Sunday, August 31, 2008

၃၁ August မနက်

လာဗျာ
ကဗျာတစ်ပုဒ်နဲ့ မူးအောင်သောက်မယ်
အတ္တနည်းနည်းလျော့ထည့်ပါ

ခင်ဗျာ !!
အမြည်းမရှိတော့ဘူးလား
ခင်ဗျား ပါးစပ်က ထွက်ကျလာမယ့် စာတစ်ကြောင်း
အစားကောင်းကောင်းထက် မက်ပါတယ်ဗျ

ဟုတ်ကဲ့
အရာရာကို မဟုတ်ကဲ့နိုင်ရင်တောင်
ဘာလာလာ ငြင်းစရာချည်းမဟုတ်ပါဘူး
I, You, We, They တွေ ထားခဲ့ရအောင်လားဗျာ
(ပြောလို့ဆိုလို့ ကောင်းအောင်)

ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်း
ကွေကွင်းနောက်ဆုံး ရှိချေသတည်း
ဆိုပဲ
ဒါပေမယ့် မသေမချင်း
ကျုပ်တို့ ပေါင်းသင်းဆက်ဆံရေးရဲ့
နားလည်မှုစီးကြောင်း
မတိမ်းစောင်းဘူးလို့
ယုံချင်နေတဲ့ကောင်လေ

ဖြူသည်
ဆိုးသည်
မည်းသည်
ကောင်းသည်
ဒါတွေ မလိုဘူးထင်တယ်
ကိုကြီးလေးဖြူတို့ ဆိုသလို
ဟန်ဆောင်တာတွေလည်း ထားခဲ့တယ်
ဒီထက်မက
မာနတွေလည်း ထားခဲ့တယ်
သိက္ခာတွေလည်း ထားခဲ့တယ်
နာမည်လေးတစ်ခုကလွဲလို့ ခင်ဗျားတို့နဲ့ ပေါင်းဖို့
အားလုံးကို ထားခဲ့တယ်

ယူမလာကြပါနဲ့ဗျာ
ကျွန်တော်
ပြန်ယူမိတာနဲ့
ဒီညလိုဖြစ်မှာစိုးလို့

ထားခဲ့ကြပါ