Friday, April 11, 2008

အေးချမ်းရဲ့လား သင်္ကြန် ?

စီးပွားရှာတဲ့ သင်္ကြန်
အပျော်ကြူးတဲ့ သင်္ကြန်
အေးရိပ်ရှာတဲ့ သင်္ကြန်
အနားယူတဲ့ သင်္ကြန်
ပြဿနာတွေနဲ့ သင်္ကြန်
ဒုက္ခိတဖြစ်သွားတဲ့ သင်္ကြန်
သံသရာအတွက် သင်္ကြန်
ကိုယ့်အတွက် ကိုယ်လုပ်တဲ့ သင်္ကြန်

ခင်ဗျားရဲ့ သင်္ကြန်က ဘာသင်္ကြန်လဲတော့ မသိဘူးဗျ။ ကျွန်တော့်အတွက်တော့ စိတ်လေစရာကောင်းတဲ့ သင်္ကြန်ပဲ။ ဘာဖြစ်လို့လဲတော့ မမေးနဲ့ဗျ။ မသိဘူး။ နွေကိုက စိတ်လေဖို့ကောင်းလောက်အောင် လှတယ်။ လွမ်းဖို့ မေ့လောက်အောင် စွဲဆောင်မှုရှိတယ်။ သိတယ်မို့လား။ ကျောင်းသား ဘဝ နွေကျောင်းပိတ်ရက်တွေတုန်းကလေ။ ကျောင်းမှာ ခိုးခိုးကြည့်ခဲ့ရတဲ့ ဘာဂလိုတိုတိုလေးကို ချိုတယ်လို့ အများက ပြောကြတဲ့ ဥသြသံလေးကြားတိုင်း ရင်ထဲမှာ တစ်ညိုးကြီးပဲ ဆိုသလိုပေါ့ဗျာ။ နောက်တော့လည်း ဘာမှ မဟုတ်ပါဘူး။

သင်္ကြန်မှာ ခွက်စုတ်လေးနဲ့ ရေပြွတ်တိုလေး တစ်ချောင်းနဲ့ ပက်ရတာလောက် ဘယ်တုန်းကမှ ပျော်စရာ မကောင်းခဲ့ဘူး။ စတုဒီသာကျွေးတဲ့ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်းတို့လောက် စားလို့ သောက်လို့ ကောင်းခဲ့တာ ဘယ်ရှိမှာလဲ။ ကျွန်တော် အသက်ကြီးပြီ။

သင်္ကြန်ရဲ့ အဓိပ္ပါယ်က ဘယ်သို့ ဘယ်ဝါ မပြောချင်တော့ပါဘူး။ ဘယ်သူမှလည်း အလေးထားကြမှာ မဟုတ်ပါဘူး။ ဘယ်မဏ္ဍပ်မှာ ဘယ်သူရှိမယ်၊ ဆော်တွေက ဘယ်လို၊ ဒီဂျေက ဘယ်သူ ဒါမျိုးဆိုရင်တော့ ကာလသားသမီးများ စိတ်ဝင်စားကြမယ်ထင်တယ်။ ကိုယ့်မှာလည်း သားတစ်ယောက်နဲ့ဆိုတော့ သူတို့ခေတ်ကျ ဘယ်လိုဖြစ်ဦးမယ် မသိ။ သေချာတာကတော့ လူငယ်တွေအတွက် သင်္ကြန်ဆိုတာ ဂိတ်ဆုံးပျော်ဖို့၊ ပူတဲ့ရာသီမှာ အေးချမ်းအောင် ရေလောင်းတယ်ဆိုတာလည်း ဘုရားစူးပြောရင်တောင် ဒီခေတ်မှာ ယုံစရာ မရှိပါဘူး။ ပြီးတော့ ဒါက လူတွေ အပျော်ကြူးဖို့ လုပ်ထားတဲ့ ပွဲကြီးလိုပါပဲ။ သိတယ်မို့လား။ တို့လူမျိုးက အပျော်အပါး သိပ်မက်တာ မဟုတ်ဘူး ဆိုတော့လေ။ ဘာသာရေးအနေနဲ့လည်း ကိုယ့်အသိစိတ်ဓါတ်လေးနဲ့ကိုယ် လုပ်ကြတာပဲ ရှိတာပါ။ အတိအကျ ပြဌာန်းချက်ရယ်လို့ မရှိပါဘူး။

သင်္ကြန်ကို ဘယ်သူက ဘယ်အချိန်မှာ စတယ်ပဲ ပြောပြော အပျော်ကြိုက်တဲ့၊ ပွဲကြိုက်တဲ့ တို့လူလေးများကတော့ နှစ်စဉ်မပျက် ကျင်းပကြဦးမှာပါ။ ရိုးရာမပျက်ကျင်းပတယ်လို့တော့ ပြောရမှာ ခပ် ခက်ခက်ပဲ။ အမြဲတမ်း ပုံမှန် အချိန်ကျရင် ကျင်းပတာကို ရိုးရာဆိုရင်တော့ ရိုးရာမပျက်ဘူးပေါ့လေ။ ဒါပေမယ့် ရိုးရာယဉ်ကျေးမှု ဘာညာသာရကာနဲ့ ပြောရရင်တော့ အင်း...
(စကားမစပ်၊ ဆော်ဆိုတဲ့ စကားအတွက် ရိုင်းသွားရင် ဆောရီးဗျာ၊ အရင်တုန်းက ဆော်ဆိုတဲ့ အဓိပ္ပါယ်က ပြောလို့ မကောင်းတဲ့ အရာဗျ၊ ကျွန်တော်တို့ မမီပါဘူး။ ကျွန်တော်တို့ သိတတ်တဲ့အရွယ်မှာ ဆော်ဆိုတာ ကောင်မလေးတွေကို ရည်ညွှန်းတဲ့ ဘန်းစကားဖြစ်နေပါပြီ။)

သင်္ကြန်မှာ တရားရသွားတဲ့လူ၊ သင်္ကြန်မှာ တရားကျသွားတဲ့လူ၊ သင်္ကြန်မှာ ဆေးရုံရောက်သွားတဲ့လူ၊ သင်္ကြန်မှာ အချုပ်ကျသွားတဲ့လူ၊ သင်္ကြန်မှာ စီးပွားဖြစ်သွားတဲ့လူ၊ သင်္ကြန်မှာ စီးပွားပျက်သွားတဲ့လူ ဘယ်လူတွေ ဘယ်လောက်များကြလဲ။ နောက်ဆုံးတော့လဲ သတ္တဝါတစ်ခု ကံတစ်ခုပေါ့။

အပျော်ကတော့ တစ်နှစ်လုံးလဲ ကြုံရင် ကြုံသလို ပျော်ကြတာပဲ။ သင်္ကြန်ကျမှ ဘာဖြစ်လို့ မီးကုန်ယမ်းကုန်ပျော်ကြသလဲ။ ရုံးသမားတွေက ရုံးရက်ရှည်ပိတ်လို့ ကျောင်းသမားတွေက နွေကျောင်းပိတ်ရက်မို့လို့ ဖြစ်မယ်ထင်ပါတယ်။ တစ်နှစ်လုံး ကျောင်းစာ ရုံးအလုပ်တွေနဲ့ လုံးပန်းခဲ့ရာက ခုချိန်မှာ စိတ်ရှိလက်ရှိ ကဲပစ်လိုက်မယ်ပေါ့။ ကောင်းပါတယ်။ စိတ်ထဲမှာ ဘာမှ ဖိစီးမှုမရှိပဲ ပျော်ရတာလောက် အရသာ ရှိတာ ဘယ်ရှိမလဲ။ ပျော်ရာမှ လွန်ပြီး မပျက်ရင်တော့ ခင်ဗျားရော ခင်ဗျားရဲ့ ပတ်ဝန်းကျင်ကသူတွေပါ အရမ်းစိတ်ချမ်းသာကြမှာပါ။ ကျွန်တော်ကတော့ အပျော်ကြူးတဲ့ ပွဲကြီးကို စိတ်လေတယ်။ မကောင်းမြင်တာ မဟုတ်ပါဘူး။ ကောင်းစေချင်တာပါ။ ကြိုက်တာ မကြိုက်တာ မောင်တို့ သဘော။

သင်္ကြန်မှာ ဘာမှ မလုပ်တာနဲ့တော့ အကျိုးမရှိဘူး ပြောလို့မရဘူးခင်ဗျ။ တကယ်က ဘာမှမလုပ်ပဲ နေလို့ကို မရတာ။ နေကြည့်ဘူးလား။ ဘာမှမလုပ်ပဲနဲ့။ နေလို့မရဘူးဗျ။ သေလို့ရတယ်။ တကယ်က ဘာမှ မလုပ်ပဲ နေနိုင်ဖို့ဆိုတာ တော်တော်ခက်တယ်။ လူဆိုတာ တစ်ခုခုတော့ လုပ်နေရတာကိုး။ အဲဒီတော့ စာအုပ်လေး တစ်အုပ်နဲ့လည်း သင်္ကြန်ကျချင်ရင် ကျလိုက်ပါဗျာ။ ကိုတေဇာလို ဂစ်တာတစ်လက်နဲ့လည်း သင်္ကြန်ကျလို့ရပါတယ်။ ဘယ်လောက်ကောင်းလဲ။ တစ်နှစ်လုံး ဟိုအပူ ဒီအပူတွေနဲ့ လုံးလာတာ။ အခုလည်း နေပူထဲထွက် အပျော်ပူပူကြီးတွေ အပက်ခံဦးမယ်။ ဒါမှမဟုတ် သူများကို ပက်ဦးမယ်ဆိုရင်တော့ ဟုတ်သေးဘူးဗျ။

ပူလောင်စေတဲ့ သင်္ကြန်ရေ အတုတွေနဲ့ မတွေ့ချင်လို့ တကယ့် အေးချမ်းမှုကို ရှာချင်တဲ့သူတွေလည်း အများကြီးပါ။ အသက်ငယ်တာ ကြီးတာနဲ့ မဆိုင်ဘူးနော်။ အသိမြင့်တဲ့သူက မြင့်ကို မြင့်တာ။ မလုပ်နိုင်တဲ့သူကို အပြစ်ပြောတာတော့ မဟုတ်ပါဘူး။ လုပ်နိုင်တဲ့သူတွေကို မုဒိတာ ပွားဖို့ပါ။ ကြည့်ကြစို့။


ဟိုမှာဘက်ကမ်းသို့


ဒီလို လမ်းကနေ


ဒီလိုလမ်းကို သွားကြတယ်


ရှုပ်ထွေးလွန်းတဲ့ တောနက်ကြီးထဲမှာ


အဖြူ အမည်း သဲကွဲချင်တဲ့ ဦးသုန္ဒရ


အပြင်မှာ ပူပေမယ့် အတွင်းမှာ အေးဖို့ ရှာကြတဲ့ နေရာတစ်ခု

အေးချမ်းပါစေ သင်္ကြန်ရေ နဲ့ သင်္ကြန်မောင်မယ်များ ခင်ဗျား။