Sunday, June 1, 2008

Donation and Resettlement Update

ကိုညီလင်းဆက်တို့အဖွဲ့ ကုက္ကိုရွာမှာ ဘတ်ဂျတ်အိမ် ၃၆ လုံး ပြန်လည်တည်ဆောက်နေပါပြီ။ မနေ့က စတင်ပြီး (၃)ရက်ခန့်အတွင်း အပြီး တည်ဆောက်မှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းတစ်ခုလုံးအနေနဲ့ ပထမဆုံးနဲ့ အမြန်ဆုံး ပြန်လည်တည်ထောင်နိုင်တဲ့ရွာဖြစ်လာပါလိမ့်မယ်လို့ ကိုညီလင်းဆက်က ပြောပြပါတယ်။ နာဂစ်မုန်တိုင်းအတွင်း ကွယ်လွန်သူများကို ရည်စူးပြီး ဆွမ်းသွတ်လှူဒါန်းမှုများကိုလည်း ကိစ္စအ၀၀ပြီးစီးသည်အထိ ကိုညီလင်းဆက်နဲ့ အဖွဲ့မှ တာဝန်ယူပြီး လုပ်ဆောင်ပေးနေပါတယ်။ ဒီနေ့ညနေ ၇ နာရီမှာ ကျွန်တော် မျက်လုံးနှင့် Volunteer များ လပွတ္တာကို သွားပါမယ်။ သွားရောက်မယ့် Volunteer စာရင်းကိုတော့ အခုချိန်ထိ ဆက်သွယ်ဆဲ ဖြစ်တဲ့အတွက် အတိအကျ မပြောပြနိုင်သေးပါဘူး။ Volunteer များအတွက် ခရီးစရိတ်နဲ့ ကျွန်တော်တို့အဖွဲ့ လိုအပ်တဲ့နေရာမှာ သုံးနိုင်အောင် အချိန်မှီ ပေးပို့လှူဒါန်းခဲ့တဲ့ စေတနာရှင်များကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

တစ်ဆက်တည်း ပြောလိုတာလေးတစ်ခုက ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ အဆင်မပြေမှု၊ နှောင့်နှေးကြန့်ကြာမှု၊ ဆက်သွယ်ရေး ခက်ခဲမှု၊ လှူဒါန်းမှုနဲ့ ပြန်လည် တည်ထောင်မှုမှတ်တမ်းများကို အချိန်နဲ့ တပြေးညီ မတင်ပြနိုင်မှုတွေ အပါအ၀င် အခြေအနေမျိုးစုံကို နားလည် ခွင့်လွှတ်ပေးကြတဲ့ စေတနာရှင်များကို ကျေးဇူးတင်လေးစားမိပါတယ်ခင်ဗျာ။ ကျွန်တော်တို့ အားလုံးက လိုအပ်တဲ့နေရာကို လိုအပ်တာတွေ ရောက်ဖို့အတွက် လုပ်နေရတဲ့အတွက် မိမိကိုယ်ရေးကိုယ်တာနဲ့ အခြားသော လူမှုတာဝန်များကို လစ်ဟင်းတာ များပါတယ်။ ဒီအပြင် ကျန်းမာရေးကိုပါ ထိခိုက်လာတာမျိုး ကြုံတွေ့ရပါတယ်။ ကျွန်တော်တို့အဖွဲ့သားထဲမှ ကိုမင်းရဲကျော်ဆိုရင် ရန်ကုန်မြို့အနှံ့ လိုအပ်တဲ့ပစ္စည်းမျိုးစုံကို အလေအလွင့်နည်းနည်း ပစ္စည်းမှန် ဈေးမှန်ရအောင် စုံစမ်းမေးမြန်းပြီး လိုက်ဝယ်ရပါတယ်။ အဲဒီလိုဝယ်ရင်းမနေ့က ဆိုရင် ဘတ်စ်ကားပေါ်မှာ မူးတောင်လဲပါတယ်။ မိမိရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ၊ လူမှုရေးကိစ္စ၊ မိသားစုတာဝန်၊ အသက်မွေးဝမ်းကျောင်းတာဝန်တွေနဲ့ လှူဒါန်းကူညီရေးအတွက် ဆက်သွယ်ရေး၊ ငွေစာရင်းပြုစုရေး၊ ခရီးသွားဖို့ စီစဉ်ခြင်း၊ စုံစမ်းမေးမြန်းဝယ်ယူခြင်း၊ ပစ္စည်းသယ်ယူပို့ဆောင်ခြင်း စတဲ့ ကိစ္စပေါင်းများစွာကို ခေါင်းထဲမှာ ထည့်ထားရပြီးတော့ လုပ်ရတဲ့အတွက် ဖိစီးမှုများစွာရှိတဲ့အပြင် စားသုတ်သုတ်၊ သွားသုတ်သုတ်၊ လာသုတ်သုတ် သုတ်သုံးကျမ်းကျေအောင် လုပ်ရတဲ့အတွက် ထမင်းကိုတောင် အချိန်မှန် မစားနိုင်ပဲနဲ့ ဘတ်စ်ကားပေါ်မှာ မူးလဲပြီး ဆေးခန်းသွားလိုက်ရပါတယ်။ လပွတ္တာမြို့နယ်မှတစ်ဆင့် ကျေးရွာများကို ဆင်းပြီး ကူညီလှူဒါန်းရေးနဲ့ ပြန်လည်တည်ထောင်ရေးတွေ လုပ်ကိုင်ရတဲ့အခါမှာလည်း မိုးကြီးလေကြီးထဲ လှိုင်းမကြောက် လေမကြောက် သွားလာလုပ်ကိုင်ကြပါတယ်။ စက်လှေတွေဆိုတာက အကောင်းအတိုင်းကျန်ခဲ့တာ ရှားတဲ့အတွက် သွားရေးလာရေး တော်တော် ခက်ခဲပါတယ်။ မိုးချုပ်တော့မှ လပွတ္တာကို ပြန်ရင်း စက်လှေစက်ပျက်လို့ မှောင်ကြီး မဲကြီးထဲမှာ ကျောက်ချပြီး ပြင်ရဆင်ရတာတွေလည်း ရှိပါတယ်။ အိမ်ဝိုင်းဆောက်၊ ပစ္စည်းသယ်၊ မနက်စာ ညစာ ပေါင်းပြီး အလောင်းတွေကို ဘေးနားထားပြီး စားကြ၊ ရေတက်ရေကျချိန်မှာ အချိန်မှီသွားနိုင်အောင် လုပ်ရတဲ့အတွက် လူပင်ပန်းမှုကတော့ ရှိပါတယ်။ ဒါပေမယ့် လူပင်ပန်းမှုထက်ပိုပြီး ခံရခက်တာကတော့ စိတ်ထဲမှာ ပြောမပြတတ်တဲ့ ဖိစီးမှုကြီးတစ်ခုပါ။ ကျွန်တော်တို့ အားလုံးမှာ တူညီတာက အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကူညီမှုပေးနိုင်ဖို့ပါ။ ဒါပေမယ့် အခက်အခဲတွေကြောင့် ကြန့်ကြာမှု နည်းနည်းရှိရင်တောင် စိတ်ထဲမှာ အားမလိုအားမရဖြစ်မိကြပါတယ်။ ပထမဆုံး ဘတ်ဂျတ်အိမ် စဆောက်တုန်းကဆိုရင် မြန်မြန်ပြီးချင်လို့ အိမ်တိုင်ထောင်တဲ့ ကျင်းတွေ ၀ိုင်းတူးပေးကြ၊ လွှဆွဲစရာရှိ ၀ိုင်းဆွဲကြ လုပ်ကြပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ အဲဒါတွေကို အများကြီး ပြောပြချင်ပါတယ်။ ဒါပေမယ့် ဘယ်က ဘယ်လို စပြောရမှန်း မသိအောင်ကို စိတ်ထဲမှာ ပြည့်ကျပ်နေတဲ့အတွက် ကျွန်တော်တင်တဲ့ ပို့စ်တွေဆိုရင် လိုတိုရှင်း တုံးတိကြီးတွေ ဖြစ်နေပါလိမ့်မယ်။ အကျိုးအကြောင်းကို သိချင်သူများအနေနဲ့ အခြေအနေကို ပြည့်ပြည့်စုံစုံ သိချင်ကြမှာပဲဆိုတာကိုလည်း နားလည်မိပါတယ်။ အဲဒီအတွက် လပွတ္တာမြို့နယ် ကျေးရွာများမှာ လှူဒါန်းပြီးစီးမှုများ၊ လက်ရှိ လုပ်ဆောင်နေမှုများ၊ ဆက်လက်လုပ်ဆောင်ရန် လျာထားမှုများကို အောက်မှာ ကြည့်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်ခင်ဗျာ။


လှူဒါန်းပြီးစီးမှု

ပြင်ကနုကုန်းရွာ
-ဘတ်ဂျတ်အိမ် (၅) လုံး တည်ဆောက်ခြင်း
-လူဦးရေ (၅၀) အတွက် အ၀တ်အထည်၊ အိမ်ထောင်ပစ္စည်းများ(ဒန်အိုး၊ ပန်းကန်နှင့် စားအုန်းဆီ စသည်) လှူဒါန်းခြင်း

ကညင်ကုန်းရွာ
-လူဦးရေ (၄၅၀) အတွက် အ၀တ်အထည်၊ အိမ်ထောင်ပစ္စည်းများ(ဒန်အိုး၊ ပန်းကန်နှင့် စားအုန်းဆီ စသည်) လှူဒါန်းခြင်း

ကုက္ကိုရွာ
-လူဦးရေ (၁၀၀၀) အတွက် အိမ်ထောင်ပစ္စည်းများ(ဒန်အိုး၊ ပန်းကန်နှင့် စားအုန်းဆီ စသည်) လှူဒါန်းခြင်း

လက်ရှိလုပ်ဆောင်နေမှုများ

ကုက္ကိုရွာ
-ဘတ်ဂျတ်အိမ် (၃၆) လုံး တည်ဆောက်ခြင်း

ကညင်သဇင်ရွာ
-ဘတ်ဂျတ်အိမ် (၃၁) လုံး တည်ဆောက်ခြင်း

ပြင်ကနုဝရွာ
-ဘတ်ဂျတ်အိမ် (5) လုံး တည်ဆောက်ခြင်း

ကန့်ဘလာရွာ
-ဘတ်ဂျတ်အိမ် (5) လုံး တည်ဆောက်ခြင်း

ဆက်လက်လုပ်ဆောင်ရန် လျာထားချက်များ

-ရခိုင်ကုန်း
-သိုင်းချောင်း
-ကညင်တစ်ပင် ရွာများတွင် ဘတ်ဂျတ်အိမ်များ တည်ဆောက်ခြင်း

လုပ်ဆောင်မှု သတင်းတွေကို အတတ်နိုင်ဆုံး တင်နိုင်အောင် ကြိုးစားပေးသွားပါမယ်။