Monday, September 10, 2007

ရွှေသွေးထဲက Relativity Theory

ကျွန်တော် ငယ်ငယ်တုန်းက ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသား စတဲ့ စာစောင်တွေကို အလွန်ပဲ နှစ်သက်စွဲလမ်းခဲ့ပါတယ်။ စွဲလမ်းဆို အခြား ဖတ်စရာ ကလေးစာစောင်တွေလည်း အခုခေတ်လို များများစားစား ရွေးချယ်စရာမရှိခဲ့ပါဘူး။ အဲဒီလို ဖတ်ခဲ့ရတဲ့အထဲက အခုအချိန်ထိ စိတ်ထဲမှာ မှတ်မိနေတဲ့ ကာတွန်းဇာတ်လမ်းလေးတွေ၊ ဟာသ ဇာတ်လမ်းလေးတွေ၊ ပညာပေးဇာတ်လမ်းလေးတွေ ရှိပါတယ်။ အခုတော့လည်း လွမ်းစရာပေါ့ဗျာ။ အဲဒီအချိန်တုန်းက ကျွန်တော် လေးနှစ်လောက် နေခဲ့ဖူးတဲ့ ရေနံချောင်းမြို့လေးရဲ့ ဈေးထဲက တရုတ်စတိုးဆိုင်မှာ ကာတွန်းစာအုပ်မျိုးစုံ ငှားပါတယ်။ အမေတို့ ဈေးဝယ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ညီအစ်ကိုတွေက အဲဒီဆိုင်ထဲက ကာတွန်းစာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ် လောဘတကြီး လိုက်မြည်းနေတာပေါ့။ ဆိုင်ရှင်တရုတ်ကြီးနဲ့ တရုတ်မကြီးက ““ဆိုင်ဖတ်ခ ပေးရမယ်နော်”” ဆိုပြီး အမြဲတမ်းနောက်တတ်ပါတယ်။ ကျွန်တော်တို့ကလည်း ညီအစ်ကို တစ်ယောက်ကို တစ်အုပ်မဟုတ်ပဲ လက်ထဲမှာ စာအုပ် လေးငါးအုပ်လောက်ကို လောဘတကြီး ကိုင်ထားပြီး လိုက်မြည်းကြတာလေ။ အဲဒီလို အားရပါးရ လိုက်မွှေပြီး အကြိုက်ဆုံး စာအုပ် တစ်ယောက်ကို နှစ်အုပ်၊ သုံးအုပ်လောက် ပိုက်ပြီး အိမ်ကို ပြန်ကြတာပါ။ အိမ်အပြန်လမ်းကျတော့မှ စာအုပ်အရောင်းဆိုင်တစ်ဆိုင်မှာ အသစ်ထွက်တဲ့ ရွှေသွေး၊ တေဇ စသည်တို့ကို ၀င်ဝယ်ရတာပါ။

ကျွန်တော်မှတ်မိတဲ့ ကာတွန်းစာအုပ်တွေကတော့ ဦးအောင်ရှိန်ရဲ့ ဦးကပ်စီး (ခင်မောင်သိန်းထွန်းဝင်းတို့ တိုက်ဂါးတို့ပါတယ်လေ။ ပြောရင်း ဖတ်ချင်လာပြီ။)၊ ဦးရှံစားနဲ့ ဦးဒိန်းဒေါင်၊ ဦးစိတ်တိုနဲ့ မျောက်ညို၊ ဦးသန်းကြွယ်ရဲ့ ကာတွန်းတွေ၊ နောက်ပြီး ရွှေခေါင်းပြောင်(ကာတွန်း အောင်အောင်လားမသိ။ သူဆွဲထားတဲ့ ကာတွန်းလက်ရာတွေကိုတော့ အခုထိ မျက်စိထဲက မထွက်ဘူး)၊ ကိုပူစီ၊ ဒီလုံး၊ မောင်မောင်ရဲ့ ဘဲဥ စာမဲ့ကာတွန်းတွေနဲ့ မုဆိုးကျော် ဖိုးထော်ကာတွန်းတွေ၊ စုံထောက် ကြံ့ဗဟုံးနဲ့ မမှတ်မိတော့တွေလည်း အများကြီး ရှိဦးမှာပါ။ ကိုဆွေမင်း(ဓနုဖြူရဲ့) တွတ်ပီနဲ့ ဗိုက်ကလေးတို့က ရွှေသွေးမှာကတည်းက ကြိုက်ပါတယ်။ ရွှေသွေးထဲက ထူးထူးခြားခြား မှတ်မိနေတဲ့ ကာတွန်းဆရာတစ်ယောက်ရဲ့ လက်ရာတစ်ခုရှိပါတယ်။ ကလောင်အမည်ကို လူရှည်(တောင်တန်း)လို့ ထင်ပါတယ်။ ဘာလို့မှတ်မိရသလဲဆိုတော့ သူ့ရဲ့ကာတွန်းတွေကို မျဉ်းဖြောင့်တွေနဲ့ပဲ ဆွဲထားလို့ပါ။ လက်နဲ့ချည်းပဲ ဆွဲတာဟုတ် မဟုတ်တော့ မသိပါဘူး။ ဒါပေမယ့် သူ့ရဲ့ ပေတံနဲ့ဆွဲသလို ဖြောင့်တန်းနေတဲ့ မျဉ်းတွေပဲ ပါဝင်ပြီး မျဉ်းကွေးတစ်ချက်မှ မပါတဲ့ လက်ရာကိုတော့ ခုထိမှတ်မိပါသေးတယ်။ ရွှေသွေးထဲက အခြား မှတ်မိတဲ့ ကာတွန်းတွေကတော့ မြေဇာရဲ့ စိန်မျောက်မျောက်၊ ဌေးဝင်းရဲ့ ကောက်ချိတ်တို့ဖြစ်ပါတယ်။ ရွှေသွေးထဲက နောက်ကျောဖုံး ကဗျာနဲ့ အတွင်း ပညာပေးဇာတ်လမ်းသရုပ်ဖော် ပန်းချီဆရာကြီး ဦးစိန်ရဲ့ လက်ရာတွေဆိုလည်း ခုထိမှတ်မိပါသေးတယ်။ သူ့ရဲ့ လက်ရာ ကောင်လေး၊ ကောင်မလေးတွေနဲ့ လူပုံအားလုံးက ချောချောလှလှနဲ့ လူကြီးမိဘတွေရဲ့ပုံဆိုလည်း အရမ်းခန့်ပါတယ်။ အဖေပုံဆိုရင် အဖေပီပီသသ အားကိုးချင်စရာ၊ လေးစားချင်စရာကောင်းအောင် ရေးဆွဲထားတတ်တာမို့ပါ။

ငယ်ငယ်တုန်းက ကာတွန်းတွေ ပြန်ပြီး အလွမ်းသယ်နေရတာနဲ့ လိုရင်းမရောက်ဖြစ်နေပါပြီ။ ကျွန်တော်မှတ်မိတဲ့ ရွှေသွေး မျက်နှာဖုံး ကာတွန်းလေးတစ်ခုကို ပြန်ပြီး ဖောက်သည်ချချင်တာပါ။ အဲဒီဇာတ်လမ်းလေးကို ကိုနေဘုန်းလတ်တို့ ကိုစိုးဇေယျတို့နဲ့ ဗျစ်ရည်ဆိုင်မှာတောင် ပြောဖြစ်ပါသေးတယ်။

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီးက သူ့ရဲ့ ပညာရှိ အမတ်ကြီးတွေကို ပညာစမ်းတဲ့အနေနဲ့ မေးခွန်းလေးတစ်ခုမေးပါတယ်။ ဘယ်လိုမေးသလဲဆိုရင် ဘုရင်ကြီးက ကျောက်သင်ပုန်းတစ်ချပ်မှာ မျဉ်းဖြောင့်တစ်ကြောင်း ရေးဆွဲလိုက်ပါတယ်။ ပြီးတော့ အမတ်ကြီးတွေကို ““ ဒီမျဉ်းကြောင်းကို ဖြည့်စွက် ရေးဆွဲခြင်းလည်း မပြု၊ ဖျက်ပစ်ခြင်းလည်း မပြုဘဲနဲ့ အဲဒီမျဉ်းကြောင်းကို တိုလာအောင်ရယ် ရှည်လာအောင်ရယ် လုပ်နိုင်ကြသလား””လို့ မေးပါတယ်။


ပညာရှိအမတ်ကြီးများ တစ်ယောက်မှ အဖြေ မပေးနိုင်ကြပါဘူး။ ဒီတော့မှ ဘုရင်ကြီးက အဖြေကို ဒီလိုပေးပါတယ်။ ဘုရင်ကြီးက အဲဒီ ကျောက်သင်ပုန်းပေါ်မှာ မူလမျဉ်းဖြောင့်ထက် ရှည်တဲ့နောက်ထပ် မျဉ်းဖြောင့် တစ်ကြောင်းကို ထပ်ဆွဲလိုက်ပါတယ်။ အဲဒီတော့ မူလမျဉ်းကြောင်းက မျဉ်းကြောင်းအသစ်လောက် မရှည်တော့ အလိုလိုနေရင်း တိုသွားတာပေါ့။ ပြီးတော့ မူလ မျဉ်းကြောင်းထက် တိုတဲ့ မျဉ်းကြောင်းတစ်ကြောင်းဆွဲလိုက်ပါတယ်။ အဲဒီတော့ မူလမျဉ်းကြောင်းက နောက်ဆုံး မျဉ်းကြောင်းထက် ရှည်တဲ့အတွက် အလိုလိုနေရင်း သူက ရှည်တဲ့ မျဉ်းကြောင်း ဖြစ်လာတာပေါ့။


ဘုရင်ကြီးရဲ့ နောက်ဆုံး ကောက်ချက်ချတဲ့ စကားက မှတ်သားလောက်ပါတယ်။ ““ ဘယ်အရာမှ သူ့ချည်းပဲ တိုတယ်၊ ရှည်တယ်၊ ဖြူတယ်၊ မည်းတယ်၊ ကောင်းတယ်၊ ဆိုးတယ် ဆိုတာ မရှိဘူး။ ဒါပေမယ့် အခြား အရာ တစ်ခုခုနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါမှသာ မူလအရာဝတ္ထုတွေဟာ အလိုလိုနေရင်း အတိုအရှည်၊ အဖြူအမည်း၊ အကောင်းအဆိုး ဆိုတာ ဖြစ်ပေါ်လာရတယ်။”” လို့ ဆိုပါတယ်။

ကျွန်တော်ကတော့ အဲဒီအချိန်တုန်းက ဒါကို Relativity Theory ဖြစ်တယ်တို့ ဘာတို့ ဘယ်လိုလုပ် သိမှာလဲ။ (အခုလည်း သိပ်မသိသေးပါဘူး။) ““ဟာ... ဒီဥာဏ်စမ်းလေးမိုက်တယ်။ သူများကို ပြန်မေးဖို့ မှတ်ထားဦးမှ”” ဆိုတာလောက်ပဲ ခေါင်းထဲမှာ ရှိတာပေါ့။ ကျွန်တော်ကြားဖူးတဲ့ Relativity Theory ရဲ့ အရှင်းလင်းဆုံး ရှင်းလင်းချက်ဥပမာလေးကို မှတ်မိသလို ပြောပါရစေ။ တော်တော်များများလည်း ကြားဖူးပြီးသားဖြစ်မှာပါ။ ဘာလဲဆိုတော့ လူတစ်ယောက်ဟာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ တစ်နာရီ အတူတူထိုင်ရတာကို ခဏလေးလို့ ထင်ပေမယ့်၊ ကျားကြီးတစ်ကောင်နဲ့ အတူနေရမယ်ဆိုရင်တော့ တစ်နာရီကို တစ်ကမ္ဘာလောက်ကြာတယ်လို့ ထင်ရပါတယ်ဆိုတဲ့အကြောင်းပါ။ အချိန်တစ်နာရီကိုပဲ အခြေအနေ အမျိုးမျိုးနဲ့ နှိုင်းယှဉ်ကြည့်ပြီးမှ ကြာတယ်၊ မြန်တယ်ဆိုပြီး ထင်မြင်ယူဆကြတာပါ။ ဒီလိုပဲ အပေါ်က မျဉ်းကြောင်းလေးကိုလည်း သူနဲ့ နှိုင်းယှဉ်စရာ အခြားမျဉ်းကြောင်းလေးတွေ ရှိတော့မှသာ သူ့ကို ရှည်တယ်၊ တိုတယ်ဆိုပြီး အမျိုးမျိုးကောက်ချက်ချလို့ရတာပါ။

အထက်က ပုံပြင်လေးဟာ မြန်မာပုံပြင်လေး ဖြစ်ချင်မှလည်း ဖြစ်မယ်ပေါ့။ ဘာသာပြန်၊ မှီငြမ်း တစ်ခုခုဖြစ်ချင်လည်း ဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဒီပုံပြင်လေးကနေ အတွေးတွေကို နယ်ချဲ့ချင်သလောက် ချဲ့လို့ရပါတယ်။ ကျွန်တော် ငယ်ငယ်က ကာတွန်းစာအုပ်တွေ လိုက်ဖတ်ရင်း မှတ်မိနေတဲ့ ပုံပြင်ဇာတ်လမ်းလေးကို အရွယ်ရောက်လာချိန်မှ ပြန်စဉ်းစားမိတိုင်း အတွေးတွေ ပေးနေတဲ့ ပုံပြင်လေးပါ။ ကျွန်တော် ဘယ်သူ့ကို ဘာတွေနဲ့ နှိုင်းယှဉ်ပြီး ဘယ်လို ကောက်ချက်ချခဲ့သလဲလို့ ကိုယ့်ကိုကိုယ် ပြန်ပြီး မေးနေမိစေ တတ်ပါတယ်။