Monday, September 1, 2008

DVB သို့ ဖြေရှင်းချက်

တကယ်ဆိုရင် မီဒီယာတွေနဲ့ ဟိုဟာရှင်းလိုက်၊ ဒီဟာ ရှင်းလိုက် တော်တော်များနေတော့ မလုပ်ချင်တော့တာ အမှန်ပါပဲခင်ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ ဘလော့ဂါတွေ လုပ်တဲ့ seminar ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းလေးတွေကို နားလည်မှုလွဲစေမယ့် သတင်းမျိုးကိုတွေ့ရလို့ အခုလို ရေးမိတာပါ။ ဒီခေတ်ကြီးမှာ သင်စရာ၊ ယူစရာတွေကို ဒီကနေ ဒီလို ယူလို့ရပါလားဆိုတဲ့(နည်းပညာပျံ့ပွားရေး)၊ ကိုယ်ပိုင် အနုပညာတွေကို ဖော်ထုတ်ပြသနိုင်ခွင့်ရှိပါလားဆိုတဲ့(အနုပညာအခွင့်အလမ်း)၊ အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့အဆင့်အထိ အကျိုးပြုနိုင်ပါတယ်ဆိုတဲ့(စီးပွားရေးအခွင့်အလမ်း)၊ ဘလော့ဂ်ပေါ်မှာ ဒါတွေတော့ စောင့်ထိန်းလိုက်နာသင့်ပါတယ်ဆိုတဲ့(ကျင့်ဝတ်) စသည်ဖြင့် ပြောကြဆိုကြ ဆွေးနွေးကြဖို့ လုပ်ထားတဲ့ seminar တစ်ခုပါ။ အခုလိုမျိုး စစ်အစိုးရက ပိတ်ပင်ပါတယ်ဆိုပြီး သတင်းလုပ်လိုက်တော့ နားလည်မှုလွဲစရာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်ခင်ဗျာ။ အဲဒီအတွက် DVB သို့ http://burmese.dvb.no/news.php?id=5502 သတင်းအား အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးပါရန် မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်ခင်ဗျာ။

**ကိုဇော်ဇော်ရဲ့ ဘလော့ပို့စ်မှ ကူးယူဖော်ပြပါသည်။**
** ကျွန်တော် ဒီကနေ့ ရက်စွဲနဲ့ DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ ဘလောက်နည်းပညာဟောပြောပွဲ စစ်အစိုးရက ပိတ်ပင် ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ အချက်အလက်တွေကို ပြောချင်ပါတယ်။ အခုပြောတဲ့သတင်းကို ကျွန်တော့် သူငယ်ချင်း ပင့်ကူကနေ ကြားသိလာတာဖြစ်ပြီး ကိုဖိုးသူတော်ကို ပြောရာက ကျွန်တော်သိခဲ့တာဖြစ်ပါတယ်။ အဲဒီသတင်းကို ဖတ်ကြည့်တဲ့ အခါမှာ အချက်အလက်တွေ မှားယွင်းနေတဲ့ အပြင် ကျွန်တော်တို့ပွဲစီစဉ်သူတဦးဦးက ပြောကြားထားတဲ့ ပုံစံမျိုးလဲပေါက်နေတာတွေ့ရပါတယ်။

တကယ်တော့ ယခုနှစ်ပွဲကို ကျွန်တော်တို့နဲ့အတူ မြန်မာနိုင်ငံကွန်ပျုတာ ပညာရှင်အသင်းနဲ့ ပူးတွဲ တင်ဆက်ဖို့နဲ့ အသေအခြာပြောရရင် အဲဒီအသင်းရဲ့ အောက်ကနေ ကျွန်တော်တို့ ပြုလုပ် ဖို့စီစဉ် ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဘလောက်တွေကို အများက နိုင်ငံရေးအသုံးချပစ္စည်းတစ်ခု အဖြစ်ဘဲ မြင်နေတာရယ်၊ အများက ဘလောက်ဂါဆိုရင် ဒီလိုချည်းဘဲ ဆိုတဲ့ အမြင်တွေကို ခွာချ ပြီး အင်တာ နက်ပေါ်က နည်းပညာတွေနဲ့ ကျွန်တော်တို့ အတွေ့အကြုံတွေ ၊ အခွင့်အလမ်းတွေကို ပြောပြပေးချင်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတော်အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်သလို ကျွန်တော်တို့ အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံ ကွန်ပျုတာ ပညာရှင်များအသင်း ကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ အစဦးပိုင်းမှာ သဘောတူညီမှုတွေရခဲ့ ပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ကွန်ပျူတာပညာရှင်များမဟုတ်တဲ့အတွက် အခု ပွဲကို ဦးဆောင်ပေးဖို့ရာမဖြစ်နိုင်တော့တဲ့အကြောင်း ပြောခဲ့တာကြောင့် တူတူမလုပ်နိုင်တော့တာဖြစ်ပြီး။ သူတို့ ဦးဆောင်မှုမပါ ဘဲ ကျွန်တော်တို့ ကိုယ်တိုင် ဆက်လက် ပြုလုပ်နိုင်တဲ့ အကြောင်းလဲ သိရပါတယ်။ ဒါပေမယ့် နီးကပ်နေတဲ့ အချိန်၊ စီစဉ်စရာအများအပြားနဲ့ အခြားသော မလိုလားအပ်တဲ့ ပြဿနာများ ပေါ်ပေါက်လာမှာ စိုးရိမ်တဲ့အတွက်ကြောင့် ဆက်မလုပ်ဖို့ရာ ကျွန်တော်တို့ပွဲစီစဉ်သူများက ဆုံးဖြတ်လိုက်တဲ့အတွက် မလုပ်ဖြစ်တော့တာလဲဖြစ်ပါတယ်။ လုံးလုံးလျားလျား ပိတ်ပင်တယ်ဆိုတဲ့ ဖိအားပေးမှုများ ကျွန်တော်တို့ အပေါ်ကို မကျရောက်ခဲ့ပါဘူး။ကျွန်တော်တို့ ရည်ရွယ်ချက်က ရိုးသားပါတယ်၊ သူတပါး အသုံးချခံမဖြစ်ချင်ပါဘူုး။

ပြုလုပ်မယ့်နေရာကလဲ မြန်မာအင်ဖိုတက်အဆောက်အဦးသာဖြစ်ပြီး မနှစ်ကပွဲမှာလဲ အားပေးလေ့လာသူ ၆၀၀ ကျော်တက်ရောက်ခဲ့တဲ့ အောင်မြင်တဲ့ ပွဲတခုဖြစ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ ပွဲနဲ့အခုပွဲရဲ့ အဓိက ဦးတည်ချက်ကတော့ ကျွန်တော်တို့အနေနဲ့ မြန်မာ လူငယ်လူကြီးမရွေး လက်တကမ်းက နည်းပညာနဲ့ ဗဟုသုတတွေ အခွင့်အလမ်းတွေ တိုးပွားစေချင်တာဘဲဖြစ်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ အခုလို မည်သည့်သတင်းဌာနကိုမှ ဆက်သွယ်ပြောဆိုခြင်းများမရှိသလို သတင်းရေးတဲ့သူတွေကလဲ ကာယကံရှင်တွေ ရဲ့ ပြောစကားမဟုတ်တဲ့ ကိုးကားသတင်းတွေကို ထင်ယောင် ထင်မှားဖြစ်အောင် တဆိတ်ကိုတအိတ်လုပ်ပြီး ပြောဆိုရေးသား ဖော်ပြတာတွေကို ဆက်မလုပ်စေချင်ပါဘူး။

စာဖတ်သူအနေနဲ့ အခုပေးထားတဲ့ သတင်းကိုဖတ်ပြီး ချင့်ချိန်နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။**