Sunday, December 2, 2007

Alinkar Music Journal - Online Now !

ကျွန်တော်တို့လို ဂီတကို ၀ါသနာပါတဲ့သူတွေအတွက် ဂီတဆိုင်ရာ သင်တန်း၊ ဒါမှမဟုတ် ကျောင်းရယ်လို့ များများစားစား မရှိခင်က ကျွန်တော်တို့ အမြဲတမ်း စောင့်ဖတ်ရတဲ့ ဂျာနယ်တစ်စောင်ရှိပါတယ်။ အဲဒါကတော့ အင်္လကာ ဂီတဂျာနယ်ပါ။ စာအုပ်တွေကို ၀ယ်ဖတ်ဖို့ ငွေလေး ရွှင်နေရင်(ရှေးဘန်းစကားနဲ့ ပြောရရင် ၀က်ထောနေတဲ့အချိန်ဆိုရင်ပေါ့ဗျာ) ၀ယ်ဖတ်၊ သိပ်မရွှင်ရင်လည်း စာအုပ်အငှားဆိုင်မှာ သွားသွားမေးနေရတဲ့ ဂျာနယ်တစ်စောင်ပေါ့။ ဂျာနယ်ဆိုပေမယ့် မဂ္ဂဇင်းဆိုဒ်၊ မဂ္ဂဇင်းပုံစံနဲ့ပဲ ထွက်တာပါ။ ဟိုးအရင်ကတည်းက ဂီတနဲ့ ပတ်သတ်တဲ့ သတင်းတွေ၊ အင်တာဗျူးတွေ၊ တူရိယာတွေအကြောင်းတွေကို ရေရေလည်လည် ငတ်မွတ်တဲ့နေအချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်တွေကို အဆာပြေရုံတင်မက အာဟာရအပြည့်နဲ့ ဂီတ ညစာတွေ ချချကျွေးခဲ့တဲ့ ဂျာနယ်ပါ။ ကြော်ငြာခရလို့ ကြိုက်တာ မဟုတ်ဘူးနော်။ ကြိုက်လို့ ကြော်ငြာပေးနေတာပါ။

ဒါပေမယ့် သူက ထွက်ရက် မမှန်တတ်ဘူးဗျ။ အဲဒီတော့ ကျွန်တော်တို့မှာ မျှော်တလင့်လင့်ပေါ့ဗျာ။ ဒါပေမယ့် ထွက်လာရင်တော့လည်း စောင့်ရတဲ့သူတွေ မျှော်ရကျိုးနပ်ပါပေတယ်ဗျာ။ နာမည်ကြီး Mainstream Band တွေ တင်သာမက နာမည်ရကာစ Band တွေ၊ Studio ထဲက ဂီတဖန်တီးမှုတွေ၊ ဂီတ သင်ခန်းစာတွေ၊ ကိုစိုင်းရဲ့ Guitar Library လို Workshop ဆန်ဆန် ပြန်လည်ဖြေကြားချက်တွေနဲ့ အရမ်းမိုက်၊ အရမ်းကြွေပေါ့ဗျာ။

ဒီလအတွက် နိုဝင်ဘာလထုတ်(ဟဲ ဟဲ ကြုံတုန်းလေးပြောရရင် အောက်တိုဘာဆိုတဲ့ စာလုံးကို အပေါ်က ထပ်ပြီးတော့ နိုဝင်ဘာဆိုတဲ့ စာလုံး ကပ်ထားတာပေါ့။ ဒါပေမယ့် ရပါတယ်။ ကျေနပ်တယ်။) ကို ဆိုင်တစ်ဆိုင်ကနေ ၀ယ်လာပြီး ဒီနေ့ ကျွန်တော် သွားနေကျ Zero Trash 21 ရဲ့ ဘလော့ကို ရောက်တော့မှ သူ့ဆီမှာ အင်္လကာ ဂျာနယ်ကို အင်တာနက်ပေါ်သို့ ပို့ဆောင်ပြီးကြောင်းတွေ့ရတယ်ဗျ။ နှမြောလိုက်တာ။ မရှိမဲ့ ရှိမဲ့ ပိုက်ပိုက်လေးနဲ့ ဂျာနယ်ဝယ်ထားရတာ။ မြန်မာငွေ ၁၇၀၀ တောင်ပေးရတာဗျ။ ဟဲ ဟဲ။ တကယ်တော့လည်း ကိုယ်အရမ်းလိုချင်တဲ့ ၀ယ်သိမ်းထားဖို့ တန်တဲ့ ဂျာနယ်ဆိုတော့ ပိုက်ပိုက်ကုန်လည်း ၀ယ်ရမှာပေါ့ဗျာ။

ကျေးဇူးပါပဲ အင်္လကာ နဲ့ ကို Zero Trash 21 တို့ရေ။ ခင်ဗျားတို့ ကျေးဇူးနဲ့ အင်တာနက်မှာ ဂီတ အာဟာရတွေ အားပါးတရ စားသုံးပြီး စိတ်ဓါတ်တွေ ဖွံ့ထွားအောင် ကြိုးစားလိုက်ဦးမယ်ဗျာ။

>---> Click Here to visit Alinkar Music Journal <---<