Saturday, September 15, 2007

ဘောင်းဘီဝတ် မျက်လုံး (သို့မဟုတ်) ဘာလုပ်နေလဲ မောင်မျက်လုံး

တစ်နေ့ ကိုဘလာဂေါက်တို့ ကိုနေဘုန်းလတ်တို့နဲ့ စကားပြောနေကြတုန်း ကိုဘလာဂေါက်က ပြောပါတယ်။

“ကိုနေဘုန်းလတ်တို့က အင်တာနက်ကဖီးတင် ဖွင့်ထားတာ မဟုတ်ဘူးဗျ။ ဖက်ရှင်ဆိုင်ပါဖွင့်ထားတာ။ ဟဲ ဟဲ.. ကိုမျက်စိကြီးကို ကြည့်ပါလား။ အရင်တုန်းက ပုဆိုးလေးနဲ့။ ခုတော့ ကိုနေဘုန်းလတ်တို့ ဆိုင်ကိုရောက်တော့မှ ဘောင်းဘီနဲ့ချည်းပဲ”

အဲဒီတော့ ကိုနေဘုန်းလတ်က ပြောပါတယ်။

“ဘယ်သိမလဲကွာ။ ဟို ကောင်မလေးကို ကြိုက်နေလို့ ပဲတွေ ထုတ်နေတာလားမှ မသိတာ”

“ဟား ဟား ဟား ဟား”
“ဟား ဟား ဟား ဟား”
“................................”

တကယ်က ကျွန်တော် ဘောင်းဘီကို အရင်ကတည်းက တစ်ပတ်ကို ၅ ရက် မ၀တ်ချင်ပဲ ဖြစ်ဖြစ်၊ ၀တ်ချင်လို့ပဲ ဖြစ်ဖြစ် ၀တ်ခဲ့ရတာဗျ။ ဘာဖြစ်လို့လဲဆိုတော့ အရင် လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီက ဘောင်းဘီကို စတိုင်ပဲဖြစ်ဖြစ်၊ ဂျင်း ပဲဖြစ်ဖြစ် မ၀တ်မနေရပါ။ အဲဒီတော့ အဲဒီကုမ္ပဏီမှာ လုပ်ခဲ့တဲ့ ခြောက်နှစ်ခွဲကာလလုံးလုံးက ဘောင်းဘီပဲ မချွတ်တမ်း ၀တ်ခဲ့ရတာ။ အဲဒီ အလုပ်က ထွက်ပြီးနောက်ပိုင်း ဘောင်းဘီ မ၀တ်တော့ပဲ ပုဆိုးပဲ အ၀တ်များပါတယ်။ အရမ်း သံယောဇဉ်ရှိတဲ့ အလုပ်တစ်ခုပေမယ့် အခြေအနေ အကြောင်းတစုံတရာကြောင့် ခွဲခွာ ထွက်ခဲ့ရတာကို ပြောချင်တာပါ။ ဘာအခြေအနေကြောင့်လဲဆိုတော့ နေ့စဉ်ပုံမှန် Routine လည်ပတ်နေရတဲ့ အလုပ်ကို ငြီးငွေ့တာကြောင့်ပါ။

အခြား ကိုယ်လုပ်ချင်တဲ့ အလုပ်မျိုးကို မပြောင်းနိုင်သေးလို့ရယ်၊ ကိုယ်နဲ့ ခင်မင် ရင်းနှီးပြီး စိတ်သဘောထား အလွန်ပြည့်ဝတဲ့မိတ်ဆွေ အပေါင်းအသင်းတွေကြောင့်ရယ်သာ ခြောက်နှစ်ခွဲလောက် အဲဒီ အလုပ်မှာ မြဲခဲ့တာပါ။ တကယ်တော့ ပုံမှန် လည်ပတ်နေရတဲ့ ငြီးငွေ့မှုကို အပြစ်ဆိုစရာ ရှိတာကလွဲရင် ကုမ္ပဏီရဲ့ Managing Director က အစ Genaral Manager တို့ Project Manager တို့ Chief Engineer တို့ Deputy Chief Engineer အဆုံး အားလုံးက မကြုံဘူးလောက်အောင်ကို ပညာရည်နဲ့စိတ်သဘောထား ပြည့်ဝကြတဲ့ သူတွေပါ။ ဒါပေမယ့် ပျော်ရာမှ မနေရ၊ တော်ရာမှ နေရ ဆိုသလို ကျွန်တော်ကတော့ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး ၀ပ်နေရတာထက်စာရင် မမြင်ဘူးတဲ့ အမှောင်ကြီးထဲကို စမ်းသပ်တိုးဝင် လမ်းလျှောက်ကြည့်ရတာကို ပိုပြီး ရင်ခုန်ပါတယ်။ ကျွန်တော့်ရဲ့ အမှောင်ထဲမှာ လမ်းလျှောက်ခြင်း ပို့စ်ထဲက လိုပေါ့။

အဲဒီနောက်ပိုင်း သူငယ်ချင်းတစ်ယောက်ဆီမှာ တစ်နှစ်လောက် ၀င်လုပ်ခဲ့သေးတယ်။ အခု အဲဒီက ထွက်ပြီးတဲ့ အဲဒီအချိန်မှာမှ ကိုဂေါက်တို့နဲ့ ဆုံဖြစ်တာဆိုတော့ ဒီလိုပဲ ပုဆိုးဝတ်မျက်လုံးလို့ ဖြစ်နေတာပေါ့ဗျာ။ အဲဒီ ပုဆိုးဝတ်၊ ဘောင်းဘီဝတ်လိုပဲ တကယ်တမ်း ဆက်ပြောကြေးဆိုရင် ဒေသစွဲကိစ္စတွေပါ မဆုံးအောင် ဆက်ပြောလို့ရတယ်ဗျ။ အချို့သူငယ်ချင်း မိတ်ဆွေတွေက မေးတယ်။ မင်းက ဘယ်ဇာတိလဲတဲ့။ အဲဒါ ကို လွယ်လွယ်ပြောရင်တော့ ရန်ကုန်ဇာတိပေါ့။ ဒါပေမယ့် ကျွန်တော်က ရန်ကုန်သားလို့ ပြောဖို့ ခက်တယ်ဗျ။ ရန်ကုန်မှာမွေးပြီး ကြီးပြင်းတာကတော့ နယ်အနှံ့ပဲဆိုတော့ ကျွန်တော့်ကို ကျွန်တော် ဘာမြို့သားဆိုတဲ့ အစွဲ သိပ်မရှိတော့ဘူး။ ကျွန်တော့်သူငယ်ချင်းတွေ တော်တော်များများကတော့ မွေးဖွားချိန်ကနေ လက်ရှိအချိန်ထိ နေလာတဲ့မြို့ကိုပဲ သူတို့ရဲ့ မြို့လို့ သတ်မှတ်ပြီး စွဲလမ်းကြပါတယ်။ မြို့တင်မဟုတ်ပါဘူး။ ကျောင်းကိုလည်း စွဲလမ်းကြပါတယ်။ ကျွန်တော့်အတွက် ဒေသစွဲ၊ မြို့စွဲ၊ ကျောင်းစွဲတွေကို ကြားရ မြင်ရတဲ့အခါ ကျွန်တော်ဟာ ဂြိုဟ်သားတစ်ယောက်လို ကိုယ်နဲ့ မဆိုင်သလိုကြီး ဖြစ်နေတယ်။ ဒါက စကားစပ်လို့ပြောတာပါ။ အဲဒီ အစွဲတွေကို နိုင်ငံရေး၊ ဘာသာရေးအထိ ဆွေးနွေးကြမယ်ဆိုရင် လူမျိုးစွဲ၊ ဘ၀စွဲ စသည်ဖြင့် အများကြီး ပြောစရာတွေ ရှိဦးမှာပါ။

အဓိက ကျွန်တော်ပြောချင်တာက ဘောင်းဘီ မဟုတ်ပါဘူး။ အစွဲတွေ အကြောင်းလည်း မဟုတ်ပါဘူး။ ကျွန်တော် ကိုပွတ်ကြီးရဲ့ “အလိုရှိသည်” ပို့စ်ကို ဖတ်ပြီး ရေးချင်နေတဲ့အကြောင်းလေး တစ်ခုရယ်၊ အခုတစ်လော ဘလော့ဂ်မှာ ဆက်ဆံရေးကြဲနေတာကို တောင်းပန်ချင်လို့ပါ။

ခုတလော ကျွန်တော့်မှာ စီဘောက်စ်ထဲမှာလည်း တစ်ယောက်ချင်းစီ မနှုတ်ဆက်နိုင်၊ ကွန်မန့်တောင် အနိုင်နိုင်၊ ပို့စ်တွေကလည်း ခပ်ညံ့ညံ့ လဘက်ရည်လို ကျဲတောက်တောက် ဖြစ်နေရတယ်။ လာဖတ်သူများကို စော်ကားသလိုများဖြစ်သွားရင် တောင်းပန်ပါရစေ။ အကြွေးတွေကို တရုတ်ကားတွေထဲမှာ ပြောသလို နောင်ဘ၀ထိ သယ်မသွားပါဘူးဗျာ။ သိပ်မကြာခင် ပို့စ်တွေ တင်ဦးမှာပါ။ ဓားသမားဟာ ထစ်ခနဲရှိ ဓားဆွဲသလို၊ တရားသမားဟာ ဖြစ်သမျှအကြောင်း တရားနဲ့ဖြေသလို၊ ဘလော့ဂါဆိုတော့လဲ ဘလော့ဂ်ထဲမှာပဲ ပြောချင်သမျှ ပြောဖြစ်ဦးမှာပါ။

အလုပ်ထဲက တွေ့ဖူးကြုံဖူးတဲ့ အတွေ့အကြုံတွေရယ်၊ blogger.com မှာ ဘလော့ဂ်ရေးနေတဲ့ Blogspot ဘလော့ဂါတွေအတွက် ကျွန်တော် ဖတ်နေတဲ့ SEO (Search Engine Optimization) အကြောင်းလေးတွေရယ် ရေးဖို့ကြံစည်နေပါတယ်ဆိုတဲ့အကြောင်းလေး အသိပေးပါရစေခင်ဗျာ။