Sunday, August 19, 2007

တိုတိုနဲ့ လိုရင်း ပြောကြပါ

တိုတိုနဲ့ လိုရင်းကို ပြောရရင် စာတစ်ကြောင်းကိုရေးတာ ဒီလို ဝေ့လည်ကြောင်ပတ်၊ တောင်ရောက်မြောက်ရောက်၊ ဘာကို ဆိုလိုချင်မှန်းမသိ ရေးမယ့်အစား ပြောပြီးသားစကားတွေလည်း ထပ်မပြော၊ ဖတ်တဲ့သူရဲ့ ရင်ထဲမှာလည်း ရှင်းခနဲ လင်းခနဲ ဖြစ်သွားအောင်၊ ဆေးကောင်း သန်းခေါင်းဆိုသလို နှုတ်တစ်ရာ စာတစ်လုံး ရေးရမယ့်အစား စကားလုံးတွေ ဖောင်းပွ ကိုယ်ရေးတဲ့စာ ကိုယ့်ဘာသာ နားမလည်၊ အရှေ့က စာနဲ့ အနောက်က စာ ခက်ခက်ခဲခဲ အဓိပ္ပါယ်ပြန်ဖွင့်နေရမယ်ဆိုရင် ဖတ်တဲ့သူက စိတ်ရှုပ်လို့ မြစ်ကမ်းဘေးသွားထိုင်ပါတယ် သပွတ်အူကြီးမျောလာတာ တွေ့ရဆိုသလို သူ့မှာ ဘာမှ အကျိုးမထူးတဲ့အတွက် ဘူးလေးရာ ဖရုံဆင့်၊ မီးလောင်ရာ လေပင့်၊ နူရာ ၀ဲစွဲ၊ လဲရာ သူခိုးထောင်း၊ မြေနိမ့်ရာ လှံစိုက်၊ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတဲ့အတိုင်း စာရဲ့ အနှစ်သာရ ဆိုလိုရင်း ဖွင့်ဆိုချက် ရသ ခံစားမှု ဘာကိုမှ မရနိုင်တော့တဲ့ အပြင် အချိန်ကုန်လူပန်း ငွေကုန် စိတ်ဆင်းရဲ ဖြစ်ရတဲ့အတွက် ဦးနှောက်အာဟာရ အနေနဲ့ စာကို လေ့လာလိုလို့ပဲ ဖတ်ဖတ်၊ မွန်းကျပ်နေတဲ့ ခံစားမှုတွေကို အတိုင်းအတာ အနေအထားတစ်ခုလောက်ဖြစ်ဖြစ် ပြေလျှော့ပါစေတော့ရယ်လို့ပဲ ဖတ်ဖတ် စာဖတ်ချင်စိတ်ကုန်ခန်းပြီးတဲ့ သကာလ စာဆိုတာ ကြောင်ပုဇွန်စား ကြွပ်ကြွပ်ဝါးရမယ့်အစား ကြောင်အစာအန်သလို အပုံလိုက် အထွေးလိုက် လွှင့်ပစ်ခြင်းကို ခံရလိမ့်မယ်ဆိုတာ အကျယ်တ၀င့် ဥပမာ ဥပမေယျတွေနဲ့ ဗာရာဏသီချဲ့ စာဖွဲ့မနေတော့ပဲ ဒီလောက်နဲ့ပဲ တိုရင်းလိုရှင်း ခင်မင်မှုမေတ္တာရှေ့ထား စေတနာစကား ပြောကြားလိုက်ပါရစေခင်ဗျား။