Tuesday, July 17, 2007

Click

Click ဆိုတဲ့ ရုပ်ရှင် မနေ့ကမှ ကြည့်ဖြစ်တယ်ဗျာ။ မကြည့်ရသေးတဲ့သူတွေအတွက် နည်းနည်း လေရှည်ပါရစေ။ သူ့ဇတ်လမ်းသဘောက အလုပ်အရမ်းကြိုးစားပြီး မိသားစုကို ဂရုစိုက်ဖို့ ကိစ္စတွေ လစ်ဟင်းနေတဲ့ သူတစ်ယောက်ကို အဓိကထားပြီး သင်ခန်းစားပေးထားတာပါ။ သူကတော့ ဒီသားသမီးနဲ့ ဇနီးတို့အတွက် အလုပ်လုပ်နေတာပါလို့ ပြောတာပေါ့လေ။ အိမ်နီးနားချင်းနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေကလည်း အဓိကအကြောင်းအနေနဲ့ ပါတာပေါ့။

ပြီးတော့ အဲဒီလူက ဘယ် Remote Control က ဘယ်ပစ္စည်းအတွက်ဆိုတာလည်း မမှတ်မိဘူးတဲ့ဗျာ။ သူ့သားနဲ့ သမီးက Universal Remote Control ဆိုတာ ရှိတယ်။ အဲဒီ ပစ္စည်းနဲ့ဆို တီဗွီ၊ ကားဂိုဒေါင်တံခါး စသည်ဖြင့် Remote Control တစ်ခုထဲနဲ့ အရာအားလုံးကို ထိန်းချုပ်လို့ရကြောင်း ပြောပါတယ်။ အဲဒါနဲ့ တိုတိုပြောရရင် စတိုးဆိုင်တစ်ဆိုင်က ထူးထူးဆန်းဆန်း လူကြီးတစ်ယောက်ဆီကနေ Universal Remote Control တစ်ခု ရခဲ့တယ်ပေါ့ဗျာ။ အဲဒီ Remote Control က ဘယ်လောက်ထိ ထူးခြားပြီး စွမ်းဆောင်နိုင်လဲဆိုတော့ သူ့ရဲ့ ဘ၀တစ်လျှောက် အချိန်ကို အတိတ်၊ ပစ္စုပန် Fast Forward နှိပ်ပြီး ကျော်လို့ရတယ်။ Rewind လုပ်ပြီး ပြန်ရစ်လို့ရတယ်။ Pause နှိပ်ပြီး ခဏရပ်ထားလို့ရတယ်။

ထားပါတော့ဗျာ။ ဒါတွေက ဇတ်လမ်းရဲ့ အဓိကပေးချင်တဲ့ Message မဟုတ်ပါဘူး။ အဓိက ပေးချင်တဲ့ Message က အလုပ်ထဲမှာပဲ စိတ်နှစ်ပြီး ကိုယ့်ရဲ့ မိဘ၊ ဇနီး၊ သားသမီးတွေနဲ့ နွေးနွေးထွေးထွေး ကြင်ကြင်နာနာ နေဖို့ အချိန်မပေးနိုင်တဲ့သူ့အဖို့ နောက်ဆုံး သေခါနီး အချိန်ကို ထူးဆန်းတဲ့ Universal Remote Control ရဲ့ တန်ခိုးနဲ့ မရောက်ချင်ပဲ ရောက်သွားရပါတယ်။ အဲဒီအချိန်မှာ သူ့အဖေရဲ့ အသုဘကိုလည်း သူ ကျော်သွားပါပြီ။ သူ့မိန်းမလည်း နောက်ယောင်္ကျားရသွားပါပြီ။ သူလည်း သူရချင်တဲ့ ရာထူးတွေ အဆင့်ဆင့်တိုးပြီး ချမ်းသာတဲ့ လူဝကြီးဖြစ်နေပါပြီ။ အဲ.. ရောဂါတွေလည်း စုံနေပါပြီ။ အဲဒီအချိန်မှာမှ သူဟာ မိသားစုကို လျစ်လျူရှုခဲ့တဲ့အတွက် နောင်တရလာပါတယ်။ သူချစ်တဲ့ မိသားစုကို ပစ်ထားပြီး ရာထူးအဆင့်အတန်းမြင့်မားရေးအတွက် အလုပ်ကိုပဲ လုပ်ခဲ့တဲ့အတွက် ဆေးရုံပေါ်ကနေ သူ့သားနောက်ကို ပြေးလိုက်ပြီး နောက်ဆုံး စကားတွေ ပြောပါတယ်။ Family Family ။ မင်္ဂလာဆောင်ပြီးစ သူ့သားဟာ ဟန်းနီးမွန်းကို ရက်ရွှေ့ပြီး အလုပ်ကိစ္စကို ဦးစားပေးဖို့လုပ်နေတဲ့အတွက် Honeymoon Honeymoon ။ ဒီလိုပဲ သူ့သမီးနဲ့ ဇနီးကိုလည်း သိပ်ချစ်တဲ့အကြောင်း ပြောပြီး သေသွားပါတယ်။

ဇတ်လမ်းက ဒီမှာ မဆုံးသေးပါဘူး။ ဒါပေမယ့် ဇတ်လမ်းရဲ့ အဓိက Message ကတော့ ဒီမှာ ဆုံးသွားပါပြီ။ ကျွန်တော်တို့က မိသားစုအတွက် အလုပ်လုပ်နေရင်းနဲ့ မိသားစုနဲ့ ဝေးကွာလာတတ်ပါတယ်။ တခါတလေ မိသားစုကို အဆင့်အတန်းမြင့်မြင့် နေနိုင်အောင် ကြိုးစားနေတာလား။ ဂုဏ်သရေ အဆင့်အတန်းနောက်ကို လိုက်နေတာလား မကွဲပြားတော့ပါဘူး။ ကိုယ်လိုချင်တဲ့ ရာထူးအဆင့်အတန်းနဲ့ ငွေကြေးတွေကို ရလိုက်နိုင်ပြီဆိုတဲ့ အချိန်မှာရော အခြားတစ်ဘက်မှာ ဘာတွေ ကိုယ်စွန့်လွှတ်လိုက်ရသလဲဆိုတာ ပြန်ပြီးတွေးမိပါရဲ့လား။