Sunday, July 22, 2007

စာရေးဖို့ စိတ်

အခုရေးထားတာတွေကတော့ စိတ်နည်းနည်းထွေနေလို့ လျှောက်ရေးထားတာပါ။ ဖတ်လို့လည်း ထွေထွေထူးထူး ဘာမှ အကျိုးမရှိနိုင်လို့ ဆက်မဖတ်ရင် မဖတ်ဖို့ ကြိုတောင်းပန်ထားပါရစေ။

တခါတလေ ဘာကိုမှ ထွေထွေထူးထူး မလုပ်ချင်တဲ့ စိတ်တွေပေါက်နေတတ်တာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ဘလော့ဂါတွေဆိုရင်တော့ ဘာပို့စ်မှ အသစ်မရေးချင်တာမျိုးပေါ့။ ကျွန်တော်လည်း တုပ်ပြီးကွေးလို့ ပြန်နေကောင်းခါစ ခုချိန်မှာ သိပ်ရေးချင်စိတ်မရှိဘူး ဖြစ်နေတယ်ဗျာ။

ပုံမှန်ဆိုရင် ၀မ်းနည်းစရာရှိရင် အဲဒါကို စာရေးပြီး ဖောက်ခွဲချင် ဖောက်ခွဲမိမယ်။ ဒါပေမယ့် စာမရေးနိုင်လောက်အောင် ၀မ်းနည်းစရာမျိုးဆိုရင် ဘာမှ ရေးမိမှာမဟုတ်ဘူး။ ဒေါသထွက်စရာတို့၊ ပျော်စရာတို့ ဆိုရင်လည်း ဒီလိုပဲ။ အရမ်းကြီး ခံစားချက်ပြင်းသွားရင်တော့ ဘာမှ မလုပ်နိုင်တော့ဘူး။ တစ်ခုခု လုပ်ပစ်ချင်လောက်အောင် စိတ်ထဲကို ထိခိုက်လာရုံလောက်ပဲဆိုရင် ဘလော့ဂ်မှာ စာတွေ ဘာတွေ ရေးဖြစ်သေးတယ်။

ဒါပေမယ့် ခုဖြစ်နေတာက ဘာခံစားချက်မှလည်း ထွေထွေထူးထူး မရှိပဲနဲ့ ရေးချင်စိတ်မရှိဖြစ်နေတာ။ ကိုယ့်စိတ်ကိုလည်း သေသေချာချာ ပြန်ဆန်းစစ်ကြည့်မိတယ်။ စိတ်လေနေတာလား။ စိတ်မပါတာလား။ ပျင်းနေတာလား။ ငြီးငွေ့နေတာလား။

သေချာ စဉ်းစားမိတော့ ဟိုဟာ ဒီဟာ တွေ ပေါင်းစုံသွားတာဗျ။ ဘာမှတော့ အကြောင်းကိစ္စ အထူးအထွေ မရှိဘူး။ ဒါပေမယ့် ခုတစ်လော မြန်မာဘလော့ဂါတွေ တစ်ယောက်ပြီး တစ်ယောက် စိတ်အနှောက်အယှက်ဖြစ်စရာတွေ ကြုံနေရတယ်ဗျာ။ ကိုဖြိုးရဲ့ စီဘောက်စ်ကကိစ္စ။ အချို့ဘလော့ဂါတွေ ဘလော့ဂ်ရေးခြင်းမှ ခဏ သို့မဟုတ် လုံးဝ ရပ်နားတာမျိုးတွေ။ အချင်းချင်း မညီမညွတ်ဖြစ်ပြီး အုပ်စုကွဲသွားနိုင်တဲ့ ပုံစံမျိုးတွေ။ ကျွန်တော်ပဲ အသည်းနုနေတာလားတော့ မသိဘူး။ အဲလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေဖြစ်ကြတာမျိုးတွေ ကြုံလာရရင် စိတ်တော်တော် ရှုပ်တယ်ဗျာ။ အားလုံး ညီညီညွတ်ညွတ်၊ ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်တယ်။

ကိုဖြိုးနဲ့ ကျွန်တော်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တစ်ညလုံး ဂျီတော့ခ်မှာ တွေ့ဖြစ်တယ်။ သူကလည်း တစ်ညလုံး မအိပ်တဲ့သူ။ ကျွန်တော်ကလည်း တစ်ညလုံး မအိပ်တဲ့သူ။ မနေ့ တနေ့ကမှ သူရေးတဲ့ စာတွေ ကဗျာတွေအကြောင်းပြောရင်းနဲ့ စာအုပ်တွေအကြောင်း စာရေးဆရာတွေအကြောင်း ပြောနေကြသေးတယ်။ အင်မတန် ခင်ဖို့ကောင်းတဲ့လူပါဗျာ။ ကိုဖြိုးကို ဒီနေရာကနေလည်း ပြောမယ်။ လူချင်းလည်း တွေ့ပြီး ပြောဦးမယ်။ ဘလော့ဂ်ပြန်ရေးဖို့။ ဘာပဲဖြစ်ဖြစ် စိတ်မပျက်ဖို့။

မပန်ဒိုရာဆိုရင်လည်း သူရေးတဲ့ စာတွေ အရမ်းကို ဖတ်လို့ကောင်းတာဗျ။ သူရေးတဲ့ Identity ဆိုရင် ကျွန်တော် တော်တော်ကြိုက်တယ်။ သူရဲ့ အရေးအသားတွေကို လေးလည်းလေးစားတယ်။ Paint Brush နဲ့ ပုံဆွဲတဲ့ ၀ါသနာချင်းလည်း တူတော့ သူ့ကို ဘလော့ဂ် ပြန်ရေးစေချင်တယ်။

ထုံးစံအတိုင်း Blogger.com ကို ၀င်ဖို့ကလည်း တော်တော် ကြာအောင် စောင့်နေရတယ်ဗျာ။

ကဲ.. တော်ပါပြီဗျာ။ လာဖတ်တဲ့သူတွေ စိတ်အနှောက်အယှက်ဖြစ်အောင် ထပ်မရေးတော့ပါဘူး။ မကြာခင် ပို့စ်အသစ် တစ်ခုတင်နိုင်အောင် ကြိုးစားပါဦးမယ်။