Tuesday, August 5, 2008

Google Account was Disable

Sorry, Your Account is Disable

ဘာကြောင့်မှန်းတော့ သေချာ မပြောတတ်သေးဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော့်ရဲ့ Google Account ကို Sign In လုပ်တော့ အပေါ်မှာ ပြထားတဲ့ Error လေးပြပြီး Disable ဖြစ်သွားတယ်ဗျာ။ Password Reset လည်း လုပ်လို့မရ။ Hijack Form ဖြည့်ပြီး ပို့တော့လည်း ပြန်မရပါဘူး။ မနေ့ကတော့ Password Reset ပြန်လုပ်လို့ရသွားတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတယ်ဆိုတာ အတိအကျတော့ မပြောတတ်သေးပါဘူး။ ထင်ရာ မြင်ရာ ရမ်းသန်းပြီးလည်း မပြောချင်ဘူး။ ဒီဘလော့နဲ့ ဒီအကောင့်ကိုတော့ သံယောဇဉ်ကုန်ချင်သလိုဖြစ်နေတာ ကြာပြီ။ နောက်တစ်ခုစဖို့တောင် ပြင်ဆင်နေသေးတယ်။ အခုတော့ ကျွန်တော့် အကောင့် ပြန်ရပြီ။ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလားတောင် မသိတော့ဘူး။ ဒီအကောင့် ဝင်လို့မရတော့လို့ဆိုပြီး နောက်တစ်ခု ပြန်စမလို့ ပြင်နေတာ အခုတော့ ဒီမှာပဲ ဆက်ကစ်လိုက်ဦးမယ်။ ဘာပဲဖြစ်ဖြစ် ဒီဘလော့ကိုတော့ လုံးလုံး ပြတ်နိုင်သေးတာလည်း မဟုတ်ပါဘူး။ ဒီဘလော့လေးနဲ့ ပတ်သတ်ပြီး အမှတ်ရစရာတွေ၊ ခင်မင်လာရတဲ့ သူငယ်ချင်းတွေ၊ သိလာ၊ တတ်လာရတာတွေက လွယ်လွယ်မေ့လို့ ရတာမှ မဟုတ်တာ။

Google Account လေး ပြန်ရတော့ ပို့စ်အဟောင်းလေးတွေ၊ အီးမေးအဟောင်း၊ ချက်လော့အဟောင်းတွေ ပြန်ဖတ်ပြီးတော့ အဲဒီတုန်းက ဘယ်လို ဘယ်ဝါဆိုတာ ပြန်စဉ်းနေမိသေးတယ်။ အထူးသဖြင့် မနှစ်က လူစုံတက်စုံ နိုင်ငံအစုံက သူငယ်ချင်းတွေ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ Blog Day Seminar ကို သတိရတယ်ဗျာ။ ဒီနှစ်တော့ ဘာမှ မလုပ်ဖြစ်တော့ပါဘူး။ အရင်လပိုင်းတွေကတော့ အချင်းချင်းတွေ့ရင် ပြောဖြစ်ကြသေးတယ်။ လုပ်ချင်တဲ့ အစီအစဉ်လေးတွေကို ညှိကြနှိုင်းကြသေးတယ်။

ကျွန်တော် စဉ်းစားမိတာက Blogger Workshop လေးတစ်ခုလောက်ဖြစ်ဖြစ် လုပ်ကြမလားလို့ပါ။ အခုနောက်ပိုင်းမှာ မြန်မာဘလော့စုစုပေါင်း ခန့်မှန်းခြေအားဖြင့် ၅၀၀၀ လောက် ရှိလာပြီထင်ပါတယ်။ အရေအတွက်ရော၊ အရည်အချင်းပါ ကိုယ့်ထက် သာတဲ့သူတွေ အများကြီး တိုးတက်လာကြတာ တော်တော်လေးကို ဝမ်းသာစရာပါ။ တခါတရံ တွန်းတွန်းတိုက်တိုက် ကစားမိတာတော့ ရှိကြမှာပေါ့လေ။ ဒါကတော့ ရှောင်လို့မရနိုင်ပါဘူး။ အချိန်တန်တော့လည်း ပြီးသွားကြတာပါပဲ။

အရမ်းကောင်းတဲ့ ဘလော့တွေ အများကြီးတွေ့တယ်ဗျ။ လိုက်ဖတ်နေရတာနဲ့တင် အသစ်ရေးဖို့ အချိန်မရှိဘူး။ ရေးတဲ့အပိုင်းကို နားပြီး ဖတ်တဲ့အပိုင်းကို ပိုလုပ်ဖြစ်နေတယ်။ စာဖတ်ချင်တဲ့ လောဘကြီးတာလဲ ပါတာပေါ့လေ။ အပြင်စာတွေတောင် သိပ်မဖတ်ဖြစ်တော့ဘူး။ ဘာပဲပြောပြော ဘလော့တွေ တိုးပွားလာတဲ့အတွက် ကျွန်တော်တို့ တစ်ထိုင်တည်းမှာတင် နေရာဒေသမျိုးစုံက အကြောင်းအရာမျိုးစုံကို အချိန်ခဏလေးအတွင်း လေ့လာခံစားနိုင်ပြီ။ ကျွန်တော်တို့ဆီမှာ ဘယ်မဂ္ဂဇင်း၊ ဂျာနယ်မှာမှ ပါဝင်ခွင့်၊ ဖော်ပြခွင့် မရရှိသေးတဲ့ သုတ၊ ရသ မျိုးစုံကို ဖတ်ရှုလေ့လာနိုင်ပြီ။ ဘယ်လောက်ကောင်းလိုက်သလဲ။ ရေးကြပါဗျာ။ တတ်နိုင်သလောက်လိုက်ဖတ်ပါမယ်။ ခင်ဗျားတို့ဆီက ကျွန်တော် သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။

ဒီနှစ်အတွက် ဘလော့ဒေး ဘယ်လိုလဲ၊ ဘာလဲ ဆိုတဲ့ မမီရေ။ ဒီနှစ်တော့ ကျွန်တော်တို့လဲ နာဂစ်ပြန်လည်ထူထောင်ရေးလုပ်နေကြတာနဲ့ အချိန်မရတာရောကြောင့် ဘာမှ မလုပ်ဖြစ်တာပါ။ ဒါပေမယ့် ဒီလူတွေက နောင်နှစ်၊ နောင်နှစ်တွေမှာ ထူးခြားဆန်းသစ်သော အစီအစဉ်မျိုးစုံကို ဘလော့ဂါတွေ စုံစုံလင်လင်နဲ့ တပျော်တပါး လုပ်သွားကြဦးမှာပါ။ (နောင်တစ်နှစ်တောင် စောင့်ရဦးမှာဆိုတော့ အေးဆေးပေါ့ :D )


ကိုပွတ်ရဲ့ ဘလော့တိုင်းအတွက် ပို့တုန်းက ပုံလေးတွေ အမှတ်တရ ပြန်တင်လိုက်ပါတယ်ခင်ဗျာ။