Monday, September 29, 2008

My Music

အခုတလော ခပ်ကြမ်းကြမ်းတွေပဲ နားထောင်ဖြစ်နေတယ်ဗျာ။ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တာကလည်း ခပ်ကြမ်းကြမ်းတွေပဲကိုးဗျ။ ငယ်ငယ်ကတည်းကဆိုလို့ အခု အသက်သိပ်ကြီးနေပြီလို့တော့လည်း မထင်နဲ့ပေါ့ဗျာ။ ဟဲ ဟဲ..။ သီချင်းဆိုရင် Vamp သံ ခပ်ပြင်းပြင်းနဲ့မှ သီချင်းလို့ ယူဆသလို ဖြစ်နေတယ်ဗျာ။ အခြားသီချင်းတွေလည်း ကျွန်တော်နားထောင်ပါတယ်။ ကြိုက်တဲ့ သီချင်းတွေလည်း အများကြီးပါ။ ဒါပေမယ့် သံစဉ်ခပ်ပြင်းပြင်းနဲ့ ဖောက်ခွဲရေး ဂီတတွေကိုမှ သိပ်ကြိုက်နေမိတယ်။

ကိုကြီးလေးဖြူရဲ့ ခဏလေးများ၊ ကိုကြီးအငဲရဲ့ ဇစ်မြစ်၊ ကိုမျိုးကြီးရဲ့ နိစ္စဓူဝနဲ့ Live Show ဒါတွေကတော့ တစ်နေ့ကို အနည်းဆုံး ၂ ခေါက် ၃ ခေါက်လောက်ကို မကြည့်ရရင် မနေနိုင်ဘူးဗျာ။ ကိုချစ်စမ်းမောင်ရဲ့ ဂစ်တာသံ အင်ထရိုဝင်လာတာနဲ့ ကျွန်တော်လည်း ဂစ်တာကိုကောက်ကိုင် သီချင်းရဲ့ စည်းချက်အတိုင်း ခုန်ပေါက် စီးမြောလိုက်ရမှ အဲဒီနေ့အတွက် ပြီးပြည့်စုံတယ်လို့ ခံစားရတယ်။ တနေကုန်လည်း ဒီသီချင်းတွေထဲမှာပဲ အချိန်ကုန်နေတာပဲလေ။ အခြားလည်း ကျွန်တော့်အတွက် ထွေထွေထူးထူး လုပ်စရာမှ မရှိတာ။

ကျွန်တော်ကြိုက်တဲ့ သီချင်းတွေက ခဏလေးများထဲကဆိုရင် မင်းမှ မင်းပဲ၊ ခဏလေးများ၊ သတ္တိမရှိတော့ဘူးနဲ့ သိချင်တယ်ဆိုတဲ့ သီချင်းတွေကို ကြိုက်တယ်ဗျာ။ ကိုကြီးအငဲရဲ့ ဇစ်မြစ်ထဲက ဆိုရင် နွံဆိုတဲ့ သီချင်းရယ် ဆောက်တည်ရာမဲ့ဆိုတဲ့ သီချင်းတွေကို ဂစ်တာတီးပြီး လိုက်ဆိုဖြစ်တယ်။ ကိုမျိုးကြီးရဲ့ နိစ္စဓူဝထဲက နိစ္စဓူဝ၊ နားနားပြီးပြော၊ ဓါတ်ပြားဟောင်းကြီးတို့ကို တော်တော်ကြိုက်တယ်။ စကားမစပ် အဖေကတော့ ကိုမျိုးကြီးရဲ့ နိစ္စဓူဝကို Daily Routine လို့ ဘာသာပြန်ထားတယ်ဗျ။ ကိုမျိုးကြီးကတော့ Album Cover မှာ Always လို့ ဘာသာပြန်တယ်။

အဖေဆိုလို့ဗျာ။ ကျွန်တော့်အဖေအကြောင်း ပြောရဦးမယ်။ ကျွန်တော်နဲ့ အဖေနဲ့ တစ်နေ့ တစ်နေ့ အိမ်မှာ သီချင်းလုဖွင့်ရတာလဲ အလုပ်တစ်ခုဗျ။ သူကြိုက်တဲ့ သီချင်းတွေ ကျွန်တော်လည်း ကြိုက်ပါတယ်။ အခု ကျွန်တော်နားထောင်နေတဲ့ သီချင်းတော်တော်များများကလည်း သူနားထောင်လို့ ကျွန်တော် လိုက်နားထောင်ရင်းနဲ့ အရမ်းကြိုက်သွားမိတဲ့ သီချင်းတွေပါ။ ဒါပေမယ့် သူက တယောတွေ တပြုံကြီးတီးတဲ့ ရှေးဟောင်း ဂန္ဓဝင်သီချင်းကြီးတွေ ဘာတွေ ဖွင့်ရင်တော့ ကျွန်တော် နားမဝင်ဘူးဗျ။ ကျွန်တော်လည်း အဖေ့လောက် သီချင်းပေါင်းစုံနားမထောင်ဖူးသေးပေမယ့် ဂီတအမျိုးအစား တော်တော်များများတော့ ကြားဖူးနားဝ ရှိအောင် နားထောင်ဖူးပါပြီ။ အဓိကကတော့ အဖေ ဝယ်ထားတာတွေကို စနားထောင်ဖြစ်တာပေါ့။ Country, Classic Rock, Rock & Roll, Heavy Rock, Alternative, Modern Rock, Hip Hop, Rap Metal တော်တော်များများတော့ နားထောင်ပါတယ်။ ဒါပေမယ့် အကြိုက်ဆုံးကတော့ Metal တွေပဲဗျို့။ ဒါပေမယ့် Elvis Presley ရဲ့ သီချင်းတွေကိုလည်း တော်တော်လေး နားထောင်ဖြစ်တယ်။


ပြည်တွင်းအဖွဲ့တွေထဲက နောက်ထပ် ကျွန်တော်ကြိုက်တာ ပြောရဦးမယ်။ The Ants ပေါ့ဗျာ။ သူတို့ရဲ့ သီချင်းတွေနဲ့ ကျွန်တော် ကြီးလာတာလို့ ပြောလို့ရတယ်။ ပထမ၊ ဒုတိယ၊ တတိယထဲက သီချင်းတွေ အကုန်လုံးကြိုက်တယ်။ ဒီဒိုဒီးကတော့ နံပါတ်တစ်ပေါ့ဗျာ။ Big Bag တို့ လို Punk တွေ ဘာတွေတော့ ကျွန်တော်မကြိုက်ဘူးဗျ။ Offspring ရဲ့ Why Don't You Get A Job ? တို့၊ Pretty Fly for A White Guy တို့ဘာတို့တော့ ကြိုက်သားဗျ။ နောက်ပြီးတော့ Blink 182, Sum 41 ကြိုက်တယ်။ ကျားပေါက်ပြန်ဆိုတာကိုသာ မကြိုက်တာ။ မူရင်းသီချင်းတွေတော့ ကြိုက်တယ်။

နိုင်ငံခြားအဖွဲ့တွေထဲက ကျွန်တော်ကြိုက်တာတွေလား..။ အများကြီးဗျ။ အရင်တုန်းက အပေါ်မှာ ပြောခဲ့တဲ့ Offspring တို့လို Punk တွေ ကြိုက်တယ်။ နောက်ပိုင်းတော့ Rammstein ကို ဘယ်လိုကြိုက်မှန်းမသိအောင်ကို ကြိုက်သွားတယ်ဗျာ။ Du Hast က စပြီးနားထောင်ဖြစ်တာ။ နောက်ပိုင်း Rammstein ဆိုရင် မကြိုက်တဲ့သီချင်း မရှိသလောက်ပဲ။ အကြိုက်ဆုံးတွေကတော့ Du Hast, Seemann, Ich Will, Bayern Des Samma Mia, Amerika တို့ကို ခဏ ခဏ နားထောင်ဖြစ်တယ်။ နားထောင်တိုင်းလည်း ရိုးမသွားဘူး။


ပြီးတော့ နောက်တစ်ဖွဲ့ရှိသေးတယ်။ သိပ်ခမ်းနားတဲ့ အဖွဲ့ပေါ့ဗျာ။ Metallica လေ။ Vamp သံပြင်းပြင်းတွေ ကြိုက်တဲ့ ကျွန်တော့်အတွက်တော့ Metallica ကို ဂီတဘုရားတစ်ဆူလို့ သတ်မှတ်ထားတာပေါ့ဗျာ။ San Francisco Symphony Orchestra နဲ့ တီးထားတဲ့ Live ရယ် St. Anger ရယ်ကတော့ အခုတလော ကျွန်တော် အရူးအမူး ကြွေနေတဲ့ Album တွေပေါ့ဗျာ။


ကြိုက်တာတွေ တန်းစီရေးနေရရင် ပြီးမှာတော့ မဟုတ်ဘူးဗျာ။ ကျွန်တော့်ရဲ့ ကိုယ်တိုင်ဆိုတီးနေတာရော ခင်ဗျားတို့ မကြည့်ချင်ဘူးလား။ နည်းနည်းတော့ သည်းခံပြီး ကြည့်သွားပါဦးဗျာ။ ဝါသနာရှင်ဆိုတော့ အဆိုအတီး က ပညာရှင်တွေလောက်တော့ ကောင်းမှာ မဟုတ်ဘူး။



သြော်..။ တစ်ခုတော့ ပြောရဦးမယ်ဗျ။ ဒီပို့စ်က ကျွန်တော့်ကိုယ်စား အဖေ့ကို ရေးခိုင်းထားတာပါ။ ကျွန်တော်ပြောရင် ခင်ဗျားတို့က နားလည်မှာ မဟုတ်ဘူးလေ။ ကျွန်တော်က မောင်မောင်ဇော်လတ်ကို မောင်မောင်ဂျော်လတ်၊ လေးဖြူကို လေးခြူ၊ Rammstein ကို ရန်ချိုင်း၊ Metallica ကို မက်ယယ်ယီကာ အဲဒီလိုတွေ အသံထွက်တာဗျ။ ကျွန်တော့်အသက်က ၂ နှစ် ခွဲတောင် မရှိသေးဘူးဗျ။ ဒါပေမယ့် A,B,C,D,E,F ပြီးရင် Gtalk ဆိုတာတော့ ဆိုတတ်ပါတယ်ဗျ။ အဖေနဲ့လည်း လုပြီး ဂျီတော့တတ်နေပါပြီ။ နောက်မှ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘလော့ရေးတဲ့အခါ လာဖတ်ကြပါဦးနော်။