Friday, September 21, 2007

သားသားအတွက်

သားသားရေ...
သားသားကို ဖေဖေ့ရဲ့ မျှော်လင့်ချက်တွေအတွက် မကြိုးစားခိုင်းပါဘူး
သားသားရဲ့ မျှော်လင့်ချက်တွေကိုတော့ ဘယ်တော့မှ မဆုံးရှုံးစေနဲ့နော်

သားသားရေ...
သားသားရှိမှ ဖေဖေ့ဘ၀ အဓိပ္ပါယ်ရှိလာတယ်လို့ မပြောချင်ပေမယ့်
သားသားအတွက် ဖေဖေက အမြဲတမ်း အဓိပ္ပါယ်ရှိနေမှာပါ

သားသားရေ...
သားသားမှာ နောက်ထပ် ပေါင်းသင်းခင်မင်စရာ၊ ချစ်စရာ လူတွေ အများကြီးတွေ့ရဦးမှာပါ
ဖေဖေကတော့ သားသားနဲ့တင် ချစ်ရမယ့်လူတွေ ထပ်မရှိနိုင်တော့ပါဘူးကွာ

သားသားရေ...
သားသားအတွက် ဖေဖေက စည်းစိမ်ဥစ္စာတွေ အများကြီးမပေးနိုင်ရင်တောင်
စည်းစိမ်ဥစ္စာအတွက် မမိုက်မဲဖို့ သင်ခန်းစာတွေ လုံလုံလောက်လောက် ပြောပြမှာပါကွာ

သားသားရေ...
သားသားအတွက် ချုပ်နှောင်တဲ့ စည်းကမ်းတွေနဲ့ အမြင့်ကြီးကို တင်ပေးမယ့်အစား
လွတ်လပ်ပြီး သားသားခုံမင်တဲ့ ဘ၀မျိုးကိုပဲ ရောက်စေချင်တာပါကွာ

သားသားရေ...
ဘယ်သူက ဘာကွ၊ ဘယ်အရာက ဘယ်လိုကွ ဆိုတာမျိုး ပြောပြဖို့ထက်
သားသားရဲ့ လွတ်လပ်တဲ့ အတွေးအခေါ်တွေကို ၀ိုင်းပြီးဆွေးနွေးဖို့ ပိုပြီး စိတ်ဝင်စားတယ်ကွာ

သားသားရေ...
နိုင်ငံတကာ အဆင့်မှီ ဘွဲ့တွေ၊ ဒီဂရီတွေနဲ့ ပညာတတ်ကြီး မဖြစ်ချင်နေပါစေ
ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် နေတတ်တဲ့ ပညာရှိကြီး ဖြစ်ပါစေကွာ

သားသားရေ...
ဖေဖေစကားတွေ သားတစ်ချိန်မှာ ဖတ်ပြီးရင်
တို့နှစ်ယောက် ထပ်ပြီး အသေးစိတ် ဆွေးနွေးကြဦးမယ်ကွာ။ ။

နောင်ကိုလည်း ဖေဖေ စိတ်ကူးရသလို ရေးသွားဦးမယ်နော်။

Sunday, September 16, 2007

လူဆိုးစာရင်း

လူအများနဲ့ အလုပ်လုပ်ကြပြီဆိုရင် တွေ့ရတတ်တဲ့ လူဆိုးတွေ ရှိတယ်ဗျာ။ ဒီလို ပြောလို့ မင်းက ဘယ်လောက် ကောင်းလို့လဲ ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း ခပ်ဆိုးဆိုးပါပဲ။ ဒါပေမယ့် ကျွန်တော် ကြုံခဲ့ဖူးပြီး နောက်ထပ် မကြုံချင်တဲ့ လူဆိုးစာရင်းကို ပြုစုကြည့်တာပါ။

(၁) ကိုယ်တိုင် အလုပ်မလုပ်ပဲနဲ့ သူများလုပ်ထားတာကို နာမည် ၀င်ယူတဲ့လူ
(၂) အထက်လူကြီးရဲ့ မျက်နှာမရ ခြေထောက်ပဲရမယ့် အလုပ်မျိုးကို ဟိုလူ ဒီလူကို အတင်း ထိုးပေးတဲ့လူ
(၃) အထက်လူကြီးရဲ့ ရှေ့မှာ အလုပ်အရမ်းကြိုးစားသယောင်နေပြပြီး ကွယ်ရာမှာ ဘာမှ မလုပ်တဲ့လူ
(၄) ကိုယ်တစ်ယောက်ထဲ ကောင်းစားဖို့အရေး အများကို ချောက်ချ၊ တွန်းတိုက်၊ နင်းကန်ပြီး အပေါ်ကို တက်တဲ့လူ
(၅) ကိုယ့်ထက်သာ မနာလိုတဲ့လူ
(၆) အထက်ဖား အောက်ဖိတဲ့လူ
(၇) အပြောချိုချိုနဲ့ စကားနှိုက်ပြီး ကွယ်ရာမှာ အတင်းတုတ်တဲ့လူ
(၈) နေရာတကာ ဆရာကြီးမလုပ်ရရင် မနေနိုင်တဲ့လူ
(၉) ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ စပ်စပ်စုစု မေးတဲ့လူ
(၁၀) အလုပ်လုပ်တယ်ဆိုတာ ပိုက်ဆံရဖို့ ဆိုတာလောက်ပဲ သိတဲ့လူ

ထပ်ဖြည့်ချင်တာ ရှိရင် ပြောသွားကြဦးဗျာ။ ကျွန်တော်တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ဦးမယ်။

ရေးသားသူ

သူများကို ဝေဖန်ဖို့ပဲ မျက်လုံးဒေါက်ထောက်ကြည့်နေသူ :P

ထပ်ဖြည့်သူများ

ထပ်ဖြည့်မယ်...
၁၁။ သူများဘာလုပ်၂ ငါလုပ်တာလောက်မကောင်းဘူးလို့ထင်နေတဲ့သူ ...။
၁၂။ သူများရဲ့ စိတ်ခံစားချက်ကို အလေးမထားပဲ ကိုယ့်အတွက်ပဲသိတဲ့သူ...။
ထပ်ဖြည့်သူ
ဘေးထိုင်ဘုပြော လေးမ

ထပ်ဖြည့်မယ်
မုံ့ဝေရင် ရှေ့ဆုံးက နေရာယူ
တုတ်ဝေတော့ နောက်မှာ ရှောင်ဖယ်သူ
အဟိ နာကတော့ နေရာတကာ ဆရာကြီးမလုပ်ရရင် မနေနိုင်တဲ့လူ


၁၃။ ကိုယ့်ဘက် ကို ယက်တဲ့သူ
၁၄။ သူများပြော စကားကို စိတ်မ၀င်စားသလိုလိုနဲ့ ခိုးနားထောင်သူ
၁၅။ ကိုယ့် ကို ကိုယ်တော်ပြီထင်ပြီး.. ကိုယ့် ခံစားချက်ကို မဖုံးဖိနိုင်သူ

အလုပ်ချိန်မှာ အလုပ်လုပ်ချင်ယောင်ဆောင်ပြီး အင်တာနက်ဝင်လိုက် ဘလော့တွေဖတ်လိုက် ကိုယ့်ဘလော့အတွက် စာရေးလိုက် လုပ်နေတဲ့လူ ။ (အဟီး.. ဘယ်သူလဲ မသိ)

ကျနော်လဲ ပါမယ်ဗျို့။ ပြောသာပြောရတယ်။ ကိုမျက်လုံး ရေးထားတဲ့ အချက် (၁၀) ချက်ထဲက ဘယ်အချက်က ကျနော်နဲ့ ငြိနေမလဲ မသိ။ အို… ဘယ်အချက်မှ မငြိလောက်ပါဘူး။ ငါ လူတော်ကွ။ ဒီလူက သူရေးမှ ငါသိမယ်ထင်နေလား မသိဘူး။ ဒီလောက်ကတော့ လူတိုင်း သိတယ်။ သက်သက် ရေးစရာပို့စ်မရှိတိုင်း ဆရာလိုလို သဘာလိုလို လျှောက်တင်နေတယ်။ အဲဒီလိုလူလဲ လူဆိုးဗျို့။ :D
နောက်တခု…လူအများခံစားချက်ကို လစ်လျူရှုပြီး ကိုယ်လုပ်ချင်ရာပဲ လုပ်တဲ့လူလဲ လူဆိုးပါဗျို့။

ထပ်မံဖြည့်စွက်သွားတဲ့ မလေးမနဲ့ သယ်ရင်းမယ်လိုဒီ၊ မနှင်းပွင့်၊ မပန်၊ ကိုကလိုစေးထူး တို့ကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ ကျွန်တော်ကုမ္ပဏီဖွင့်ရင် ရာထူးကြီးကြီးပေးပါရစေခင်ဗျာ။ :P
မနှင်းပွင့်ရေ၊ လူဆိုးဖမ်းဖို့ အစီအစဉ်မရှိပါဘူးခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း လူဆိုးတစ်ယောက်ပဲလေ။ ပြီးတော့ အသိမိတ်ဆွေတွေကလည်း ခပ်ဆိုးဆိုးတွေဆိုတော့ ... အင်း ... ဖမ်းလို့ မဖြစ်သေးပါဘူးဗျာ။ :P

Saturday, September 15, 2007

ဘောင်းဘီဝတ် မျက်လုံး (သို့မဟုတ်) ဘာလုပ်နေလဲ မောင်မျက်လုံး

တစ်နေ့ ကိုဘလာဂေါက်တို့ ကိုနေဘုန်းလတ်တို့နဲ့ စကားပြောနေကြတုန်း ကိုဘလာဂေါက်က ပြောပါတယ်။

“ကိုနေဘုန်းလတ်တို့က အင်တာနက်ကဖီးတင် ဖွင့်ထားတာ မဟုတ်ဘူးဗျ။ ဖက်ရှင်ဆိုင်ပါဖွင့်ထားတာ။ ဟဲ ဟဲ.. ကိုမျက်စိကြီးကို ကြည့်ပါလား။ အရင်တုန်းက ပုဆိုးလေးနဲ့။ ခုတော့ ကိုနေဘုန်းလတ်တို့ ဆိုင်ကိုရောက်တော့မှ ဘောင်းဘီနဲ့ချည်းပဲ”

အဲဒီတော့ ကိုနေဘုန်းလတ်က ပြောပါတယ်။

“ဘယ်သိမလဲကွာ။ ဟို ကောင်မလေးကို ကြိုက်နေလို့ ပဲတွေ ထုတ်နေတာလားမှ မသိတာ”

“ဟား ဟား ဟား ဟား”
“ဟား ဟား ဟား ဟား”
“................................”

တကယ်က ကျွန်တော် ဘောင်းဘီကို အရင်ကတည်းက တစ်ပတ်ကို ၅ ရက် မ၀တ်ချင်ပဲ ဖြစ်ဖြစ်၊ ၀တ်ချင်လို့ပဲ ဖြစ်ဖြစ် ၀တ်ခဲ့ရတာဗျ။ ဘာဖြစ်လို့လဲဆိုတော့ အရင် လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီက ဘောင်းဘီကို စတိုင်ပဲဖြစ်ဖြစ်၊ ဂျင်း ပဲဖြစ်ဖြစ် မ၀တ်မနေရပါ။ အဲဒီတော့ အဲဒီကုမ္ပဏီမှာ လုပ်ခဲ့တဲ့ ခြောက်နှစ်ခွဲကာလလုံးလုံးက ဘောင်းဘီပဲ မချွတ်တမ်း ၀တ်ခဲ့ရတာ။ အဲဒီ အလုပ်က ထွက်ပြီးနောက်ပိုင်း ဘောင်းဘီ မ၀တ်တော့ပဲ ပုဆိုးပဲ အ၀တ်များပါတယ်။ အရမ်း သံယောဇဉ်ရှိတဲ့ အလုပ်တစ်ခုပေမယ့် အခြေအနေ အကြောင်းတစုံတရာကြောင့် ခွဲခွာ ထွက်ခဲ့ရတာကို ပြောချင်တာပါ။ ဘာအခြေအနေကြောင့်လဲဆိုတော့ နေ့စဉ်ပုံမှန် Routine လည်ပတ်နေရတဲ့ အလုပ်ကို ငြီးငွေ့တာကြောင့်ပါ။

အခြား ကိုယ်လုပ်ချင်တဲ့ အလုပ်မျိုးကို မပြောင်းနိုင်သေးလို့ရယ်၊ ကိုယ်နဲ့ ခင်မင် ရင်းနှီးပြီး စိတ်သဘောထား အလွန်ပြည့်ဝတဲ့မိတ်ဆွေ အပေါင်းအသင်းတွေကြောင့်ရယ်သာ ခြောက်နှစ်ခွဲလောက် အဲဒီ အလုပ်မှာ မြဲခဲ့တာပါ။ တကယ်တော့ ပုံမှန် လည်ပတ်နေရတဲ့ ငြီးငွေ့မှုကို အပြစ်ဆိုစရာ ရှိတာကလွဲရင် ကုမ္ပဏီရဲ့ Managing Director က အစ Genaral Manager တို့ Project Manager တို့ Chief Engineer တို့ Deputy Chief Engineer အဆုံး အားလုံးက မကြုံဘူးလောက်အောင်ကို ပညာရည်နဲ့စိတ်သဘောထား ပြည့်ဝကြတဲ့ သူတွေပါ။ ဒါပေမယ့် ပျော်ရာမှ မနေရ၊ တော်ရာမှ နေရ ဆိုသလို ကျွန်တော်ကတော့ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး ၀ပ်နေရတာထက်စာရင် မမြင်ဘူးတဲ့ အမှောင်ကြီးထဲကို စမ်းသပ်တိုးဝင် လမ်းလျှောက်ကြည့်ရတာကို ပိုပြီး ရင်ခုန်ပါတယ်။ ကျွန်တော့်ရဲ့ အမှောင်ထဲမှာ လမ်းလျှောက်ခြင်း ပို့စ်ထဲက လိုပေါ့။

အဲဒီနောက်ပိုင်း သူငယ်ချင်းတစ်ယောက်ဆီမှာ တစ်နှစ်လောက် ၀င်လုပ်ခဲ့သေးတယ်။ အခု အဲဒီက ထွက်ပြီးတဲ့ အဲဒီအချိန်မှာမှ ကိုဂေါက်တို့နဲ့ ဆုံဖြစ်တာဆိုတော့ ဒီလိုပဲ ပုဆိုးဝတ်မျက်လုံးလို့ ဖြစ်နေတာပေါ့ဗျာ။ အဲဒီ ပုဆိုးဝတ်၊ ဘောင်းဘီဝတ်လိုပဲ တကယ်တမ်း ဆက်ပြောကြေးဆိုရင် ဒေသစွဲကိစ္စတွေပါ မဆုံးအောင် ဆက်ပြောလို့ရတယ်ဗျ။ အချို့သူငယ်ချင်း မိတ်ဆွေတွေက မေးတယ်။ မင်းက ဘယ်ဇာတိလဲတဲ့။ အဲဒါ ကို လွယ်လွယ်ပြောရင်တော့ ရန်ကုန်ဇာတိပေါ့။ ဒါပေမယ့် ကျွန်တော်က ရန်ကုန်သားလို့ ပြောဖို့ ခက်တယ်ဗျ။ ရန်ကုန်မှာမွေးပြီး ကြီးပြင်းတာကတော့ နယ်အနှံ့ပဲဆိုတော့ ကျွန်တော့်ကို ကျွန်တော် ဘာမြို့သားဆိုတဲ့ အစွဲ သိပ်မရှိတော့ဘူး။ ကျွန်တော့်သူငယ်ချင်းတွေ တော်တော်များများကတော့ မွေးဖွားချိန်ကနေ လက်ရှိအချိန်ထိ နေလာတဲ့မြို့ကိုပဲ သူတို့ရဲ့ မြို့လို့ သတ်မှတ်ပြီး စွဲလမ်းကြပါတယ်။ မြို့တင်မဟုတ်ပါဘူး။ ကျောင်းကိုလည်း စွဲလမ်းကြပါတယ်။ ကျွန်တော့်အတွက် ဒေသစွဲ၊ မြို့စွဲ၊ ကျောင်းစွဲတွေကို ကြားရ မြင်ရတဲ့အခါ ကျွန်တော်ဟာ ဂြိုဟ်သားတစ်ယောက်လို ကိုယ်နဲ့ မဆိုင်သလိုကြီး ဖြစ်နေတယ်။ ဒါက စကားစပ်လို့ပြောတာပါ။ အဲဒီ အစွဲတွေကို နိုင်ငံရေး၊ ဘာသာရေးအထိ ဆွေးနွေးကြမယ်ဆိုရင် လူမျိုးစွဲ၊ ဘ၀စွဲ စသည်ဖြင့် အများကြီး ပြောစရာတွေ ရှိဦးမှာပါ။

အဓိက ကျွန်တော်ပြောချင်တာက ဘောင်းဘီ မဟုတ်ပါဘူး။ အစွဲတွေ အကြောင်းလည်း မဟုတ်ပါဘူး။ ကျွန်တော် ကိုပွတ်ကြီးရဲ့ “အလိုရှိသည်” ပို့စ်ကို ဖတ်ပြီး ရေးချင်နေတဲ့အကြောင်းလေး တစ်ခုရယ်၊ အခုတစ်လော ဘလော့ဂ်မှာ ဆက်ဆံရေးကြဲနေတာကို တောင်းပန်ချင်လို့ပါ။

ခုတလော ကျွန်တော့်မှာ စီဘောက်စ်ထဲမှာလည်း တစ်ယောက်ချင်းစီ မနှုတ်ဆက်နိုင်၊ ကွန်မန့်တောင် အနိုင်နိုင်၊ ပို့စ်တွေကလည်း ခပ်ညံ့ညံ့ လဘက်ရည်လို ကျဲတောက်တောက် ဖြစ်နေရတယ်။ လာဖတ်သူများကို စော်ကားသလိုများဖြစ်သွားရင် တောင်းပန်ပါရစေ။ အကြွေးတွေကို တရုတ်ကားတွေထဲမှာ ပြောသလို နောင်ဘ၀ထိ သယ်မသွားပါဘူးဗျာ။ သိပ်မကြာခင် ပို့စ်တွေ တင်ဦးမှာပါ။ ဓားသမားဟာ ထစ်ခနဲရှိ ဓားဆွဲသလို၊ တရားသမားဟာ ဖြစ်သမျှအကြောင်း တရားနဲ့ဖြေသလို၊ ဘလော့ဂါဆိုတော့လဲ ဘလော့ဂ်ထဲမှာပဲ ပြောချင်သမျှ ပြောဖြစ်ဦးမှာပါ။

အလုပ်ထဲက တွေ့ဖူးကြုံဖူးတဲ့ အတွေ့အကြုံတွေရယ်၊ blogger.com မှာ ဘလော့ဂ်ရေးနေတဲ့ Blogspot ဘလော့ဂါတွေအတွက် ကျွန်တော် ဖတ်နေတဲ့ SEO (Search Engine Optimization) အကြောင်းလေးတွေရယ် ရေးဖို့ကြံစည်နေပါတယ်ဆိုတဲ့အကြောင်းလေး အသိပေးပါရစေခင်ဗျာ။

Thursday, September 13, 2007

Living on a prayer by Bon Jovi

Check out this video: Bon Jovi - Living on a Prayer (MTV/acoustic with Richie Sambora)



Add to My Profile More Videos

Bon Jovi ရဲ့ သီချင်းဟောင်းလေး တစ်ပုဒ်ပါ။ ဒါပေမယ့် ခုချိန်ထိ စာသားလေးတွေ ဖတ်ကြည့်ရင်တောင် မျက်ရည်ဝဲလာတဲ့အထိ ကြိုက်မိတဲ့ သီချင်းလေးပါ။ သူတို့ရဲ့ Living on a prayer ကို Version နှစ်မျိုးနဲ့ နားထောင်ကြည့်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်။ စာသားလေးတွေလည်း မျှဝေ ပေးလိုက်ပါတယ်။ ခုချိန်မှာ ကျွန်တော့်ရဲ့ စိတ်ခံစားမှုနဲ့ အတိုက်ဆိုင်ဆုံး သီချင်းဟောင်းလေး တစ်ပုဒ်ကို နားဆင်ကြည့်ကြပါဦး။

MTV Most Wanted အစီအစဉ်က Acoustic version လေးမှာလည်း Bon Jovi နဲ့ Richie Sambora နှစ်ယောက်လုံးရဲ့ အဆို ပညာ ဖမ်းစားမှုတွေကို ကြားရမှာပါ။ Richie Sambora ရဲ့ Harmonic Guitar လက်သံကိုလည်း Solo မှာ တပိုင်းတစ တွေ့ရ ကြားရမှာပါ။




Living On A Prayer By Bon Jovi

Once upon a time
Not so long ago

Tommy used to work on the docks
Unions been on strike
Hes down on his luck...its tough, so tough
Gina works the diner all day
Working for her man, she brings home her pay
For love - for love

She says weve got to hold on to what weve got
cause it doesnt make a difference
If we make it or not
Weve got each other and thats a lot
For love - well give it a shot

Chorus:

Whooah, were half way there
Livin on a prayer
Take my hand and well make it - I swear
Livin on a prayer

Tommys got his six string in hock
Now hes holding in what he used
To make it talk - so tough, its tough
Gina dreams of running away
When she cries in the night
Tommy whispers baby its okay, someday

Weve got to hold on to what weve got
cause it doesnt make a difference
If we make it or not
Weve got each other and thats a lot
For love - well give it a shot

Chorus

Weve got to hold on ready or not
You live for the fight when its all that youve got

Chorus

Monday, September 10, 2007

ရွှေသွေးထဲက Relativity Theory

ကျွန်တော် ငယ်ငယ်တုန်းက ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသား စတဲ့ စာစောင်တွေကို အလွန်ပဲ နှစ်သက်စွဲလမ်းခဲ့ပါတယ်။ စွဲလမ်းဆို အခြား ဖတ်စရာ ကလေးစာစောင်တွေလည်း အခုခေတ်လို များများစားစား ရွေးချယ်စရာမရှိခဲ့ပါဘူး။ အဲဒီလို ဖတ်ခဲ့ရတဲ့အထဲက အခုအချိန်ထိ စိတ်ထဲမှာ မှတ်မိနေတဲ့ ကာတွန်းဇာတ်လမ်းလေးတွေ၊ ဟာသ ဇာတ်လမ်းလေးတွေ၊ ပညာပေးဇာတ်လမ်းလေးတွေ ရှိပါတယ်။ အခုတော့လည်း လွမ်းစရာပေါ့ဗျာ။ အဲဒီအချိန်တုန်းက ကျွန်တော် လေးနှစ်လောက် နေခဲ့ဖူးတဲ့ ရေနံချောင်းမြို့လေးရဲ့ ဈေးထဲက တရုတ်စတိုးဆိုင်မှာ ကာတွန်းစာအုပ်မျိုးစုံ ငှားပါတယ်။ အမေတို့ ဈေးဝယ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ညီအစ်ကိုတွေက အဲဒီဆိုင်ထဲက ကာတွန်းစာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ် လောဘတကြီး လိုက်မြည်းနေတာပေါ့။ ဆိုင်ရှင်တရုတ်ကြီးနဲ့ တရုတ်မကြီးက ““ဆိုင်ဖတ်ခ ပေးရမယ်နော်”” ဆိုပြီး အမြဲတမ်းနောက်တတ်ပါတယ်။ ကျွန်တော်တို့ကလည်း ညီအစ်ကို တစ်ယောက်ကို တစ်အုပ်မဟုတ်ပဲ လက်ထဲမှာ စာအုပ် လေးငါးအုပ်လောက်ကို လောဘတကြီး ကိုင်ထားပြီး လိုက်မြည်းကြတာလေ။ အဲဒီလို အားရပါးရ လိုက်မွှေပြီး အကြိုက်ဆုံး စာအုပ် တစ်ယောက်ကို နှစ်အုပ်၊ သုံးအုပ်လောက် ပိုက်ပြီး အိမ်ကို ပြန်ကြတာပါ။ အိမ်အပြန်လမ်းကျတော့မှ စာအုပ်အရောင်းဆိုင်တစ်ဆိုင်မှာ အသစ်ထွက်တဲ့ ရွှေသွေး၊ တေဇ စသည်တို့ကို ၀င်ဝယ်ရတာပါ။

ကျွန်တော်မှတ်မိတဲ့ ကာတွန်းစာအုပ်တွေကတော့ ဦးအောင်ရှိန်ရဲ့ ဦးကပ်စီး (ခင်မောင်သိန်းထွန်းဝင်းတို့ တိုက်ဂါးတို့ပါတယ်လေ။ ပြောရင်း ဖတ်ချင်လာပြီ။)၊ ဦးရှံစားနဲ့ ဦးဒိန်းဒေါင်၊ ဦးစိတ်တိုနဲ့ မျောက်ညို၊ ဦးသန်းကြွယ်ရဲ့ ကာတွန်းတွေ၊ နောက်ပြီး ရွှေခေါင်းပြောင်(ကာတွန်း အောင်အောင်လားမသိ။ သူဆွဲထားတဲ့ ကာတွန်းလက်ရာတွေကိုတော့ အခုထိ မျက်စိထဲက မထွက်ဘူး)၊ ကိုပူစီ၊ ဒီလုံး၊ မောင်မောင်ရဲ့ ဘဲဥ စာမဲ့ကာတွန်းတွေနဲ့ မုဆိုးကျော် ဖိုးထော်ကာတွန်းတွေ၊ စုံထောက် ကြံ့ဗဟုံးနဲ့ မမှတ်မိတော့တွေလည်း အများကြီး ရှိဦးမှာပါ။ ကိုဆွေမင်း(ဓနုဖြူရဲ့) တွတ်ပီနဲ့ ဗိုက်ကလေးတို့က ရွှေသွေးမှာကတည်းက ကြိုက်ပါတယ်။ ရွှေသွေးထဲက ထူးထူးခြားခြား မှတ်မိနေတဲ့ ကာတွန်းဆရာတစ်ယောက်ရဲ့ လက်ရာတစ်ခုရှိပါတယ်။ ကလောင်အမည်ကို လူရှည်(တောင်တန်း)လို့ ထင်ပါတယ်။ ဘာလို့မှတ်မိရသလဲဆိုတော့ သူ့ရဲ့ကာတွန်းတွေကို မျဉ်းဖြောင့်တွေနဲ့ပဲ ဆွဲထားလို့ပါ။ လက်နဲ့ချည်းပဲ ဆွဲတာဟုတ် မဟုတ်တော့ မသိပါဘူး။ ဒါပေမယ့် သူ့ရဲ့ ပေတံနဲ့ဆွဲသလို ဖြောင့်တန်းနေတဲ့ မျဉ်းတွေပဲ ပါဝင်ပြီး မျဉ်းကွေးတစ်ချက်မှ မပါတဲ့ လက်ရာကိုတော့ ခုထိမှတ်မိပါသေးတယ်။ ရွှေသွေးထဲက အခြား မှတ်မိတဲ့ ကာတွန်းတွေကတော့ မြေဇာရဲ့ စိန်မျောက်မျောက်၊ ဌေးဝင်းရဲ့ ကောက်ချိတ်တို့ဖြစ်ပါတယ်။ ရွှေသွေးထဲက နောက်ကျောဖုံး ကဗျာနဲ့ အတွင်း ပညာပေးဇာတ်လမ်းသရုပ်ဖော် ပန်းချီဆရာကြီး ဦးစိန်ရဲ့ လက်ရာတွေဆိုလည်း ခုထိမှတ်မိပါသေးတယ်။ သူ့ရဲ့ လက်ရာ ကောင်လေး၊ ကောင်မလေးတွေနဲ့ လူပုံအားလုံးက ချောချောလှလှနဲ့ လူကြီးမိဘတွေရဲ့ပုံဆိုလည်း အရမ်းခန့်ပါတယ်။ အဖေပုံဆိုရင် အဖေပီပီသသ အားကိုးချင်စရာ၊ လေးစားချင်စရာကောင်းအောင် ရေးဆွဲထားတတ်တာမို့ပါ။

ငယ်ငယ်တုန်းက ကာတွန်းတွေ ပြန်ပြီး အလွမ်းသယ်နေရတာနဲ့ လိုရင်းမရောက်ဖြစ်နေပါပြီ။ ကျွန်တော်မှတ်မိတဲ့ ရွှေသွေး မျက်နှာဖုံး ကာတွန်းလေးတစ်ခုကို ပြန်ပြီး ဖောက်သည်ချချင်တာပါ။ အဲဒီဇာတ်လမ်းလေးကို ကိုနေဘုန်းလတ်တို့ ကိုစိုးဇေယျတို့နဲ့ ဗျစ်ရည်ဆိုင်မှာတောင် ပြောဖြစ်ပါသေးတယ်။

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီးက သူ့ရဲ့ ပညာရှိ အမတ်ကြီးတွေကို ပညာစမ်းတဲ့အနေနဲ့ မေးခွန်းလေးတစ်ခုမေးပါတယ်။ ဘယ်လိုမေးသလဲဆိုရင် ဘုရင်ကြီးက ကျောက်သင်ပုန်းတစ်ချပ်မှာ မျဉ်းဖြောင့်တစ်ကြောင်း ရေးဆွဲလိုက်ပါတယ်။ ပြီးတော့ အမတ်ကြီးတွေကို ““ ဒီမျဉ်းကြောင်းကို ဖြည့်စွက် ရေးဆွဲခြင်းလည်း မပြု၊ ဖျက်ပစ်ခြင်းလည်း မပြုဘဲနဲ့ အဲဒီမျဉ်းကြောင်းကို တိုလာအောင်ရယ် ရှည်လာအောင်ရယ် လုပ်နိုင်ကြသလား””လို့ မေးပါတယ်။


ပညာရှိအမတ်ကြီးများ တစ်ယောက်မှ အဖြေ မပေးနိုင်ကြပါဘူး။ ဒီတော့မှ ဘုရင်ကြီးက အဖြေကို ဒီလိုပေးပါတယ်။ ဘုရင်ကြီးက အဲဒီ ကျောက်သင်ပုန်းပေါ်မှာ မူလမျဉ်းဖြောင့်ထက် ရှည်တဲ့နောက်ထပ် မျဉ်းဖြောင့် တစ်ကြောင်းကို ထပ်ဆွဲလိုက်ပါတယ်။ အဲဒီတော့ မူလမျဉ်းကြောင်းက မျဉ်းကြောင်းအသစ်လောက် မရှည်တော့ အလိုလိုနေရင်း တိုသွားတာပေါ့။ ပြီးတော့ မူလ မျဉ်းကြောင်းထက် တိုတဲ့ မျဉ်းကြောင်းတစ်ကြောင်းဆွဲလိုက်ပါတယ်။ အဲဒီတော့ မူလမျဉ်းကြောင်းက နောက်ဆုံး မျဉ်းကြောင်းထက် ရှည်တဲ့အတွက် အလိုလိုနေရင်း သူက ရှည်တဲ့ မျဉ်းကြောင်း ဖြစ်လာတာပေါ့။


ဘုရင်ကြီးရဲ့ နောက်ဆုံး ကောက်ချက်ချတဲ့ စကားက မှတ်သားလောက်ပါတယ်။ ““ ဘယ်အရာမှ သူ့ချည်းပဲ တိုတယ်၊ ရှည်တယ်၊ ဖြူတယ်၊ မည်းတယ်၊ ကောင်းတယ်၊ ဆိုးတယ် ဆိုတာ မရှိဘူး။ ဒါပေမယ့် အခြား အရာ တစ်ခုခုနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါမှသာ မူလအရာဝတ္ထုတွေဟာ အလိုလိုနေရင်း အတိုအရှည်၊ အဖြူအမည်း၊ အကောင်းအဆိုး ဆိုတာ ဖြစ်ပေါ်လာရတယ်။”” လို့ ဆိုပါတယ်။

ကျွန်တော်ကတော့ အဲဒီအချိန်တုန်းက ဒါကို Relativity Theory ဖြစ်တယ်တို့ ဘာတို့ ဘယ်လိုလုပ် သိမှာလဲ။ (အခုလည်း သိပ်မသိသေးပါဘူး။) ““ဟာ... ဒီဥာဏ်စမ်းလေးမိုက်တယ်။ သူများကို ပြန်မေးဖို့ မှတ်ထားဦးမှ”” ဆိုတာလောက်ပဲ ခေါင်းထဲမှာ ရှိတာပေါ့။ ကျွန်တော်ကြားဖူးတဲ့ Relativity Theory ရဲ့ အရှင်းလင်းဆုံး ရှင်းလင်းချက်ဥပမာလေးကို မှတ်မိသလို ပြောပါရစေ။ တော်တော်များများလည်း ကြားဖူးပြီးသားဖြစ်မှာပါ။ ဘာလဲဆိုတော့ လူတစ်ယောက်ဟာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ တစ်နာရီ အတူတူထိုင်ရတာကို ခဏလေးလို့ ထင်ပေမယ့်၊ ကျားကြီးတစ်ကောင်နဲ့ အတူနေရမယ်ဆိုရင်တော့ တစ်နာရီကို တစ်ကမ္ဘာလောက်ကြာတယ်လို့ ထင်ရပါတယ်ဆိုတဲ့အကြောင်းပါ။ အချိန်တစ်နာရီကိုပဲ အခြေအနေ အမျိုးမျိုးနဲ့ နှိုင်းယှဉ်ကြည့်ပြီးမှ ကြာတယ်၊ မြန်တယ်ဆိုပြီး ထင်မြင်ယူဆကြတာပါ။ ဒီလိုပဲ အပေါ်က မျဉ်းကြောင်းလေးကိုလည်း သူနဲ့ နှိုင်းယှဉ်စရာ အခြားမျဉ်းကြောင်းလေးတွေ ရှိတော့မှသာ သူ့ကို ရှည်တယ်၊ တိုတယ်ဆိုပြီး အမျိုးမျိုးကောက်ချက်ချလို့ရတာပါ။

အထက်က ပုံပြင်လေးဟာ မြန်မာပုံပြင်လေး ဖြစ်ချင်မှလည်း ဖြစ်မယ်ပေါ့။ ဘာသာပြန်၊ မှီငြမ်း တစ်ခုခုဖြစ်ချင်လည်း ဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဒီပုံပြင်လေးကနေ အတွေးတွေကို နယ်ချဲ့ချင်သလောက် ချဲ့လို့ရပါတယ်။ ကျွန်တော် ငယ်ငယ်က ကာတွန်းစာအုပ်တွေ လိုက်ဖတ်ရင်း မှတ်မိနေတဲ့ ပုံပြင်ဇာတ်လမ်းလေးကို အရွယ်ရောက်လာချိန်မှ ပြန်စဉ်းစားမိတိုင်း အတွေးတွေ ပေးနေတဲ့ ပုံပြင်လေးပါ။ ကျွန်တော် ဘယ်သူ့ကို ဘာတွေနဲ့ နှိုင်းယှဉ်ပြီး ဘယ်လို ကောက်ချက်ချခဲ့သလဲလို့ ကိုယ့်ကိုကိုယ် ပြန်ပြီး မေးနေမိစေ တတ်ပါတယ်။

Wednesday, September 5, 2007

ကချေသည်ဖြစ်ခဲ့တဲ့ ကျွန်တော့် အတိတ်ဘဝ


မိတ်ဆွေအပေါင်းအသင်း ရောင်းရင်းတို့ရေ...

ကိုယ့်ရဲ့ အတိတ်ဘ၀က ဘယ်လိုဘ၀များ ဖြစ်သလဲဆိုတာ သိချင်ကြမှာပဲဗျာ။ ကျွန်တော်ကတော့ အတိတ်ဘ၀မှာ ကချေသည်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ တကယ်ပါ။ မယုံရင် အပေါ်က ပုံကိုကြည့်ပါ။ အဲဒါ ကျွန်တော့်ရဲ့ အတိတ်ဘ၀ကို ပုံဖော်ရေးဆွဲထားတဲ့ ပန်းချီကားလေးပါဗျာ။ ကျွန်တော် ကချေသည်ဖြစ်ခဲ့တဲ့ ဘ၀မှာ ပရိသတ်ကို ကကြိုးကကွက် စုံလင်ဆန်းပြားစွာနဲ့ အာရုံတွေကို ဖမ်းစားဖို့ အချိန်အများကြီး ပေးပြီး လေ့ကျင့်ခဲ့ရတာပါ။ ဒါ့အပြင် အခြား ကချေသည် လက်သစ်လေးတွေကိုလည်း သင်တန်းပို့ချရင်းနဲ့ပဲ အချိန်ကို ကုန်လွန်ခဲ့ရပါတယ်။

ဘလော့ဂ်ဖတ်ပရိသတ်များလည်း ကိုယ့်ရဲ့ အတိတ်ဘ၀ကို ဘယ်လိုများလဲသိချင်ရင် ကျွန်တော် နည်းပေးလမ်းပြ လုပ်ပါ့မယ်ခင်ဗျာ။ ပြီးရင်တော့ ကျွန်တော့်ဆီကို ပြန်လာပြီး ဘယ်လိုဘ၀က လာခဲ့တယ်ဆိုတာ ပြန်ပြောပြဦးပေါ့ဗျာ။ အရင်ဘ၀မှာ ချစ်ခင်ရင်းစွဲ ရှိပြီးသား သူတွေနဲ့လည်း ဒီဘ၀မှာ ဆက်ပြီး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေသွားချင်ပါတယ်။ တကယ်လို့ အရင် ဘ၀က ငြိုးသူရန်ဘက်တွေဆိုရင်လည်း ဒီဘ၀ကစလို့ နောင်ကို ဘယ်တော့မှ မုန်းအောင်လုပ်သူ၊ အမုန်းခံရသူ မဖြစ်ပါရစေနဲ့တော့ဗျာ။

<<<အရင်ဘ၀ကို သိဖို့ ဒီမှာ မှန်လေး တစ်ချပ်ရှိတယ်>>>

အဲဒီမှန်လေးကို ကြည့်ပြီး အောက်မှာ ပြထားတဲ့ စကားလေးတွေ ပြောပေးပါ။ အလေးအနက်တော့ ထားပါဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အလေးအနက် မဟုတ်ပဲ အပြောင်အပျက်မေးရင် အဖြေမှန်မှာ မဟုတ်လို့ပါ။ စာသားလေးကို ရွတ်ပြီးရင်တော့ မှန်လေးပေါ်မှာ ကလစ် တစ်ချက်နှိပ်လိုက်ရုံပါပဲ။ အဲဒီမှန်လေးက သင်ဘယ်ဘ၀က လာတယ်ဆိုတာ ပြောပြပါလိမ့်မယ်။

`` ငါ့ရဲ့ ရှေ့က ကြေးမုံလေး၊ ဘာတွေ့သလဲ အဖြေပေး။
ဟို ရှေးရှေးက ငါ့ဘ၀ဟာ၊ ဆင်းရဲ ချမ်းသာ သိချင်တာ။
မြန်မြန်လေးတော့ ပြောပါဗျိုး၊ ကွန်နက်ရှင်းက လိပ်ထက်ဆိုး။
ပြောပါ ပြောပါ မှန်လေးရာ၊ ငါ့ရဲ့ အကြောင်းကို ပြောပါကွာ။ ´´


အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ။

Tuesday, September 4, 2007

ကန့်လန့်ကာများ၏ နောက်ကွယ်






အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါ။ နောက်မှ အချိန်ရရင် ဒါမျိုးတွေ ထပ်လုပ်ပါဦးမယ်။ ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူးခင်ဗျာ။ ဘလော့ဂါ ညီအစ်ကိုမောင်နှမများ နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပျော်ရွှင်စေအောင် ကြိုးစားထားတာပါ။

Sunday, September 2, 2007

အောင်မြင်စွာပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်ခင်ဗျား


ကျွန်တော်တို့ ဘလော့ဂါများအားလုံး စုစုစည်းစည်း ကျင်းပခဲ့တဲ့ Why do we blog? Seminar ကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါပြီ။ why-do-we-blog.blogspot.com မှာ လည်း ကျွန်တော်တို့ရဲ့ လှုပ်ရှားမှု ဓါတ်ပုံလေးတွေကို သွားရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးချင်ပါတယ်။ နောက်ထပ် ကျွန်တော်တို့ ရှေ့ဆက် လှုပ်ရှားရမယ့် အစီအစဉ်တွေ(MBS Web Portal and Blog Book)ကိုလည်း အခုလိုပဲ အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။

တက်ရောက်ကြတဲ့ ဘလော့ဂ်ကို စိတ်ဝင်စားသူများ၊ အားပေးချီးမြှောက်ကြတဲ့ စပွန်စာများ၊ လူပင်ပန်း စိတ်ပင်ပန်းခံ ၀ိုင်းဝန်းကြိုးစားကြတဲ့ ရပ်ဝေးရပ်နီးမှ ဘလော့ဂါများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ နောင်ကိုလည်း ဒီလိုအောင်မြင်တဲ့ ပွဲတွေ အများကြီး ဆက်လုပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။

1) မမယ်လိုဒီမောင်ရဲ့ ကျေးဇူးတင်လွှာ
2) ကိုမင်းယွန်းသစ်ရဲ့ ဓါတ်ပုံတွေ
3) ကိုဇင်ကိုလတ်ရဲ့ “အဖေနဲ့ Why do we blog?”
4) Mr.Pooh ရဲ့ Blog Day Special Post
5) ဘာညာဘာညာရဲ့ ငါတို့ရဲ့ သမိုင်း
6) ကိုနေဘုန်းလတ်ရဲ့ လွတ်ကျသွားသော Seminar
7) ကိုတက်စ်လာရဲ့ Why do we blog ? and Me
8) ညီမပင့်ဂိုးရဲ့ Blog Seminar is successfully finished
9) ကိုညီလင်းဆက်ရဲ့ Blog Seminar Post
10) ကောင်လေးရဲ့ Delay ရင်ခုန်သံနဲ့ ဘလော့ဂါ ဆီမီနာ

ဘလော့ဂါသူငယ်ချင်းများရဲ့ အပေါ်က ပို့စ်လေးတွေကိုလည်း သွားရောက်ဖတ်ရှုလိုက်ကြပါဦး။ ကျွန်တော်တို့ရဲ့ Blog Day အပေါ် ဘယ်လို စိတ်ထဲမှာ ခံစားရေးသားထားတယ်ဆိုတာ မြင်နိုင်မှာပါ။