Thursday, July 24, 2008

One day at Myaungmya

" မြောင်းမြမြို့မှာ တစ်နေ့တာ "

ရန်ကုန်ကိုပြန်မယ်ပေါ့။ ကားလက်မှတ်သွားယူပါတယ်။ လပွတ္တာ - ရန်ကုန် ပြေးဆွဲတဲ့ အဝေးပြေးကားလိုင်း ၂ လိုင်းရှိရာမှာ ကားနည်းနည်း(ဘုရားစူး နည်းနည်း)ပိုကောင်းတဲ့ကားလိုင်းက ၂ ရက်စာ လက်မှတ်မရှိတော့ပါဘူးတဲ့။ အလယ်ခုံတော့ ရပါမယ်တဲ့။ လပွတ္တာသို့အလာတုန်းက အလယ်ခုံကထိုင်လိုက်ခဲ့ရတာမို့ အလယ်ခုံရဲ့ ဒုက္ခက သိနေပြီလေ။ ဒုက္ခက ဘယ်လိုလဲဆိုတော့ သူတို့ကားမှာ အလယ်ခုံသာပြောတာ အလယ်တန်းမှာ ခုံမပါဘူးခင်ဗျ။ ကုန်တွေ အပြည့်တင်တာပါ။ ရန်ကုန်မှ လပွတ္တာဆိုရင် NGO လို အဖွဲ့အစည်းပေါင်းစုံမှ ကုန်ပစ္စည်းများ၊ လေဘေးနဲ့ ရေဘေးဒုက္ခသည်များအတွက်အလှူပစ္စည်းများကို ကားဝမ်းဗိုက်တွင်မက အလယ်ခုံလို့ခေါ်တဲ့ ခုံမပါတဲ့နေရာတွေမှာပါ အပြည့်အသိပ်တင်တာပါ။ တခါတလေ ဘေးတန်းခရီးသည်များရဲ့ ခြေထောက်ချရန်နေရာများမှာပါ တင်ပါတယ်။ ရန်ကုန်ကို အပြန်ဆိုရင်တော့ ဂဏန်းတာတွေ တင်တတ်ကြပါတယ်။ ကျွန်တော် ဒီတစ်ခေါက် လပွတ္တာကို လာတော့ NGO အဖွဲ့အစည်းတစ်ခုရဲ့ ဝေခြမ်းရေးလုပ်ဖို့ ပစ္စည်းတွေကို အလယ်တန်းအပြည့်တင်ထားပါတယ်။ အဲဒီပစ္စည်းတွေတင်တာကိုပဲ အချိန်တော်တော်ကြာ စောင့်ရပါတယ်။ ဒါကတော့ ရိုးနေပါပြီ။ ညနေ ၆ နာရီထွက်မယ်ဆိုတဲ့ကားက အနည်းဆုံး ည ၈ နာရီလောက်မှ ထွက်တတ်တာကို အရင်အခေါက်တွေမှာကတည်းက အတွေ့အကြုံအရ သိနေပြီးသားပါ။ အဲဒီတုန်းက သူတို့တင်နေတဲ့ ပစ္စည်းတွေကို ဘာပစ္စည်းတွေမှန်းမသိပါဘူး။ ပလတ်စတစ်ဗူးခွံလိုဟာမျိုးတွေတော့ တွေ့ပါတယ်။ ရွာတွေရောက်တော့မှ ကျွန်တော် ဖင်ခုထိုင်လာတာ ရေအိတ်ခွံတွေဆိုတာ သိရပါတယ်။ ဒီလိုနဲ့ ကတ်ထူဂျပ်ဖာဘူးတွေတော့ ကားတစ်စီးလုံး ပြည့်သွားပါတယ်။

အဲဒီလိုနဲ့ ည ၈ နာရီကျော်ကျော်လောက်မှာ ကားထွက်ပါတယ်။ ကတ်ဗူးတွေပေါ်ထိုင်လိုက်လာရတော့ မဆိုးဘူးပေါ့။ မကြာခင် အရပ်ရှည်သလောက် ခါးကြောရှည်တဲ့ ကျွန်တော် မင်္ဂလာအပေါင်းနဲ့ ခါးညောင်းတော့မယ်ဆိုတာတော့ တွေးမိပါတယ်။ ဒီလိုနဲ့ ညောင်တုန်းမြို့က ပန်းဧရာစားသောက်ဆိုင်မှာ ကျန်းမာရေးကိစ္စဖြေရှင်းဖို့နဲ့ အဆာပြေစားဖို့ သောက်ဖို့ နားပါတယ်။ ပြန်ထွက်တော့ စတွေ့တော့တာပဲ။ မိုးတွေကလည်းရွာထား။ အပေါ့အပါးသွားတဲ့ အများသုံးအိမ်သာထဲမှာကလည်း စိုစိုရွှဲရွှဲ။ အဲဒီကပြန်လာတဲ့ ခရီးသည်တွေက ကျွန်တော့်ရဲ့ ဗိမ္မာန်လေးဖြစ်တဲ့ ကတ်ထူဗူးလေးတွေကို နင်းကာအသွား။ သွားပါပြီ။ ကျွန်တော့် ဗိမ္မာန်တစ်ခုလုံး ရွှံ့တွေ ဗွက်တွေအလူးလူးနဲ့ လှချင်တိုင်းကိုလှ ပွချင်တိုင်းကို ပွသွားတော့တာပဲဗျာ။ အဲဒီပေါ်မှာပဲ ကြိတ်မှိတ်ပြီး ထိုင်လိုက်လာလိုက်တာ ကြာတော့ ခါးက မျက်လာပြီ။ နောက်ကျောမှီချင်လာပြီ။ တစ်လမ်းလုံး တစ်ကုန်းကုန်းနဲ့ ဘယ်နေနိုင်မှာလဲဗျာ။ ညောင်းတာပေါ့။ အစောဆုံး မနက် ၆ နာရီ ပတ်ဝန်းကျင်လောက်မှ လပွတ္တာရောက်မှာလေ။ ည ၁၂ နာရီ လောက်ကျတော့ တစ်နေကုန် ပြေးလွှားသွားလာထားတဲ့အတွက် အိပ်လည်း အိပ်ချင်ပြီ။ ဘေးနားက ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်များကတော့ ခြေထောက်မလွတ်လို့ ကျွန်တော့်ဗိမ္မာန်လေးဆီ ခြေထောက်တွေ အသီးသီး ပစ်တင်ပြီး စက်တော်ခေါ်နေကြပြီခင်ဗျ။ သူတို့ ခြေထောက်တွေက ကျွန်တော့် ခါးကို လှမ်းကန်လို့ ရှောင်ရ တိမ်းရ တာလည်း တစ်ဒုက္ခ။ ဒါနဲ့ နောက်ဆုံး ဘယ်လိုမှ မနေနိုင်တော့လို့ သေးနံ့တစ်သင်းသင်း၊ ဗွက်ထနေတဲ့ ကတ်ထူဗူးတွေပေါ်မှာပဲ တစ်ကိုယ်လုံး လှဲအိပ်ပြီး လိုက်လာခဲ့ရတော့တာပါပဲ။ မနက်ကျတော့ နောက်ကျောတစ်ခုလုံး ယားလိုက်တာဗျာ။ ယားနာတွေများပေါက်ကုန်ပြီလား အောက်မေ့ရတယ်။ နဂိုကတည်းက ကျွန်တော်က အင်ပြင်(Allergic) ခဏခဏ ဖြစ်တတ်တယ်ဆိုတော့ လန့်သွားတာပဲ။ Allergic ဖြစ်လိုက်ရင် တော်တော်ခံရခက်တာမို့ပါ။

အသွားကတည်းက မြောင်းမြနဲ့ အကျိုးပေးချင်လို့လားမသိဘူး။ မြောင်းမြမရောက်ခင် ၁၅ မိုင်တိတိနေရာမှာ ကားဘီးပေါက်ပါတယ်။ ကျပ်နေတဲ့ နောက်ဆုံး နပ်တစ်လုံးကို ချွတ်ရင်း ကားဘီး ချွတ်တဲ့ Spanner ရဲ့ နဖားလေးက ပဲ့ထွက်သွားပါတယ်။ ဒီတော့ မှောင်ကြီးမည်းကြီး ကားတစ်စီးလုံး ငုတ်တုတ်ထိုင်စောင့်ပေါ့။ ခြင်နဲ့ ဖြုတ်တွေကတော့ အဖော်လုပ်ကြပါတယ်။ ကားစပယ်ရာနှစ်ယောက်ကတော့ အနီးဆုံးနေရာကို Spanner ငှားဖို့ ထွက်သွားကြပါတယ်။ အဲဒီလို စောင့်နေတုန်း မြောင်းမြ - ရန်ကုန် ပြေးဆွဲတဲ့ ကားတစ်စီး ရန်ကုန်ဘက်က ဝင်လာပါတယ်။ ခါတိုင်း သူတို့က စောပေမယ့် အဲဒီနေ့ညက သူတို့လည်း ဘီးပေါက်နေလို့ ကျွန်တော်တို့ ကားရဲ့ နောက်က ရောက်လာတာပါ။ ဒါနဲ့ သူတို့ဆီက Spanner ငှားပြီး ဘီးချွတ်ဖို့ လုပ်ကြပါတယ်။ အဲဒီအချိန်မှာ မြောင်းမြကားက ကျွန်တော်တို့ ကားကို လမ်းဘေးက ကျော်ပြီးအတက်မှာ ဗွက်နစ်သွားပါတော့တယ်။ ဒါနဲ့ ကျွန်တော်တို့ ကားက ခဏစောင့်၊ ဘီးလဲပြီးရင် သူတို့ကားကို ဆွဲပေးမယ်ဆိုပြီး စောင့်ခိုင်းထားရပါတယ်။ ဘီးလဲပြီးတော့ သူတို့ကားကို သံကြိုးနဲ့ ဆွဲတင်တာ သံကြိုးသာ သုံးခါလောက်ပြတ်သွားတယ်။ ကားက လမ်းပေါ်တက်မလာပါဘူး။ အရေးထဲ သူတို့ကားက ဗွက်ထဲမှာနစ်ပြီး စောင်းနေတော့ ဆီတိုင်ကီထဲက ဆီက ဆီလမ်းကြောင်းထဲ မရောက်လို့ ကျွန်တော်တို့ကားက ဆီကို သူတို့ကားထဲ ပြောင်းထည့်ပေးရပါသေးတယ်။ ဆီမရတော့ သူတို့ကားက စက်လည်းမနိုး၊ ဗွက်ထဲကလည်း မတက်နိုင်ဖြစ်နေတာပါ။ အဲဒီလိုနဲ့ပဲ မိုးလည်း လင်းလာပါပြီ။ မြောင်းမြကားလည်း လမ်းပေါ်ရောက်လာပါပြီ။ ကျွန်တော်တို့လည်း ဆက်ထွက်လာကြတာ မနက် ၁၀ နာရီကျော်တော့မှ လပွတ္တာကို ရောက်ပါတယ်။ လပွတ္တာကို လာဖူးသမျှ နောက်အကျဆုံးရောက်တဲ့ စံချိန်တင်ပါတယ်ခင်ဗျာ။ နောက်ပိုင်း နောက်အကျဆုံးရောက်တဲ့စံချိန်တွေ ထပ်ပြီး တင်ဦးမှာပါ။ မိုးရွာ၊ လမ်းပျက်၊ ကားတွေက မကောင်းဆိုတော့ ဒီစံချိန်ကို ချိုးသွားကြဦးမှာပါ။

ဒီလိုနဲ့ လပွတ္တာမှ ဆိပ်ကလေးကုန်းရွာသို့ နေ့စဉ်လိုလို စက်လှေနဲ့သွား၊ အိမ်တွေ ဝိုင်းကူဆောက်၊ အသားတွေမည်းပေါ့လေ။ ၁၉ ရက်၊ ဂျူလိုင်လ၊ ၂၀၀၈ တိုက်တိုက်ဆိုင်ဆိုင် အာဇာနည်နေ့မှာတော့ ရန်ကုန်ပြန်ဖို့ဆိုပြီးလတ်မှတ်သွားဖြတ်တော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း လက်မှတ်မရပါဘူး။ ဒါနဲ့ နည်းနည်းပိုညံ့တဲ့ကားလိုင်းကနေပဲ ဘေးခုံရတယ်ဆိုတော့ လိုက်မယ်ဆိုပြီး ဝယ်လိုက်ပါတယ်။ လပွတ္တာမြို့က ခင်နေတဲ့ မိတ်ဆွေတစ်ဦးကောင်းမှုနဲ့ ရှေ့ဆုံးခုံကို ပေးလိုက်ပါတယ်။ ကံကောင်းတာလား ကံဆိုးတာလားတော့ မသိပါဘူး။

ညနေ ၅ နာရီခွဲ ဂိတ်ကိုအရောက်တဲ့။ ၅ နာရီမှာ ကားဂိတ်နားကို ရောက်ပါတယ်။ ကားဝင်မလာသေးပါဘူး။ ဘယ်ကိုဆိုလား အော်ဒါလိုက်သွားပါတယ်တဲ့။ ဒါနဲ့ တီးသွားဆွဲလိုက်သေးတယ်။ ၅ ခွဲလောက်တစ်ခါ သွားကြည့်တယ်။ ဂီယာဘောက်စ် ဂဟေသွားပြင်တယ်ဆိုလား ပြောပါတယ်။ ဒါနဲ့ ထမင်းသွားစားပါတယ်။ ၆ နာရီလောက် နောက်တစ်ခါ သွားကြည့်ပါတယ်။ ၈ နာရီကျော်မှ ကားထွက်မယ်တဲ့။ ပြင်လို့ မပြီးသေးဘူးတဲ့။ အင်း... မထူးဆန်းတော့ပါဘူးလေ။ ဒီလိုနဲ့ ကားဂိတ်မှာ သိပ်တော့ မစောင့်လိုက်ရပါဘူး။ ၉ နာရီခွဲလောက်မှာ ကားရောက်လာပါတယ်။ ကားပေါ်တက်မယ်လုပ်တုန်း။ မထွက်သေးဘူး၊ ဘီးလဲရဦးမယ်တဲ့။ ကောင်းပါလေ့။ လဲကြပေါ့လေ။ ဒီလိုနဲ့ ၁၀ နာရီထိုးဖို့ ၁၅ မိနစ်လောက်မှာတော့ ကားထွက်ပါတော့တယ်။

ကားက နံပါတ် တစ်နဲ့ နှစ် ဂီယာထိုးလို့ မရဘူးဆိုလား သူများပြောတာတော့ ကြားမိလိုက်ပါတယ်။ ချိုင့်ခွက် ခပ်နက်နက်ထဲ ကျသွားရင် စပယ်ရာက ဂျမ်းတုန်း ပြေးခုရပါတယ်။ ဒီလိုနဲ့ ဂီး ဂီးဆိုတဲ့အသံကြီးကြားလိုက်၊ စပယ်ရာ ဂျမ်းတုံး ပြေးခုလိုက်ပေါ့လေ။ ဒီလိုနဲ့ လာလိုက်ကြတာ မြောင်းမြရောက်ဖို့ ၁၇ မိုင် ၂ ဖာလုံအလိုက ကုန်းဆင်းတစ်ခုကို အရှိန်နဲ့ ပြေးတက်ပြီး ဟိုဘက်က ကုန်းတက်ကို အရှိန်နဲ့ တက်လာလိုက်တာ ကုန်းထိပ်နားရောက်တော့ ဘယ်လိုမှ ဆက်မတက်တော့ပါဘူး။ ဂီယာလည်း ထိုးလို့ မရပါဘူး။ အဲဒီအချိန်မှာ ကိုရွှေကားစပယ်ရာက အလယ်ခုံနေရာမှာ ငိုက်နေပါတယ်။ ကားစပယ်ယာနောက်တစ်ယောက်ကလည်း ဂျမ်းတုန်းခုတာ သူ့အလုပ်မဟုတ်ဘူးလို့ Job Description ထဲမှာ ပါလို့လား မသိဘူး။ လုံးဝ ဆင်းမခုပါဘူး။ ဒါနဲ့ ဒရိုင်ဘာက လှမ်းအော်တော့မှ ငိုက်နေတဲ့ စပယ်ရာက ကားပေါ်က ပြေးဆင်းပြီး အိပ်ချင်မူးတူးနဲ့ ဂျမ်းတုန်းခုပါတယ်။ ဒါပေမယ့် မရတော့ပါဘူး။ ကားက နောက်ကို ပြန်လိမ့်နေပါပြီ။ အဲဒီအချိန်မှာ ကျန်ကားစပယ်ရာက အတွေ့အကြုံ ရှိပုံရပါတယ်။ ကားပေါ်က ခုန်ဆင်းနေခဲ့ပါတော့တယ်။ ကုန်းက တော်တော်မြင့်ပါတယ်။ မတ်လည်း တော်တော် မတ်ပါတယ်။ အရှိန်နဲ့ လိမ့်လာပြီး ကုန်းဆင်းအောက်ခြေမရောက်ခင် နည်းနည်းလောက်လိုတဲ့အချိန်မှာ ကားဒရိုင်ဘာက ဘေးကို ကွေ့လိုက်တဲ့အတွက် ကားဖင်က လမ်းဘေးကို ဝင်သွားပြီး ဘာနဲ့မှန်းမသိ တိုက်မိကာ ရပ်သွားပါတော့တယ်။ ဖြစ်သွားတာကတော့ လျှပ်တစ်ပြက်အတွင်း အရမ်းမြန်ပါတယ်။ ပြန်ပြောရတာသာ ကြာတာပါ။ ကားဒရိုင်ဘာရဲ့ မိန်းမနဲ့ ကလေးငယ်လေးက ကျွန်တော် ရင်ဘတ်ထဲ ရောက်လုခမန်း အလဲအလဲအပြိုပြို ဖြစ်နေပါတယ်။ အလယ်ခုံနေရာမှာ တင်လာတဲ့ ဆန်အိတ်နဲ့ ပစ္စည်းတွေက ကားနောက်ပိုင်းကို စုပြုံ လိမ့်ဆင်းသွားပါတယ်။ ကားတစ်စီးလုံးကလူတွေလည်း အမယ်လေး အဘလေး တကြ၊ အော်ကြပါတယ်။ ကားဒရိုင်ဘာကတော့ ဂျမ်းတုန်းမခုပဲ ငိုက်နေတဲ့ စပယ်ရာကို ဆဲနည်းပေါင်းစုံနဲ့ ဆဲနေပါတယ်။ ကားကြီးကတော့ ဦးမော့မော့ကြီးနဲ့ ရပ်နေပါတယ်။ ဒါပေမယ့် နောက်ပိုင်းကို ဝိတ်များရင် ဆက်လိမ့်သွားနိုင်တာမို့လို့ အားလုံး ကားအောက်ကို ပြေးဆင်းကြပါတယ်။ ပြီးတော့မှ ကားဗိုက်နဲ့ လမ်းဘေး မြေသားတွေနဲ့ ထိပြီး ကားမလိမ့်နိုင်ဘူးဆိုတာ သိတော့မှ အထုတ်အပိုးတွေ ကားပေါ်ပြန်တက်ယူကြပါတယ်။ (နောက်နေ့ မနက်မှ သိရတာက၊ နောက်ထပ် ကားဘီး လေး ငါး ပတ်လောက် လိမ့်သွားရင် အောက်ဘက်မှာ တော်တော်နက်တဲ့ ချောက်ကြီးလို့ သိရပါတယ်။) ခရီးသည်တွေ ဘယ်သူမှ ထိခိုက် ဒဏ်ရာ မရကြပါဘူး။ တစ်ယောက်တစ်ပေါက် "ကံကောင်းလို့ ဘာမှ မဖြစ်တာ" ၊ "ငါက ထင်တယ်၊ ကားက လပွတ္တာက ထွက်ကတည်းက သိပ်မဟုတ်ဘူးလို့" ၊ "ဒရိုင်ဘာတော်လို့ပေါ့" ၊ "ကြည့်စမ်း၊ ဒီသစ်ပင်နဲ့ တိုက်မိရင် တုံးလုံးလဲပြီး လိမ့်သွားမယ်။ အဲဒါဆို အခြေအနေ ဆိုးသွားမယ်" အဲဒီလိုတွေ ပြောနေကြတာပေါ့။ သိပ်မကြာခင်မှာ ခြင်တွေ၊ ဖြုတ်တွေ ပွဲတော်တည်ဖို့ အုပ်စုလိုက် ကြွချီလာကြပါတော့တယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ စိုနေတဲ့ သစ်ကိုင်းခြောက်တွေကို မရ ရအောင် မီးမွှေးပြီး မှိုင်းတိုက်ကြပါတယ်။ ကားလမ်းပေါ်မှာ မီးပုံလေးတွေ ဟိုတစ်ပုံ ဒီတစ်ပုံပေါ့။

အချိန်ကတော့ မနက် ၂ နာရီခွဲ ရှိပါပြီ။ သစ်ကိုင်းတွေ လိုက်ရှာလိုက်၊ မီးဖိုလိုက်လုပ်နေတုန်းမှာပဲ လပွတ္တာဘက်မှ ပြန်လည်ထူထောင်ရေးနဲ့ ဝေခြမ်းရေးတွေ လုပ်နေတဲ့ ကုမ္ပဏီတစ်ခုမှ Double Cab တစ်စီး ရောက်လာပါတယ်။ အကူအညီတောင်းဖို့ ကြည့်လိုက်တော့ ခင်မင်နေတဲ့သူများဖြစ်နေပါတယ်။ သူတို့မှာ ပါလာတဲ့ ကမ်းရိုးတန်းသုံး CDMA နဲ့ လပွတ္တာကို ခေါ်တော့ ခေါ်လို့ မရပါဘူး။ သူတို့ကားက မြောင်းမြအထိ ရောက်မယ်ဆိုလို့ ကျွန်တော်နဲ့ နောက်ထပ် ခရီးသည်သုံးယောက် ကားကြုံစီးပြီး မြောင်းမြကို လိုက်ဖို့ ခွင့်တောင်းပြီး ကားပေါ်တက်လိုက်ကြပါတယ်။ ကြမ်းတမ်းလွန်းတဲ့လမ်းပေါ်မှာ ကားပေါ်က ပြုတ်မကျအောင် မနည်းဖက်တွယ်ပြီး မြောင်းမြမြို့ကို မနက် ၃ နာရီမှာ ရောက်ရှိသွားကြပါတယ်။ မြောင်းမြမြို့ ဆေးရုံရှေ့နားက ကားဂိတ်တွေနားမှာ စုံစမ်းတော့ မနက် ၅ နာရီခွဲမှ ရန်ကုန်ကားတွေ ထွက်မယ်ဆိုလို့ လက်ဘက်ရည်သောက်ရင်း စကားစမြည်ပြောပြီး အချိန်ဖြုန်းကြပါတယ်။ အဲဒီမှာ ဆိုင်ကယ်ကယ်ရီသမားနဲ့ ဆိုက်ကားသမားတစ်စုတို့ရဲ့ နယ်ကျော်တဲ့ကိစ္စကြောင့် ဖြစ်တဲ့ ထိုးပွဲကြိတ်ပွဲလေးလည်း ကြည့်လိုက်ရပါသေးတယ်။

ကျွန်တော်တို့ ကားကြုံလိုက်လာတဲ့အထဲက တစ်ယောက်က ကုမ္ပဏီတွေကလုပ်နေတဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ရန်ကုန်က သစ်လာပို့တဲ့ စက်လှေတစ်စီးကပါ။ စက်လှေပိုင်ရှင်ဖြစ်ပုံပေါ်ပါတယ်။ နောက်တစ်ဦးကတော့ ပြန်လည်တည်ဆောက်ရေးလုပ်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကပါ။ ကျန်တစ်ဦးကတော့ လပွတ္တာမြို့က စာအုပ်အငှားဆိုင်လုပ်တဲ့သူတစ်ဦးပါ။ သူတို့နှစ်ဦးက ငယ်သူငယ်ချင်းတွေပါ။ အားလုံးက တော်တော်ခင်ဖို့ကောင်းကြပါတယ်။ နာဂစ်ဖြစ်တဲ့အချိန် သူတို့ ဘယ်လိုကြုံတွေ့ရတဲ့အကြောင်း၊ နာဂစ်မဖြစ်ခင် လပွတ္တာမြို့အကြောင်း၊ ကားအက်ဆီးဒင့်အကြောင်း၊ ကားသမားတွေအကြောင်း စသည်ဖြင့် ပြောကြပါတယ်။ ပြီးတော့ လပွတ္တာမြို့က သူငယ်ချင်းနှစ်ယောက်အနက် တစ်ယောက်က မြောင်းမြမြို့မှာ ဘီတွတ်က အသိတစ်ယောက် အိမ်ငှားပြီး လာနေကြောင်း၊ အဲဒီကို သွားကြမယ်လို့ ပြောလာပါတယ်။ ကျွန်တော်ကလည်း မြောင်းမြမြို့ကို သေချာမရောက်ဖူးတော့ သူတို့နဲ့ လိုက်သွားတာပေါ့ဗျာ။ ဗိုလ်ဗထူးလမ်းမှာတဲ့။ သူလည်း မရောက်ဖူးဘူးတဲ့။ ဒါနဲ့ မနက် ၅နာရီလောက်ကနေ မေးစမ်းသွားပြီး လိုက်ရှာကြတာ မနက် ၇ နာရီလောက်မှ အိမ်ကို တွေ့ပါတယ်။ အဲဒီအိမ်မှာပဲ ဟန်မဆောင်နိုင်အောင် အိပ်ချင်နေတာနဲ့ အိမ်ရှင်တွေ ပြင်ပေးတဲ့ အိပ်ယာပေါ်မှာ ခေါင်းချလိုက်တာ တခါတည်း အိပ်ပျော်သွားတာပဲ။ မိုးအေးအေးနဲ့ အိပ်ရတာ တော်တော်လေး အိပ်ပျော်သွားပါတယ်။ နေ့လည် ၁၂ နာရီကျော်တော့မှ အိမ်ရှင်တွေက အတင်းနှိုးပြီး ထမင်းစားခိုင်းလို့ ထစားပါတယ်။ ပြီးတော့ ပြန်လှဲလိုက်တာ ပြန်အိပ်ပျော်သွားတာပဲ။ ကားလက်မှတ်ကလည်း ည ၈ နာရီကားပဲ ရတော့တယ်လို့ ပြောပါတယ်။ မိုးကလည်း ရွာနေတော့ ဘယ်မှ သွားလို့ မရတာနဲ့ အိမ်ထဲမှာပဲ ပြန်အိပ်ပျော်သွားတာ နေ့လည် ၂ နာရီလောက်မှာမှ အိမ်ရှင်တွေက လက်ဖက်သုတ်နဲ့ ရေနွေးသောက်ဖို့ နှိုးတော့မှ နိုးပြီး စားရင်း သောက်ရင်း စကားတွေ ပြောကြတာပေါ့။ အိမ်ရှင်များက သဘောအရမ်းကောင်းကြပါတယ်။ သူတို့က လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာကပါ။ နာဂစ်ပြီးတော့ မြောင်းမြမှာ ခဏလာနေကြတာပါ။ မြောင်းမြမြို့မှာ တစ်နေ့တာ တည်းခိုခဲ့စဉ်အတွင်း မနက်စာ၊ ညစာအပြင် အိပ်ရေးပျက်၊ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေတဲ့ ကျွန်တော်တို့အဖွဲ့ကို ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်အောင် ပြင်ဆင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်မိပါတယ်။

သူတို့ အိမ်ကို လိုက်ရှာရင်း ဆေးရုံရှေ့ကနေ ဗိုလ်ဗထူးလမ်းတောက်လျှောက်၊ မြို့မအားကစားကွင်းတို့၊ အ.မ.က (၆)တို့ဘက်တွေကို လမ်းလျှောက်ခဲ့တုန်းက သတိထားမိတာကတော့ လမ်းတွေက သန့်ရှင်းသပ်ရပ်နေတယ်။ လမ်းဘေးမှာ သစ်ပင်၊ ပန်းပင်တွေက စိမ်းစိုလှပနေတယ်။ အိမ်တွေက ပျဉ်ထောင်အိမ်ဆိုရင်လည်း သပ်ရပ်ခန့်ငြားလှပနေတာ နေချင်စရာ အရမ်းကောင်းတယ်။ တိုက်အိမ်တွေဆိုလည်း ခေတ်မှီမှီဆောက်ထားကြတာ မြောင်းမြမြို့ရဲ့ ကြွယ်ဝမှုအဆင့်ကို ခန့်မှန်းလို့ရတယ်။ ကင်မရာမပါလို့ (မပါဆို ရှိမှ မရှိတာ) ဓါတ်ပုံမရိုက်ခဲ့ရဘူးဗျာ။ စိမ်းစိုပြီးသပ်ရပ်နေတဲ့ နေချင့်စဖွယ်မြို့ကလေးဟာ ဦးနုမွေးဖွားရာ မြို့လို့လည်း သိရပါတယ်။

ညနေ ၇ နာရီလောက်မှာတော့ အိမ်ရှင်တွေကို နှုတ်ဆက်၊ ကားဂိတ်ကိုဆင်းပြီး ရန်ကုန်ကို ပြန်လာခဲ့ပါတယ်။ နေချင်စရာ မြောင်းမြမြို့လေးကိုတော့ ကြုံရင် ဓါတ်ပုံလေး ဘာလေးရိုက်ပြီး အေးအေးဆေးဆေး လျှောက်လည်ကြည့်ချင်ပါသေးတယ်။