Saturday, October 20, 2007

ဘာလုပ်ခဲ့လဲ / ဘာဖြစ်မလဲ

ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။ ဘာအကျင့်လဲဆိုတော့ ကျွန်တော့်မှာ သတိထားလောက်စရာ အခြေအနေတစ်ခုခု ထူးထူးခြားခြား ဖြစ်လာပြီဆိုရင် ဒီလိုဖြစ်ရတာ အရင်တုန်းက ငါဘာလုပ်ခဲ့လို့လဲဆိုတာ ကြံဖန်ပြီးတော့ ပြန်တွေး ကြည့်တတ်တဲ့ အကျင့်တစ်ခုပါ။

ကျွန်တော် ကံကို ယုံပါတယ်။ ဒါကြောင့် အခုကျွန်တော် ကြုံတွေ့နေရသမျှ အကောင်းအဆိုးမှန်သမျှဟာ ကျွန်တော်ပြုခဲ့ဖူးတဲ့ ကံတွေ တစ်ကျော့ပြန် အကျိုးပေးနေတယ်လို့ ယုံကြည်ပါတယ်။ ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရတယ်ပေါ့။

ကျွန်တော် ထီ တစ်သိန်းဆုပေါက်တယ်ဆိုပါစို့။ ဘာဖြစ်လို့ တစ်သိန်းဆုပေါက်ရတာလဲ။ “သြော် ငါ သူများကို ငွေတစ်သိန်းနဲ့ ညီမျှတဲ့ စေတနာနဲ့ လှူခဲ့ဖူးလို့ဖြစ်မှာပေါ့လေ” အစရှိသဖြင့်ကြံဖန်တွေးကြည့်ပါတယ်။ အဲဒီတစ်သိန်းက သုံးလိုက်တာ ဘာမှ မကြာလိုက်ဘူး။ အိမ်စရိတ်၊ စာအုပ်ဝယ်၊ National တို့ Active တို့မှာ CD/DVD နည်းနည်းပါးပါး ၀ယ်ပြီးတာနဲ့ ပိုက်ဆံအိတ်က အရမ်းပါးသွားတယ်ဆိုပါတော့။ ဒါကရော ဘာဖြစ်လို့လဲ။ “အင်း... ငါက လှူပြီးမှ လှူမယ့်အစား ငါ့ဘာသာ ငါ သုံးချင်တာ သုံးလိုက်ရင် အကောင်းသား ဆိုပြီး တွန့်တိုနေဖူးလို့ ဖြစ်မှာပေါ့လေ” ဒါမျိုးကို ကြံဖန်ပြီး တွေးကြည့်ပါတယ်။

ဒီလိုပါပဲ။ ပိုက်ကျော်ခြင်းတွေ ဘာတွေ ကစားရင်းနဲ့ ကျွန်တော်က လူတစ်ယောက်ကို မတော်တဆ ခြေထောက်နဲ့ ကန်ဖူးတယ် ဆိုပါတော့။ ကျွန်တော့်ကို ဘယ်သူ ခြေထောက်နဲ့ ပြန်ကန်မလဲဆိုတာ အမြဲတမ်း သတိထားပြီး စောင့်ကြည့်ပါတယ်။ မျှော်လင့်ထားသလို ကျွန်တော့်ကို ခြေထောက်နဲ့ ပြန်ပြီး အကန်ခံရတဲ့နေ့ကျရင် ကျွန်တော် စိတ်မဆိုးပါဘူး။ အဲဒီနေ့က ကျွန်တော်မျှော်လင့်ထားတဲ့ နေ့ပဲလေ။ တစ်နေ့ ဒီလိုဖြစ်လာရမှာပဲ။ ကိုယ်လုပ်ခဲ့လို့ ကိုယ်ခံရတာပဲ။ ဘာမှ စိတ်မဆိုးစရာ မလိုပါဘူး။
ကျွန်တော် အခုလိုပြောနေတာ ကံကို မယုံကြည်တဲ့ အခြားဘာသာဝင်များကို ထိခိုက်ပြောဆိုလိုခြင်း လုံးဝ မရှိပါဘူး။ ဗုဒ္ဓဘာသာဝင်တွေလို့ သိထားတဲ့သူတွေ ကိုယ်တိုင်တောင်မှ ကံကို မယုံကြည်ကြသေးတာပဲ။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့်ရှိတယ်ဆိုတော့ ကံကို မယုံကြည်တာ တစ်ခုထဲနဲ့တော့ ဘာမှ ပြောစရာမရှိဘူးလို့ ယူဆပါတယ်။
ကျွန်တော်တစ်ယောက်တည်းအနေနဲ့ အယူအဆ တစ်ခုကို ပြောရမယ်ဆိုရင် မတော်တဆ ဒါမှမဟုတ် တိုက်ဆိုင်မှု ဆိုတာ မရှိပါဘူး။ အရာအားလုံးဟာ လူတွေရဲ့ စေတနာဦးဆောင်ပြီး လုပ်ခဲ့တဲ့ အလုပ်တွေကနေ ဖြစ်ပေါ်လာတဲ့ ရလဒ်တွေ ချည်းပါပဲ။
ကျွန်တော်ကတော့ ကံကို ယုံတယ်ဗျ။