Sunday, July 22, 2007

မင်္ဂလာတရားတော်

အကယ်၍သာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ဗုဒ္ဓမြတ်စွာဘုရားက နေ့စဉ်လူနေမှုဘ၀ အဆင့်အတန်းမြင့်မားရေး လမ်းကောင်းလမ်းမြတ်ကို ညွှန်ပြတဲ့ တရားတော်များ ရှိပါသလားလို့ မေးလာခဲ့ရင် ကျွန်တော့် ဥာဏ်တစ်ထွာတစ်မိုက်နဲ့ လက်လှမ်းမှီသလောက် ပြောပါရစေ။ မင်္ဂလာတရားတော်နဲ့ အညီသာ ကျင့်ကြံနေထိုင်ပါလို့။

ဆရာတေးက ကျွန်တော့်ကို မင်္ဂလာတရားတော် အကြောင်း ရေးဖို့ Tag ထားပါတယ်။ မင်္ဂလာတရားတော်နဲ့ ပတ်သတ်လို့ ကျွန်တော်လည်း သေချာ မပြောနိုင်ပေမယ့် မှတ်မိသလောက် ပြန်ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာမှာ မြတ်စွာဘုရားပွင့်တဲ့ အချိန်မတိုင်ခင် နှစ်တစ်ထောင်လောက် စောပြီး ကောလဟာလ ကြိုပြီး ဖြစ်ပါတယ်။ မင်္ဂလာတရားကို မြတ်စွာဘုရား မဟောခင် ကောလဟာလ ဖြစ်တာ ၁၂ နှစ်လို့ ထင်ပါတယ်။ မှားရင် ပြင်ပေးပါခင်ဗျာ။ မြတ်စွာဘုရား မင်္ဂလာတရားကို ဟောတော်မမူခင်က လူတွေ နတ်တွေက ဟိုဟာ မင်္ဂလာ၊ ဒီဟာ မင်္ဂလာနဲ့ အချင်းချင်း ငြင်းခုံနေကြတာပါ။ မြတ်စွာဘုရားဟောခဲ့လို့သာ ကျွန်တော်တို့ မင်္ဂလာတရား အစစ်အမှန်ကို သိခွင့်ရခဲ့တာပါ။

ကျွန်တော် ၁၀ နှစ်သား လောက်က မှတ်မိနေတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အစ်မ၀မ်းကွဲတစ်ယောက်နဲ့ ဘုန်းကြီးကျောင်းမှာ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို အပျော်လိုက်သွားတာပါ။ အဲဒီတုန်းက အဘွားနဲ့ အစ်မ၀မ်းကွဲတို့ နေတဲ့ ဧရာဝတီတိုင်းထဲက မြို့လေးတစ်မြို့ကို ကျွန်တော်တို့ နေတဲ့ အညာမြို့လေးတစ်မြို့ကနေ နွေရာသီကျောင်းပိတ်ရက် အလည်သွားတဲ့ အချိန်တွေပေါ့။ အဲဒီယဉ်ကျေးမှုသင်တန်းမှာပဲ မင်္ဂလာတရားတော်ကို စပြီး ရင်းနှီးခွင့်ရတာပါ။ လူမိုက်ဆိုရင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ ဆိုတဲ့ ကဗျာလေးပေါ့။

တရားတော်ရဲ့ အချက်တစ်ချက်ချင်းကို အကျယ်ချဲ့ပြီး စဉ်းစားဆင်ခြင်ကြည့်ရင် ငါဟာ မင်္ဂလာတရားနဲ့ အညီ မနေနိုင်သေးပါလား ဆိုတာ သိလာရပါတယ်။ တကယ်တော့ လူမိုက်ကို မမှီဝဲခြင်း၊ ပညာရှိကို မှီဝဲဆည်းကပ်ခြင်းတို့ဆိုတာ ရိုးရိုးရှင်းရှင်းလေးနဲ့ အထိရောက်ဆုံး အောင်မြင်ရေး ကျင့်စဉ်တွေလို့ ပြောနိုင်ပါတယ်။ မင်္ဂလာတရားတော်နဲ့ အညီနေထိုင်ကျင့်သုံးနိုင်သူတစ်ယောက်ရဲ့ ဘ၀ဟာ ငြိမ်းချမ်းမှုနဲ့ သံသရာအတွက် အကောင်းဆုံး ပြင်ဆင်မှုရှိပြီးသားလို့ ယူဆမိပါတယ်ခင်ဗျာ။

{{{မင်္ဂလာတရား ၃၈ ပါး}}}

၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း။
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း။
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။
၂၇။ ခန္တီ = သည်းခံခြင်း။
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။ ၀ရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။

ဆရာကြီး ဦးသုခ ရဲ့ သုခမှတ်စု စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်ခင်ဗျာ။