Thursday, July 26, 2007

အတုမြင် အစစ်ထင်

တခါတလေတော့လည်း အရာရာအဆင်ပြေနေတာကိုပဲ ငြီးငွေ့လာပါလားဟု ရွေ့လျားကမ်းခြေလုပ်ငန်း ပိုင်ရှင် ဦးဝေလ တွေးနေမိသည်။ ဟုတ်သည်။ သူ့ဘ၀မှာ ဘာတွေများ မပြည့်စုံတာ ရှိခဲ့ပါသလဲ။ စဉ်းစားလို့မရ။ သူ ငယ်စဉ်ကလေးဘ၀ကစလို့ သူ့မိဘများက သူ့ကို ပညာ၊ ဥစ္စာ လိုရာ အစဉ်သင့်။ နောက်ဆုံးကြင်ရာကလည်း သူ့စိတ်ကြိုက်ရွေးချယ်ခဲ့သည်သာ။ တစ်ခုပဲရှိသည်။ သူတစ်ယောက်တည်း ဒီလို ကံကောင်းနေတာတော့ မဟုတ်။ ဒီနေ့လို ခေတ်ကြီးမှာ လူတိုင်း လိုတရနိုင်သည်။ ကြံတိုင်းအောင်နိုင်သည်။ ဘာလိုချင်သလဲ။ အားလုံးကို ဖြည့်ဆည်းပေးဖို့အတွက် ၀န်ဆောင်မှု လုပ်ငန်းမျိုးစုံက အဆင်သင့်။ သူပင်လျှင် မိဘမျိုးရိုး ဘိုးစဉ်ဘောင်ဆက် အမွေဆက်ခံ လုပ်ကိုင်ခဲ့သည့် ရွေ့လျား ကမ်းခြေ လုပ်ငန်းကြီးကို လုပ်ကိုင်ရင်း ကမ္ဘာအရပ်ရပ်က ကမ်းခြေတု ဖန်တီးလိုသူများကို ၀န်ဆောင်မှုပေးနေသည် မဟုတ်ပါလား။

သူအပါအ၀င် ဒီကမ္ဘာပေါ်ရှိ လူသားမှန်သမျှ ဘယ်သူမှ စားဝတ်နေရေးအတွက် အလုပ်ကို ပင်ပန်းကြီးစွာ လုပ်ကိုင်နေရန်မလိုတော့ပြီ။ အားလုံးကို လိုရာဖန်ဆင်းနိုင်သောခေတ်သို့ ရောက်ခဲ့သည်မှာ နှစ်ပေါင်း ရာချီကြာခဲ့ပြီ။ သူပိုင်ဆိုင်သော လုပ်ငန်းဆိုလျှင် နည်းပညာ၏ အစွမ်းဆုံး ဖွံ့ဖြိုးတိုးတက်မှုဟု ခေါ်ဆိုနိုင်သော Multi Dimensional Reality နည်းပညာကြောင့် ကမ်းခြေတုတစ်ခု ဖန်တီးလိုသူတစ်ဦးသည် သူ၏ နေအိမ်အခန်းထဲမှာပင် ပင်လယ်ကမ်းခြေတစ်ခုကို စက္ကန့်ပိုင်းအတွင်း ဖန်တီးနိုင်သည်။ ထိုကမ်းခြေကို ကမ်းရိုးတန်း အရှည် မည်မျှထည့်သွင်းမည်၊ နားနေရန် ဟိုတယ်အခန်းပေါင်း မည်မျှထည့်သွင်းမည် စသည်ဖြင့် ကြိုတင် ညွှန်ကြားချက်ပေးထားရန်တော့ လိုသည်။ ကမ်းခြေတွင် အပန်းဖြေလိုသူ နေလိုသမျှ ကာလပတ်လုံး သူ့အတွက် အစစအရာရာ ကြိုတင်စီစဉ်ထားပြီး Reality Machine ကို အမိန့်ပေး ညွှန်ကြားလိုက်ရုံသာ။ သို့သော် ဒီလုပ်ငန်းက ဦးဝေလ တစ်ဦးတည်းနှင့်တော့ မပြီးချေ။ ဥပမာ.. အပန်းဖြေလိုသူက အချစ်အတု ထည့်ပေးပါဦးဟုဆိုလျှင် ချစ်ဗိမ္မာန်လုပ်ငန်းမှ ဒေါ်ယုယတို့ကို ခေါ်ယူညှိနှိုင်း စီစဉ်ပေးရပေလိမ့်မည်။ ဒါမှမဟုတ် ဖောက်သည်က ကမ်းခြေတွင် ဂီတအစီအစဉ်များနှင့် ဖျော်ဖြေရေးကို ထည့်သွင်းလိုပါသည်ဟု တောင်းဆိုလာလျှင် သံစဉ်ကမ္ဘာလုပ်ငန်းမှ ဒေါ်ကာရံတို့နှင့် ပူးပေါင်းညှိနှိုင်းရပေလိမ့်မည်။ ထိုအခါ ဒေါ်ကာရံသည် ခံစားသူအကြိုက် တေးသီချင်းပုံစံများကို မေးမြန်း၍ သူ၏ Reality Machine တွင် ထည့်သွင်းပေးပေလိမ့်မည်။ မည်သည့်လူသား တစ်ဦးတစ်ယောက်ကမှ ရေးသားသီဆိုတီးခတ်ထားခြင်း မရှိသော်လည်း ညွှန်ကြားသူ၏ စိတ်ခံစားမှုအလိုက် စက်ကအလိုအလျောက် ရေးစပ်သီဆိုတီးခတ်ခြင်း အားလုံးကို တပြိုင်နက် ပြုလုပ်ပေးပါလိမ့်မည်။ သို့နည်းတူ ပြဇတ်၊ ရုပ်ရှင်၊ အားကစား စသည်ဖြင့် စီစဉ်သူ လုပ်ငန်းများစွာ အသီးသီး ရှိကြပေရာ ဆိုင်ရာ လုပ်ငန်းများနှင့် တွဲဖက် စီစဉ်လိုက်သည်နှင့် အရာရာ လိုလေသေးမရှိ။ အားလုံး ပြည့်စုံပါပေ၏။

ကမ်းခြေတွင် အတုဖန်ဆင်းသော စက်နှင့်မို့ အစစ်နဲ့ တူနိုင်မည် မဟုတ်ဟု မထင်ပါနှင့်။ အားလုံးသည် အစစ်နှင့် လုံးဝမခြားပါ။ ကမ်းခြေကို တလိမ့်ချင်း ပြေးတက်လာသော ရေလှိုင်းများတွင် ကူးခတ် ဆော့ကစားနိုင်သည်။ အုန်းပင်တို့ကို လေတိုက်လိုက်တိုင်း အော်မြည်နေသော တရှဲရှဲအသံများကို နားဆင်နိုင်သည်။ ဟိုဝင်ဒီထွက် ပြေးလွှားနေသော ၀င်ကစွပ်ကောင်များကို လိုက်ဖမ်းနိုင်သည်။ သတိတော့ထားပါ။ Jellyfish တွေကို သွားမကိုင်ပါနှင့်။ တကယ် အဆိပ်တက်နိုင်ပါသည်။ ကမ်းခြေအတုကို ငှားရမ်းထားသောရက် ကုန်ဆုံးသွားလျှင်တော့ အလိုအလျှောက် ကမ်းခြေကြီးပျောက်ကွယ်ပြီး မိမိနေထိုင်ရာ အိမ်ခန်းထဲတွင် ငုတ်တုတ်လေး ပြန်ရောက်နေပါလိမ့်မည်။ ဒီတော့လည်း တောင်တက်ခရီးစဉ် စီစဉ်ပေးသည့် ဦးမြင့်မားတို့ ကုမ္ပဏီနှင့် ချိတ်ဆက်ပြီး တောင်တက်ခရီးစဉ်တစ်ခုကို မိနစ်ပိုင်းအတွင်း စီစဉ်နိုင်ပါသည်။

ထိုသို့ ပြည့်စုံမှုများကြားတွင်သာ နေလာခဲ့ရ၍လည်း တခါတလေ ဦးဝေလ စဉ်းစားမိသည်မှာ မပြည့်စုံသည့်ဘ၀ဆိုတာ ဘာများလဲဟူ၍ မေးခွန်းထုတ်လာမိခြင်းဖြစ်သည်။ သူစားနေသည့် မနက်စာမှအစ ညစာအဆုံး အားလုံး ကြက်သားအတု၊ ၀က်သားအတု၊ ဆိတ်သားအတု၊ ပုဇွန်အတု၊ ငါးအတု နောက်ဆုံးပြောရလျှင် ကန်ဇွန်းရွက်၊ မှသည် ပန်းသီး၊ လိမ္မော်သီး အားလုံးအတု။ သို့သော် ဘယ်တုန်းကမှ ကြက်သားအစစ် ပေးပါဟု မတောင်းဆိုခဲ့ဖူး။ တောင်းဆိုရန်လည်း မလို။ ကြက်သား၏ အာဟာရနှင့် အရသာ အားလုံး ပါဝင်နေမှတော့ အတုနှင့် အစစ် ဘာများ ထူးပြီး တောင်းဆိုနေရဦးမည်လဲ။ လူသားအားလုံးသည် မိမိတို့ အလိုရှိရာ ဖန်ဆင်းပြီး ပျော်လိုက်၊ ပါးလိုက်၊ စားလိုက်၊ သောက်လိုက်၊ ကိုယ်တာဝန်ယူထားသည့် အတုဖန်ဆင်းစက်များကို ထိန်းကျောင်းမောင်းနှင်ပေးလိုက် နေသွားရုံသာ။ စက်တွေကို မောင်းနှင်ပေးသည့် စက်ကိုတော့ သူတို့ မတီထွင်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အလုပ်အကိုင်ဟူ၍ ဒီအလုပ်တစ်ခုသာ လုပ်ရန် ကျန်ရှိတော့သည်။ ကျန်တာ ဘာမှ ပူစရာမလို။ ငွေမလို၊ ရွှေမလို။ သေမှာကိုလည်း ပူစရာမလို။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏာ ဟူ၍ လူ့ဘ၀ကို ပိုင်းခြားထားလျှင် ဇာတိ သူတို့မှာ မရှိ။ လူလိုလျှင် စက်က ထုတ်ပေးလိမ့်မည်။ ဇရာကို တားဖို့ ဆဲလ်အသစ်တွေ အစားထိုးပေးတဲ့စက်ရှိသည်။ ဗျာဓိကို မှုရန်မလို။ ချို့ယွင်းလာတဲ့ အင်္ဂါအစိတ်အပိုင်းမှန်သမျှ အတုပြန်လုပ်ပေးမည့် စက် အသင့်ရှိသည်။ ဒီလိုနဲ့ပဲ မရဏ ဆိုတာ သူတို့အတွက် နတ္ထိ။


ဒီရက်ပိုင်းအတွင်း ဦးဝေလ ကြည်လင်လန်းဆန်းမှု သိပ်မရှိလှ။ သူစဉ်းစားနေတာတွေ များလွန်းလှသောကြောင့်ဖြစ်နိုင်သည် ဆိုပြီး အတွေးရှင်းစက်နှင့် အတွေးတွေ ရှင်းထုတ်လိုက်သည်။ အား.. ပါး.. ဒီတော့မှ နေသာ ထိုင်သာ ရှိသွားသည်။ ဒါပေသည့် သိပ်မကြာပါ။ မကြာခင် ထိုင်းမှိုင်းလေးလံလာပြန်သည်။ သူသေချာစဉ်းစားသည်။ နောက်ဆုံး ဒါမျိုးသူများတွေ ဖြစ်ဖူးလားဆိုပြီး မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဒါနဲ့ သူ့ဇနီးချော ဒေါ်လင်းပိုင်ကို မေးကြည့်သည်။

သူ့ဇနီးက သူ့ကို ဂရုဏာသက်စွာ ကြည့်ရင်း ပြန်ပြောလာသည်။

``ရှင့် ဦးနှောက် သက်တမ်းကုန်နေပြီထင်တယ်။ ရှင့်ဦးနှောက်က သက်တမ်းနှစ် ၁၀၀ ပဲ ခံတာလေ။ ဦးနှောက်တု အသစ် ထည့်ဖို့ အချိန်ကျပြီ။´´

သြော်။ ဟုတ်ပေသားပဲ။ ဒီတော့မှ ဦးဝေလ အဖြေ ရသွားတော့သည်။ သို့နှင့် ဦးဥာဏ်များတို့ ကုမ္ပဏီမှ ဦးနှောက်အတုတစ်ခု ချက်ချင်းမှာယူ အစားထိုးလိုက်ရပေသည်။

ထိုညတွင် ဦးဝေလ စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်ခဲ့ပါပြီ။ မော်ဒယ်အသစ် ဦးနှောက်တစ်ခုသည် နောင်နှစ်ပေါင်း ၅၀၀ ခန့် အတွေးတုတို့ကို ထုတ်လုပ်ပေးနိုင်ပါသေးသည်။

ဦးဝေလ အိပ်စက်ရာ အခန်းအပြင်ဘက်တွင်တော့ လမင်းအတုကြီး ငွေအဆင်းနှင့် ထွန်းလင်းလျက်ရှိ၏။ ၄င်း လမင်းကြီး၏ ဟိုးဘက် အဝေးတစ်နေရာတွင်တော့ မည်သူမှ သတိမရတော့သော လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ပျက်စီးခဲ့ပြီဖြစ်သော ဂြိုဟ်ပြာကြီးတစ်ခု၏ အပိုင်းအစများက ပြန့်ကျဲလျက်...။