Thursday, July 19, 2007

မမေ့ကြရုံပဲလား ?

ကျွန်တော် ၆ နှစ်သား ၇ နှစ်သားလောက်တုန်းက အညာဘက်က မြို့လေး တစ်မြို့မှာ နေခဲ့ဖူးပါတယ်။ ကျွန်တော်တို့နေတဲ့အိမ်ရဲ့ ရှေ့ခြံဝင်းတံခါးဝနားမှာ အော်လံကြီး (လော်စပီကာလို့လည်း ခေါ်ပါတယ်)တစ်ခုရှိပါတယ်။ အဲဒီ အော်လံကြီးကနေ မကြာခဏ သတင်းတွေ၊ ထူးခြားဖြစ်ရပ်တွေ လွှင့်ထုတ်ပေးတတ်ပါတယ်။ ခုလို အာဇာနည်နေ့ဆိုရင် မနက် ၁၀ နာရီ ၄၀ မိနစ် ၀န်းကျင်လောက်မှာ ဥသြဆွဲပါတယ်။ ငယ်ငယ်တုန်းက မသိတော့ အမေ အဖေတို့ကို မေးတာပေါ့။ အဲဒါ ဘာလုပ်တာလဲလို့။ အမေ အဖေတို့ကရှင်းပြပါတယ်။ အာဇာနည်နေ့မို့လို့ အာဇာနည်တွေ ကျဆုံးသွားတဲ့အချိန်မှာ အားလုံး ငြိမ်သက်ပြီး အာဇာနည်တွေကို ဂုဏ်ပြုဖို့ စသည်ဖြင့်ပေါ့ဗျာ။


အဲဒီအချိန် ခပ်ငယ်ငယ်ကတည်းက ကျွန်တော်သိခဲ့တာက ဗိုလ်ချုပ်တို့ အာဇာနည်တွေကို လုပ်ကြံတာ ဦးစောပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်ကမှ ကျွန်တော်ထပ်ပြီးသိလာရတာ တစ်ခုရှိပါတယ်။ အသိမိတ်ဆွေ တစ်ယောက်က ဒီလိုပြောပါတယ်။ ဦးစောက လုပ်ကြံဖို့ အခိုင်းခံရတဲ့ လက်ပါးစေ။ သူ့ကိုသတ်ခိုင်းတာက နယ်ချဲ့အင်္ဂလိပ်အစိုးရကလိုလို၊ ဦးနေ၀င်းလိုလို ပြောပါတယ်။ ဦးစောကိုယ်တိုင်လည်း လုပ်ကြံခံရဖူးပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကို ဗိုလ်ချုပ်က လုပ်ကြံတယ်လို့ ဦးစောက ယူဆပြီး ဗိုလ်ချုပ်ကို ပြန်ပြီး လုပ်ကြံတယ်လို့လည်း ပြောတာ ကြားဖူးပါတယ်။

ကျွန်တော်ပြောချင်တာက သမိုင်းထဲက တရားခံ အစစ်ကဘယ်သူလဲဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး ဆိုတာပါ။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး၊ တစ်နိုင်ငံလုံးရဲ့ ချစ်ခင်လေးစားမှုကို ခံယူရရှိနေတဲ့ ဗိုလ်ချုပ်ကို လွယ်လွယ်ကူကူ သတ်ဖြတ်သွားတဲ့ သူတွေဟာ သူတို့ရဲ့ အိမ်ထဲမှာ လုပ်ကြံပြီးပြီးချင်း အောင်ပွဲခံနေခဲ့ကြပါတယ်တဲ့။ တကယ်သာ အဲဒီအတိုင်းဆိုရင် သူတို့ကို အပြစ်ကနေ ကာကွယ်ပေးမယ့်သူ ရှိလို့သာ ဒီလို အေးအေးဆေးဆေး အောင်ပွဲခံနေနိုင်ကြတယ်လို့ ယူဆရမလိုပါ။ နောက်ပိုင်းကျမှ ဦးစောဟာ အပြစ်ကို ကာကွယ်ပေး မခံရတဲ့ အပြင် ထိုးကျွေးခံလိုက်ရတဲ့ နယ်ရုပ်လေးတစ်ခု ဖြစ်နေတဲ့ ပုံပါ။

ဒီလိုဆိုရင် ဦးစောရဲ့နောက်ကွယ်မှာ ဦးနေ၀င်းရှိလို့လား။ အင်္ဂလိပ်ရှိလို့လား။ ဦးနေ၀င်းက နောင်တစ်ချိန်မှာ သူနိုင်ငံတော် အာဏာရအောင်ယူဖို့ အကြံအစည်ရှိလို့ သတ်ခဲ့တာလား။ အင်္ဂလိပ်က ဗိုလ်ချုပ်နဲ့အဖွဲ့ကို သတ်လိုက်နိုင်ရင် မြန်မာနိုင်ငံအရေး သူတို့ လိုသလို ပုံဖော်နိုင်အောင် ရည်ရွယ်ပြီး သတ်ခဲ့တာလား။ အချက်အလက် တိတိကျကျနဲ့ သိရှိသူများ ရှိသေးရင် ဝေဖန်ဆန်းစစ်ဖို့သင့်တဲ့ အရေးကိစ္စလို့ ကျွန်တော်ထင်ပါတယ်။

ထားပါတော့။ ဒါတွေက ကျွန်တော်မသိသေးတဲ့၊ ကျွန်တော်သိချင်တဲ့ အာဇာနည်နေ့နဲ့ ပါတ်သတ်တဲ့ အကြောင်းတွေပါ။ တကယ်တမ်း စိတ်ထဲမှာ ပြောချင်နေတာတွေကို ပြောပါမယ်ခင်ဗျာ။

ကျဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးဟာ တကယ်ကို လေးလေးစားစား စံနမူနာ ယူထိုက်သူတွေပါ။ ကျွန်တော် ပြောချင်တာက စံနမူနာ ယူထိုက်သူတွေပါ။ ဘယ်သူတွေများ တကယ်စံနမူနာယူပြီး ဗိုလ်ချုပ်လို နိုင်ငံအတွက် အလုပ်လုပ်ခဲ့ကြပါသလဲ။ ရှင်းရှင်းပြောကြေှးဆိုရင်ဗျာ။ လေနဲ့ ပြောနေတဲ့သူတွေ များနေတယ်။ အလုပ်လုပ်တဲ့သူ မရှိဘူး။ ရှိရင်လည်း ဗိုလ်ချုပ်ရဲ့ တစ်ဝက်လောက်တောင် နိုင်ငံချစ်စိတ်နဲ့ အရည်အချင်း မရှိကြဘူး။

ကိုဖြိုးကပြောပါတယ်။ ``မမေ့ကြရုံပဲလား´´ တဲ့။ စဉ်းစားစရာပါပဲ။ ကျွန်တော်တို့ ဗိုလ်ချုပ်နောက်ပိုင်း ဗိုလ်ချုပ်လို ကိုယ်ကျိုးကို အမှန်တကယ်စွန့်ပြီး အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးတဲ့သူ ဘယ်နှစ်ယောက် ပေါ်ထွက်လာခဲ့ပါသလဲ။ ဆက်မပြောတော့ဘူးနော်။

အားလုံးလဲပဲ ကိုယ့်ကိုကိုယ် တွေးမိကြမှာပါ။ ကျွန်တော်တို့မှာက ဘာဖြစ်နေသလဲဆိုတော့ တစ်ခုခုကို လုပ်ကြမယ်ဟေ့ဆိုရင် အဲဒီထိကတော့ အိုကေပဲ။ ဒါပေမယ့် ဘယ်လို လုပ်ကြမယ်။ ဘာလုပ်ကြမယ်ဆိုရင် သူကတစ်မျိုး၊ ငါကတစ်ဖုံ။

တကယ်တမ်း ရည်ရွယ်ချက်ရှိရှိလုပ်ချင်တဲ့သူတွေပဲ လိုအပ်ပါတယ်။ လူပြောမသန်၊ လူသန်မပြောတဲ့။ အပြောထက် အလုပ်က အရေးကြီးပါတယ်။ ဗိုလ်ချုပ်တို့ အာဇာနည်တွေကို လေးစားတယ်ဆိုရင် သူတို့လို ဘာတွေ စွန့်လွှတ်ပြီး လုပ်ခဲ့ပြီးပြီလဲ။ ဟိုအော် ဒီအော်၊ ဟိုပြော ဒီပြော အဆင့်ကနေ တက်ဖို့ လိုပြီထင်တယ်ဗျာ။ ဒီပုံမျိုးနဲက ဘာအရေးတော်ပုံကြီးမှ မအောင်ဘူး။


တို့ခေတ်ရောက်မှ ညံ့နေကြပြီ။


မှတ်ချက်။ ။ ဘယ်သူ့ကိုမှ သီးသန့် ရည်ရွယ်ပြီးတော့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်အပါအ၀င် အားလုံးကို ရည်ရွယ်ပြီးတော့ ပြောတာပါ။


ကိုဖြိုးရေ။ ကိုဖြိုးရဲ့ ခေါင်းစဉ်ကိုပဲ ကိုက်ညီမယ်ထင်လို့ ပြန်ယူသုံးလိုက်တယ်ဗျာ။ ကိုဖြိုးရဲ့ ``မမေ့ကြရုံပဲလား´´ ပို့စ်က စာသားအချို့ကိုလည်း အောက်မှာ ဖော်ပြခွင့်ပြုပါဗျာ။

``လူသားတွေရဲ့ စိတ်ထဲမှာ တမ်းတခြင်းတစ်မျိုးကို နာမည်မတပ်ပဲ ခံစားနေကြတယ်။ ဒါဟာ လူပုဂ္ဂိုလ်တစ်ယောက်ကို တမ်းတတာထက် မိမိတို့ အကျိုးကို ဘယ်သူကများ သယ်ပိုးပါ့မလဲလို့ တွေးတောမိခြင်းတစ်မျိုးပါ။ မိမိကို ဘယ်သူက ဂရုစိုက်လို့ စောင့်ရှောက်ပါ့မလဲဆိုတာကို မျှော်လင့်နေကြတယ်။ ရောပြွန်းနေတဲ့ ခံစားချက်များနဲ့ လွန်ခဲ့သော နှစ်များစွာက ၀မ်းနည်းခြင်းနေ့ရက်တစ်ရက်ကို ကျော်ဖြတ်နေကြတယ်။´´

ကိုဖြိုး၏ ``မမေ့ကြရုံပဲလား´´ ကို ဖတ်ရန်