ။ တော်တော်ကျပ်တဲ့ စနေ တနင်္ဂနွေ နှစ်ရက်ပါ။ အလုပ်ကိုလည်း သွားချင်၊ ကျောင်းက ပေးမယ့် အမှတ်ကလေးလည်း ပြေးယူချင်၊ မရှိမဲ့ ရှိမဲ့ ရှာဖွေထားတဲ့ သင်တန်းကြေးနဲ့ တက်နေရတဲ့ Network သင်တန်းက လည်း လက်မလွှတ်ချင်ဖြစ်နေတာပေါ့။

ဒါနဲ့ ဘယ်လို လုပ်ရလဲဆိုတော့ ကျောင်းက Practical ချိန် များတဲ့ ရက်ဆိုရင် ကျောင်းကို ပြေး၊ သင်တန်းက ကိုယ်မသိသေးတဲ့အပိုင်း သင်မယ့်နေ့ဆိုရင် သင်တန်းကိုပြေး၊ အလုပ်က အရေးကြီးတဲ့ အပိုင်း၊ ကိုယ် အရမ်းစိတ်ဝင်စားနေတဲ့အပိုင်းဆိုရင် အလုပ်ကိုပြေးပေါ့။ တခါတလေ မနက်ပိုင်း သန်လျင်တာဝကနေ နေ့တစ်ဝက် အရေးကြီးတဲ့ Practical အမှတ်ကလေး သွားယူလာပြီး အလုပ် ဒါမှမဟုတ် သင်တန်းကို ပြေးရတဲ့ ရက်တွေ ရှိပါတယ်။ သန်လျင်တာဝကိုလည်း ရောက်ဖူးတဲ့သူတွေ သိပါလိမ့်မယ်။ ကျောင်းကို တစ်နေကုန် ဟိုမှာ သွားတက်ပြီးရင် အိမ်ပြန်ရောက်လို့ကတော့ မလှုပ်ချင် မကိုင်ချင် ဖြစ်သွားစေတဲ့ နေရာမှာ ရှိတာပါ။ အသွားအပြန်လုပ်ရတာ အရမ်းပင်ပန်းပါတယ်။ ကားတွေကလည်း အရမ်းကျပ်ပါတယ်။ အသက်ရှုတာတောင် ဘယ်နေရာက လေကို ရှုရမှန်း မသိအောင်ကို ကျပ်တာပါ။ ကားစီးရတာနဲ့တင် ဘာမှ မလုပ်ချင်တော့ဘူး။ အခုတော့ ပါရမီလို ကားကြီးတွေများလာတော့ ချောင်မယ်ထင်ပါတယ်။ ကျွန်တော်တို့တုန်းကတော့ မီနီဘတ်စ်တွေပဲ အဓိက စီးရတာပါ။

အချိန်စီမံခန့်ခွဲမှုတို့ဘာတို့ကိုလည်း ငယ်ငယ်က အဖေ လစဉ်ဝယ်ပေးတဲ့ ဓန၊ မြန်မာ့ဓန၊ ကြီးပွားရေးတို့မှာ ဖတ်ဖူးနေလို့ အရင်တုန်းက စာအုပ်ထဲမှာ သိခဲ့ပါတယ်။ ကိုယ်တိုင်ကြုံတော့ တကယ် မလွယ်ပါဘူး။ ဦးငွေသိန်းရဲ့ ကုမ္ပဏီလမ်းညွှန် ပညာဒါန သင်တန်းတွေမှာလည်း Time Log ပုံစံတွေ သင်ရဖူးပါတယ်။ အလုပ်ချိန်(အခြား စာဖတ်ချိန်၊ အင်တာနက်သုံးချိန်ဖြစ်ဖြစ်ပေါ့)ကို နာရီနဲ့ ပိုင်းပြီး ဘယ်အချိန်မှာ ဘာလုပ်ခဲ့တယ်။ ဘယ်လောက်ထိ ပြီးပြီ၊ ဘာတွေ ဆက်လုပ်ဖို့ ကျန်ဦးမယ် စသည်ဖြင့် မှတ်တမ်းတင်ရတဲ့ နည်းတွေ ခေါင်းထဲမှာတော့ ရှိပါတယ်။ လက်တွေ့မှာတော့ တတ်နိုင်သလောက်လုပ်၊ အချို့ဟာတွေကတော့ အဆင်ပြေသလိုပေါ့။ လုံးဝ စာရင်းဇယားနဲ့ မလုပ်တာထက်စာရင် အဲဒီလို အလုပ်စာရင်းကို ဇယားထဲ ထည့်ဆွဲပြီး လုပ်တော့ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရတာ လွယ်ပါတယ်။

ရေးတာကတော့ ရှည်နေပြီ။ ပြောချင်တာက အခုထိ မရောက်သေးဘူး။ လမ်းရွေးဖို့ ကြုံလာရင် ဘယ်လိုရွေးသလဲဆိုတာလေးကို ကျွန်တော့်အတွေ့အကြုံနဲ့ ဖောက်သည်ချချင်တာပါ။ ကျွန်တော်ကတော့ အဲဒီနှစ် စာမေးပွဲ မဖြေလိုက်ရပါဘူး။ အလုပ်ကို ပိုပြီး ဦးစားပေးလိုက်တာပါ။ သင်တန်းကလည်း ရက်အပြည့် မတက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီ သင်တန်းကနေ မသိသေးတာတွေ မတတ်သေးတာတွေ အများကြီး သိလာရတဲ့အတွက် အခုချိန်ထိ အမှတ်ရနေပါတယ်။ Network Engineering Diploma စာမေးပွဲကတော့ မဖြေလိုက်ရပါဘူး။ ကျွန်တော်တို့ သင်တဲ့ အပတ်စဉ်မှာပဲ အဲဒီ စာမေးပွဲကို ရပ်လိုက်လို့ပါ။ သင်တန်းက ပေးတဲ့ Certificate ပဲ ရခဲ့ပါတယ်။ အရင်တုန်းက မပြီးခဲ့သေးတဲ့ NCC လမ်းကို ဆက်လျှောက်ဖို့ အခွင့်မသာခဲ့ဘူးပေါ့။

အဲဒီတော့ သုံးခု တစ်ပြိုင်နက်လုပ်ရာမှာ ကျောင်းက ဘွဲ့မရခဲ့ဘူး။ သင်တန်းက Diploma နဲ့ ရှေ့ဆက်တက်ဖို့ အစီအစဉ်တွေ မဖြစ်ခဲ့ဘူး။ အလုပ်ကရခဲ့တဲ့ ပညာနဲ့ အတွေ့အကြုံတွေကတော့ အခုချိန်ထိ အများကြီး အသုံးချနေရတုန်းပါပဲ။ ကျွန်တော် ဒီလိုပြောတော့ အလုပ်ကိုပဲ အမြဲဦးစားပေးရမယ်လို့ ဆိုလိုတယ်လို့တော့ မယူဆပါနဲ့။ ကျွန်တော် ဆိုလိုချင်တာက လက်ရှိအချိန်မှာ အကျိုးအရှိဆုံးဖြစ်နိုင်မယ့် လက်တွေ့ကျတဲ့ လမ်းကိုပဲ ရွေးသင့်တယ်လို့ ဆိုချင်တာပါ။

ကျောင်းကိုပဲ ဆက်တက်ပြီး တစ်ချိန်မှာ အလုပ်ကောင်းကောင်း ရသွားနိုင်တာပါပဲ။ သင်တန်းကတော့ နောင်တစ်ချိန် ပိုက်ဆံနဲ့ အချိန်ရှိရင် အချိန်မရွေးတက်လို့ရနိုင်ပါတယ်။ ကျွန်တော့်နေရာမှာ လက်တွေ့ကျကျ စဉ်းစားမယ်ဆိုရင်တော့ ပညာ၊ အတွေ့အကြုံ၊ အဆက်အသွယ်၊ ငွေကြေး အားလုံးကို တစ်ပြိုင်နက်တည်းရနေတာက ကုမ္ပဏီမှာပါ။ နှစ်ရှည်လများ လုပ်ခဲ့တဲ့ သံယောဇဉ်တွေလည်း ပါပါတယ်။ ခြောက်နှစ်ခွဲလောက် အတူတူလုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းတွေပါ။ သူတို့က ကျွန်တော်မြင်ဖူးသမျှ အကောင်းဆုံးဝန်ထမ်းတွေလို့ ပြောလို့ရပါတယ်။ စိတ်ဓါတ်ပိုင်းရော၊ ပညာပိုင်းရော အရမ်းပြည့်ဝကြပါတယ်။ ကျွန်တော်က ကုမ္ပဏီမှာ အသက်တော်တော်ငယ်တဲ့ အထဲမှာ ပါပါတယ်။ ကျွန်တော့်ကို သူတို့ရဲ့ ညီအရင်း၊ မောင်အရင်းတစ်ယောက်လို သင်ပြပေးခဲ့တဲ့ ကျေးဇူးတွေ မနည်းပါ။ အခု ကျွန်တော် မြင်သမျှ ကြားသမျှ ကုမ္ပဏီတွေ တော်တော်များများကတော့ ဝန်ထမ်းအချင်းချင်း စည်းကမ်းတကျမဟုတ်တဲ့ အပြိုင်အဆိုင်တွေ အရမ်းများပါတယ်။ ဝန်ထမ်းအသစ်တစ်ယောက်ကို လက်တွဲခေါ်ဖို့ထက် အပေါ်မတက်နိုင်အောင် ကန်ချမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ဝန်ထမ်းတွေချည်းလိုလိုပါပဲ။

ဘွဲ့လက်မှတ်ဆိုတာလည်း အရေးပါပါတယ်။ အခြားသော ပြင်ပ သင်တန်းတွေဆိုတာလည်း အရေးကြီးပါတယ်။ လက်တွေ့လုပ်ငန်းခွင်ဆိုတာလည်း အဓိကကျပါတယ်။ ကျောင်းသင်ခန်းစာ ပညာရေးကို Academic ၊ ပြင်ပသင်တန်းကို Professional ၊ ကုမ္ပဏီမှာကတော့ Practical Experience ပေါ့ဗျာ။ အားလုံးကတော့ လိုအပ်တာချည်းပါပဲ။ ဘယ်ဟာကို ဦးစားပေးရမယ်ဆိုတာကတော့ အခုနက ပြောခဲ့သလို လက်ရှိအချိန်မှာ လက်တွေ့ကျနေတာကိုပဲ ဦးစားပေးရွေးချယ်ရမှာပါ။ ဘယ်တော့ အသုံးဝင်မယ်မှန်း မသိတဲ့ Academic ပညာရေးက ငါ့အတွက် အရေးမပါဘူးလို့လည်း မပြောနိုင်ပါ။ ပြင်ပသင်တန်းတွေကလည်း စာသင်ခန်းပညာရေးနဲ့ အလုပ်ခွင်ရဲ့ ကြားထဲမှာ ပေါင်းကူးဆက်စပ်ပေးမှာ ဖြစ်လို့ အရေးပါပါတယ်။ လက်တွေ့လုပ်ငန်းခွင်ရဲ့ အရေးပါပုံကတော့ ပြောစရာမလိုပါဘူးဗျာ။ ဒါပေမယ့် သူ့ကိုချည်းပဲ ဦးစားပေးရမယ်လို့တော့လည်း မဟုတ်ပါဘူး။ ကိုယ့်ဘဝ တိုးတက်မြင့်မားဖို့ဆိုတာ သူ့ပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဆက်ပြီး တိုးတက်ဖို့ လမ်းမမြင်ဘူးဆိုရင်လည်း စွန့်ခွာဖို့ ဝန်မလေးသင့်ပါဘူး။ ကျွန်တော်ဆိုရင်လည်း အလုပ်သံယောဇဉ်၊ လုပ်ဖော်ကိုင်ဖက်သံယောဇဉ်၊ လစာငွေကြေးနဲ့ အမျိုးမျိုးသော ခံစားခွင့်တို့ကို စွန့်လွှတ်ပြီး ကိုယ်ဘဝတိုးတက်မယ်လို့ ယူဆတဲ့ လမ်းပေါ် လျှောက်ခဲ့တာပါပဲ။ ကျွန်တော်လုပ်ခဲ့တဲ့ ကုမ္ပဏီရဲ့ ခံစားခွင့်တွေဆိုတာက နိုင်ငံခြားကုမ္ပဏီကြီးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ပေးတဲ့ ခံစားခွင့်တွေပါ။ ဒါပေမယ့် ဒါတွေကို တွယ်ဖက်ပြီး ကိုယ်က တစ်နေရာတည်းမှာ သေနေရမယ်ဆိုရင်တော့ ကျွန်တော်က ပျင်းပါတယ်။ စွန့်စွန့်စားစားလေးမှ မရှိရင် လူက ငဖျင်းကြီး ဖြစ်သွားမှာပေါ့။

ဒါနဲ့ စကားထပ်ပြီး ဆက်လိုက်ဦးမယ်။ ပုံမှန် ရုံးတက်ရုံးဆင်းအလုပ်တွေကိုတော့ ကျွန်တော် အဲဒီ ကုမ္ပဏီမှာတင် တော်တော်အီသွားတယ်ဗျာ။ ဒါကြောင့်လည်း Freelance ဆိုတာကြီးကို ရင်ခုန်လာတာလား မသိ..။ အဲဒီအကြောင်းတွေ နောက်မှပြောဦးမယ်..။

အစစ အရာရာ အဆင်ပြေကြပါစေဗျာ..။