Monday, July 30, 2007

ဖိနပ်စီးဖို့ အခွင့်အရေး

၂၉၊ ဂျူလိုင်၊ ၂၀၀၇
နေ့လည် ၂ နာရီခန့်


``ဟေ့... မင်းတို့ ဖိနပ်မပါဘူးလားကွ´´
``.......´´
``မင်းဖိနပ်ဘာလို့ မစီးတာလဲ၊ မရှိဘူးလား´´
`` ရှိတယ်။´´
``ဟေ။ ဒါဆို ဘာလို့မစီးတာလဲ။´´
``အိမ်မှာ သိမ်းထားတယ်။ အမေက မစီးရဘူးတဲ့´´
``ဟေ။ အမေက ဘာလို့ မစီးခိုင်းတာလဲ´´
``ပျောက်မှာစိုးလို့တဲ့´´

ကျွန်တော်နဲ့ ကိုစိုးဇေယျဘာမှ မပြောနိုင်တော့ဘူး။
*** *** ***

ဒီဇာတ်လမ်း စတာက ကိုစိုးဇေယျနဲ့ ကျွန်တော်နဲ့ Gtalk မှာ စကားပြောဖြစ်တာက စတာပေါ့။

``ကိုစိုးဇေယျ။ မအိပ်သေးဘူးလား´´
``ကျွန်တော် တန်းပလိတ်ပြင်နေတာ။ အဆင်မပြေလို့´´
``သြော်၊ Old Blogger ကနေ New Blogger ပြောင်းတာ မရသေးဘူးလား´´
``ဟုတ်တယ်။ ကျွန်တော်က စာခွင်ကို ကျယ်ကျယ်လိုချင်တာ။ ပြင်လို့မရလို့။´´
အဲဒီမှာ ကျွန်တော်က အရမ်းကျွမ်းကျင်တဲ့သူအလား(တကယ်ကတော့ ကလိဖို့ စိတ်ဝင်စားတာပါ)...
``ကျွန်တော် ကြည့်ပေးမယ်။´´

ဟိုပြင်ဒီပြင်နဲ့ အချိန်တော်တော်ကြာသွားတယ်။ စာခွင်ကတော့ ကျယ်သွားပါပြီ။ ဒါပေမယ့် စာတွေက ဗယ်ဘက်ကို အရမ်းကပ်နေတဲ့ကိစ္စကို ကိုစိုးဇေယျရဲ့ အမည်မသိ ဆရာမလေးလည်း လက်မြှောက်၊ ကျွန်တော်လည်း ခေါင်းမူးပြီး မနက် ၅ နာရီလောက်ရောက်သွားတယ်။ (ကိုဖြိုးနဲ့ MBS Logo ကို အမျိုးမျိုး ဆွဲနေတာလည်း အဲဒီအချိန်အထိပဲ။)
``နေပါစေတော့ ကိုမျက်လုံး။ ကျွန်တော် အိပ်တော့မယ်။ မနက်ဖြန် Online Donation အဖွဲ့ရဲ့ ၀ါဆိုသင်္ဃန်းကပ် ရှိတယ်။ လိုက်ခဲ့မလား´´
``ဟုတ်လား။ တစ်ခါမှ မလိုက်ဖူးဘူး။ လိုက်ချင်တယ်ဗျာ။ ဒါပေမယ့် ကျွန်တော့်အမျိုးတစ်ယောက်ရဲ့ အလှူလည်း ရှိလို့ မလိုက်ဖြစ်ရင် ဖုန်းဆက်လိုက်မယ်လေ။ ကျွန်တော်တော့ တန်းပလိတ် ဆက်ပြင်ကြည့်လိုက်ဦးမယ် ကိုစိုးဇေယျ´´
``အိုကေ။ c u´´
``အိုကေ။ တာ့တာ´´
ဒီလိုနဲ့ ၆ နာရီလောက်ထိ Old Blogger ကနေ New Blogger ပြောင်း၊ New Blogger ကနေ Old Blogger ပြောင်းပေမယ့် ခေါင်းအလွန်မာတဲ့ ကိုစိုးဇေယျရဲ့ ဘလော့ဂ်က ခပ်တည်တည်ပဲ နေရာလုံးဝမရွေ့ပါဘူး။ ကျွန်တော်ကလည်း Coding ကျွမ်းတဲ့သူ မဟုတ်ပဲနဲ့ ကြားဖူးနားဝ တတ်သမျှ မှတ်သမျှရယ်၊ ကိုယ့်တန်းပလိတ်ပြင်တုန်းက အတွေ့အကြုံရယ်ပေါင်းပြီး ပြင်ကြည့်တာပါ။
*** *** ***
မနက်၇း၃၀ လောက်မှာ အိမ်ကထွက်၊ အမျိုးတစ်ယောက်ရဲ့ အလှူကိုသွား၊ အဲဒီကနေ ကိုစိုးဇေယျရဲ့ ရုံးခန်းကိုပြေး။ ကိုစိုးဇေယျဆီကနေ Online Donation အဖွဲ့လူစုတဲ့ ဆီကိုသွားကြပါတယ်။ ဟိုရောက်တော့ ငှားထားတဲ့ကားကို စောင့်ရပါတယ်။ သန်လျင်ကို သွားရမှာလို့ ကိုစိုးဇေယျပြောလို့ သိရပါတယ်။ အဲဒီမှာ ယနေ့လူငယ်တွေရဲ့အရောင်အသွေးစုံလင်တဲ့ စတိုင်မျိုးစုံကို ရှုစားရင်း ကားစောင့်ရပါတယ်။ အွန်လိုင်းပေါ်မှာ စုမိတဲ့သူငယ်ချင်းတွေ အချင်းချင်း စလိုက်၊ နောက်လိုက် ကြည့်ရတာ ပျော်စရာပါပဲ။ ဒီနေ့လူငယ်တွေ အွန်လိုင်းမှာ ချက်တဲ့ကိစ္စနဲ့တင် အချိန်မကုန်ပဲ ဒီလို အကျိုးရှိရာ ရှိကြောင်း စုပေါင်းလုပ်ကြတာ အလွန်ကို ချီးကျူးဖို့လည်းကောင်း အားကျဖို့လည်း ကောင်းပါတယ်။ အပျော်အပါး ပျော်ပွဲစားထွက်ကြမယ့်အစား ဒီလို ၀ါဆိုသင်္ဃန်းသွားကပ်ကြတယ်ဆိုတာ တော်တော်မွန်မြတ်တဲ့ ကိစ္စပါ။ နောက်မှ သိရတာက ၀ါဆိုသင်္ဃန်းကပ်ရုံတင်မကပဲ အဲဒီသင်္ဃန်းကပ်တဲ့ ဘုန်းကြီးကျောင်းက မိဘမဲ့ ကလေးတွေကို နေ့လည်စာကျွေးခြင်း၊ ဗလာစာအုပ်ခဲတံအ၀တ်အစားများ လှူဒါန်းခြင်း၊ သီလရှင်ကျောင်းတစ်ကျောင်းမှာလည်း အလှူဒါနများပြုလုပ်ခြင်းတို့လည်း ပါဝင်တယ်ဆိုတာ သိခဲ့ရပါတယ်။ Online Donation အဖွဲ့အပါအ၀င် ဒီလို လူငယ်များ စုပေါင်းပြီး လူမှုရေး၊ ကုသိုလ်ရေးတွေ လုပ်ကြတဲ့ အဖွဲ့တွေ များများ ပေါ်ထွန်းလာပါစေလို့ ဆုတောင်းမိပါသေးတယ်။ ဘာမဆို တက်တက်ကြွကြွလုပ်တတ်တဲ့ လူငယ်များ လမ်းလွဲသွားရင် အန္တရာယ်အရမ်းကြီးပါတယ်။ သတိလေးထားပြီး မိမိအတွက် အများအတွက် အကျိုးပြုလုပ်ငန်းတွေ တက်တက်ကြွကြွ လုပ်ကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အနာဂါတ်ခေါင်းဆောင်တွေကို တလေးတစား ချီးကျူးဂုဏ်ပြုနိုင်မှာပါ။

Online Donation အဖွဲ့ လူငယ်များ

*** *** ***

ဆွဲသူဆွဲ ထမ်းသူထမ်း၊ လှူဖို့တန်းဖို့ မမောစတမ်းပေါ့

ဒီလိုနဲ့ သန်လျင်ကိုရောက်တော့ ဘုန်းကြီးကျောင်းအထိ ကားဝင်လို့မရတာနဲ့ ၅ မိနစ်ခန့်ခရီးကို လှူဖို့ပစ္စည်းတွေ အသီးသီး ဆွဲကြ၊ ထမ်းကြပြီး သွားကြပါတယ်။ မိုးတွင်းရဲ့ နေရောင်ကလည်း မိုးမင်းကြီး ခဏနားတုန်း သူအစွမ်းပြလို့ရခိုက် အစွမ်းကုန် ပူပြင်းလို့ပေါ့။

ဆရာတော် ဦးသလ္လာပဏ္ဍိတ

Online Donation အဖွဲ့နဲ့ ပရဟိတကျောင်းဆရာတို့ ပြောကြဆိုကြ

ပရဟိတကျောင်းမှ ကလေးသူငယ်များ

ဆုထူးပန်သီရိမင်္ဂလာကန်တော် ပရဟိတဘုန်းတော်ကြီးသင်ကျောင်းလို့ အမည်ရတဲ့ ဘုန်းကြီးကျောင်းမှာ ကျောင်းသားလေးတွေကို နေ့လည်စာအလှူ လှူဒါန်းကြပါတယ်။ ဘုန်းကြီးကျောင်းက ဆရာ၊ ဆရာမများကလည်း ကျောင်းသားလေးများကို အင်မတန် စနစ်တကျ ကျွေးမွေးပြုစုကြတယ်ဆိုတာကို နေ့လည်စာကျွေးတဲ့ အဆောင်မှာ တွေ့ရပါတယ်။ ၀က်သားမစားတဲ့ ကျောင်းသားကျောင်းသူများကို သီးသန့်ခွဲကျွေးခြင်း၊ ထမင်းဟင်းစားရာတွင် အလေအလွင့်မရှိစေရန် စနစ်တကျ ထိန်းသိမ်းခြင်းတို့ကို တွေ့ခဲ့ရပါတယ်။ ပိုတဲ့ ထမင်းတွေကို အနီးအနားက ဆင်းရဲပြီး တောင်းရမ်းစားတဲ့ သူတွေကို ပြန်လည်ဝေမျှတဲ့ အစီအစဉ်လည်း ရှိတယ်လို့ သိရပါတယ်။ နေ့လည်စာ စားပြီးတဲ့ကလေးတွေကို Online Donation အဖွဲ့မှ အ၀တ်အထည်များ၊ ဗလာစာအုပ်ခဲတံများနဲ့လည်း အလှူဒါနပြုခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်မှ လာရောက်တဲ့ အဖွဲ့အားလုံးကိုလည်း ကျောင်းမှ နေ့လည်စာ ပြန်လည်ကျွေးမွေးခဲ့ပါတယ်။

မမတို့နဲ့ ကလေးများ ရင်းရင်းနှီးနှီး၊ ပျော်ပျော်ပါးပါး


ဟင်းတွေ အစုံပါရဲ့လား၊ တစ်ဝိုင်းကို ၇ ပန်းကန်နော်


မစားမှီ အလှူရှင်တွေကို ဆုတောင်းပေးဖို့ အသင့်ပြင်


စားကြပြီ

နေ့လည်စာ စားနေကြတဲ့ မိဘမဲ့ ကလေးငယ်များကို ကြည့်ပြီးတော့ ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုဖြစ်လာတယ်လို့ မပြောတတ်ပါဘူး။ သူတို့ကို ကိုယ့်ညီ၊ ကိုယ့်ညီမလေးတွေလို့ ခံစားကြည့်မိပြီး ရင်ထဲမှာ တော်တော်လေး ဆို့နင့်လာမိပါတယ်။ ဒီလို ကလေးသူငယ်များကို စနစ်တကျ ပြုစုပေးမယ့်သူတွေ မရှိရင် သူတို့ဟာ သူခိုးလေးတွေဖြစ်သွားမလား။ သူတောင်းစားလေးတွေ ဖြစ်သွားမလား။ ဘယ်လိုပဲပြုစုပါစေ။ မကောင်းတဲ့ သူကတော့ မကောင်းမှာပဲလို့ ပြောနိုင်ပေမယ့် လုံးဝမစောင့်ရှောက်ပဲ လွှတ်ပေးထားရင် ဒီထက် အခြေအနေအများကြီး ပိုဆိုးသွားနိုင်ပါတယ်။

ထမင်းစားပြီးတဲ့ကျောင်းသားများ အ၀တ်အထည်တွေ လက်ခံဖို့ လက်အုပ်ချီ၊ တန်းစီ


ပျော်ပျော်ပါးပါး လှူကြတန်းကြ
*** *** ***
အဖွဲ့သားအားလုံး ဆက်လက်ချီတက်ခဲ့တာကတော့ ဇာတ်လမ်းအစပိုင်းမှာ ပြောခဲ့တဲ့ ဘုန်းတော်ကြီးသင်ကျောင်း ရှိရာဆီကိုပါပဲ။ အဲဒီကျောင်းလေးကိုလည်း ကားနဲ့ ရောက်အောင် မ၀င်နိုင်တဲ့အတွက် ၁၀ မိနစ်ခန့် လမ်းလျှောက်ရပါတယ်။ အဲဒီမှာ လှူတန်းပြီးတော့ ကားရှိရာကို ပြန်ထွက်လာကြတဲ့အခါမှာ ကလေးတွေ လမ်းလျှောက်လာကြတာကို သတိထားပြီး ကြည့်မိတော့ အဲဒီကလေးတွေ အားလုံး ဖိနပ်မပါကြပါဘူး။ နေကခြစ်ခြစ်တောက်ပူနေပါတယ်။ သူတို့လျှောက်ရတဲ့လမ်းက ရွှံ့စေးကို နေပူလို့ မာတောင် ခြောက်သရောင်းနေတဲ့လမ်းပါ။ အဲဒီလမ်းကနေမှ ကတ္တရာလမ်းပေါ်ရောက်ရင် ကတ္တရာလမ်းက နေပူလို့ ကတ္တရာတွေ အရည်ပျော်နေတဲ့လမ်းပါ။ မြို့ကြီးသူ၊ မြို့ကြီးသားများက နေပူလို့ ထီးဆောင်းပြီး လမ်းလျှောက်ကြရင်း ပူလွန်းတဲ့နေရောင်ကို အော်ဟစ် ညည်းညူနေကြချိန် ၆ နှစ်သား ၇နှစ်သား ကလေးငယ်များဟာ ဖိနပ်မပါတဲ့ ခြေထောက်မည်းမည်းလေးများနဲ့ နေရောင်ကို လရောင်အလား လျှောက်လှမ်းပြီး အိမ်ကိုပြန်နေကြပါတယ်။ သူတို့အတွက် အဲဒီအချိန်မှာ အရေးကြီးတာက ဖိနပ်မဟုတ်ဘူး။ သူတို့ရဲ့ အလှူခံလို့ရလာတဲ့အထဲက ခဲတံပျောက်သွားတဲ့ ကိစ္စသာဖြစ်တယ်။

ကဲ။ စာဖတ်နေတဲ့ မိတ်ဆွေများခင်ဗျာ။ ဒီအဖြစ်အပျက်ကို မိတ်ဆွေ ဘယ်လိုမြင်ပါသလဲ။

အချို့သူတွေ မော်ဒယ်အောက်နေတဲ့ကားကို လဲဖို့ ပြင်နေတဲ့အချိန်မှာ အချို့ကလေးတွေ ဖိနပ်စီးခွင့် မရကြဘူး။
အချို့သူတွေ အဲယားကွန်းအောက် သိန်းထောင်ပေါင်းများစွာတန်တဲ့လုပ်ငန်းအတွက် ချွေးပြန်နေချိန်မှာ ခြစ်ခြစ်တောက် နေရောင်အောက်က ကလေးတွေ ဖိနပ်စီးခွင့်မရကြဘူး။
အချို့သူတွေ ဆုံးရှုံးသွားတဲ့ အမြတ်ငွေသိန်းပေါင်းမြောက်များစွာအတွက် ပူပင်သောက ရောက်နေချိန်မှာ အချို့ကလေးတွေ ခဲတံတစ်ချောင်းပျောက်လို့ အချင်းချင်း စကားတွေ များနေကြတယ်။
အချို့သူတွေ သွားလိုရာသွား ကားကြီး အဆင်သင့်ရှိပေမယ့် အချို့ကလေးတွေ ကားစီးဖို့ ဇာတာ ပါမလာကြဘူး။

ဘယ်တတ်နိုင်မလဲ။ သူ့ထိုက်နဲ့ သူ့ကံပဲလို့ ပြောမယ်ဆိုရင်လည်း ရှိပါစေတော့။ ငါ့မှာ ၁၀၀ ရှိလို့ မင်းတို့ကို ၁ ကျပ်လောက် မျှချင်ပါတယ်ဆိုရင်တော့ နှစ်ဦးနှစ်ဘက် အကျိုး ရှိနိုင်မှာပါ။ ပဓာနနယကဆရာတော် အရှင်သလ္လာပဏ္ဍိတ မိန့်ကြားတဲ့ တရားလေးကို ပြန်ဖောက်သည်ချလိုက်ပါတယ်။

``ဒကာတို့ လာလှူတယ်ဆိုတာ လာပြီး အကုန်ခံလိုက်ရတာလို့ မတွက်နဲ့။ လာပြီး ယူသွားကြတယ်လို့တွက်။ ဒီနေ့ ၁ သိန်းလာလှူသွားရင် ဘုန်းကြီးကတော့ ဒီနေ့ ၁ သိန်းလာယူသွားတယ်လို့ပဲ တွက်တယ်။´´



ဆုထူးပန် သီရိမင်္ဂလာကန်တော် ပရဟိတဘုန်းတော်ကြီးသင်ကျောင်း ဖွဲ့စည်းပုံဇယား

ပဓာန နယက ဆရာတော် အရှင်သလ္လာပဏ္ဍိတ (နိုင်ငံတော် ထေရ၀ါဒဗုဒ္ဓသာသနာပြု သြ၀ါဒါစရိယ၊
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ဓ၀ါစကပဏ္ဍိတ၊ ဂိုဏ်လုံးဝန်ဆောင်နာယက၊
မြို့နယ် သံဃနာယကဥက္ကဋ္ဌ၊ ဆုထူးပန်ပရိယတ္တိစာသင်တိုက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့၊
ဖုန်း - ၀၁ ၅၄၅ ၉၈၀။)
အကျိုးဆောင်ဆရာတော် ဘဒ္ဒန္တ မောဓာဝီ (ဗြဟ္မာ့ဝိဟာရကျောင်း၊ ငါးထပ်ကြီးဘုရားအနီး၊ ဗဟန်းမြို့နယ်။
ဖုန်း - ၀၁ ၅၄၆ ၁၀၈)
တိုက်အုပ်ဆရာတော် ဦးကောဝိဒ
ပညာရေးတာဝန်ခံ ဦးကျော်ဇောဝင်း (ဆရာကျော်)၊ ဖုန်း ၀၅၆ ၂၁၃၃၄(သန်လျင်)
အုပ်ချုပ်ရေးမှူး (စီမံ) ဦးလှစိန်
အုပ်ချုပ်ရေးမှူး (ပညာ) ဦးကျင်လှိုင်
ဆရာမများ ဒေါ်သီတာ B.A (Myan;) Final Year - သူငယ်တန်း (က)

ဒေါ်လေးလေးနွယ် B.A (Geo) First Year - သူငယ်တန်း (ခ)

ဒေါ်မြမြခိုင် B.A (Myan;) - ပထမတန်း

ဒေါ်နွေးနွေးရှိန် B.A (Myan;) - ဒုတိယတန်း

ဒေါ်အေးလဲ့မော် B.A (Myan;) - တတိယတန်း

ဒေါ်သန္တာဦး B.A (Geo;) - စတုတ္ထတန်း

ဒေါ်ထိပ်တင်ဝင်း B.A (His;) Second Year - အထွေထွေ

မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ အခြေပြဇယား


မိဘမဲ့ ဖမဲ့ မိမဲ့ ဆင်းရဲနွမ်းပါး စုစုပေါင်း

က က က က က
O - ၄၇ ၃၃ ၅၅ ၄၀
I ၁၈ ၂၀ ၂၅ ၂၅
II ၁၁ - - ၂၃ ၂၇ ၂၈ ၃၀
III - - - - ၁၄ ၁၄
IV - - ၁၀

၁၅ ၁၈
၁၀၅ ၉၃ ၁၂၈ ၁၂၃
စုစုပေါင်း
= ၂၅၁


ကျောင်းအိပ်ကျောင်းစား ကျောင်းသားနှင့် ကျောင်းမှ တာဝန်ယူသင်ကြားပေးထားသော အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူစာရင်း

အတန်း ကျား ကျောင်းအိပ်/စား ပြင်ပ




ကျား
န၀မတန်း - - -
အဋ္ဌမတန်း -
သတ္တမတန်း - - -
ဆဋ္ဌမတန်း
ပဉ္စမတန်း
စတုတ္ထတန်း - - -
ဒုတိယတန်း - - -
သူငယ်တန်း - - -



၃၁


မူလတန်းဆင့် (ဘ.က) ကျောင်းသား၊ ကျောင်းသူစာရင်း

အတန်း သာမဏေ သီလရှင် ကျား စုစုပေါင်း
သူငယ်တန်း ၅၄ ၃၉ ၉၅
ပထမတန်း - ၂၄ ၂၅ ၅၀
ဒုတိယတန်း ၂၃ ၃၅ ၆၇
တတိယတန်း - - ၁၄ ၂၃
စတုတ္ထတန်း - ၁၆




စုစုပေါင်း ၂၅၁


ကျွန်တော်တို့ သန်လျင်က ပြန်လာတော့ ညနေ ၅ နာရီခန့်ရှိပါပြီ။ ကျွန်တော်နဲ့ ကိုစိုးဇေယျကတော့ ညက မိုးလင်းခါနီးထိ အွန်လိုင်းပေါ်မှာနေကြ၊ တစ်နေ့လုံးလည်း သွားလာထားရတော့ ကားပေါ်မှာ ခဏအိပ်ပျော်သွားကြပါတယ်။ Online Donation အဖွဲ့ကတော့ ပြုံးရွှင်ရယ်မောလို့...

ဓါတ်ပုံ - စိုးဇေယျ
ရေးသားသူ - မျက်လုံး