Saturday, July 7, 2007

တန်ပြန်တိုက်ခိုက်ခြင်း

ကွန်မြူနစ်တွေရဲ့ ``သူစု ကိုယ်ဖြန့်၊ သူဖြန့် ကိုယ်စု´´ ဆိုတဲ့ သဘောတရားလေး ကြားဖူးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တိုက်ခိုက်ကြတဲ့အခါ သူ့ဗျူဟာ ကိုယ့်ဗျူဟာ ဘယ်လိုခင်းကျဉ်းကြတယ်ဆိုတာပေါ်မူတည်ပြီး တိုက်ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးကို အဓိကဆုံးဖြတ်ပေးနိုင်ပါတယ်။ မီးကို ရေအေးနဲ့ပဲ ငြိမ်းသည်ဖြစ်စေ၊ ရေနွေးနဲ့ပဲ ငြိမ်းသည်ဖြစ်စေ ငြိမ်းဖို့သာအဓိက ဆိုတဲ့ သဘောတရားကိုလည်း သိကြမှာပါ။ တစ်ချို့ကတော့ Fight Fire with Fire လို့ ဆိုကြပါတယ်။

မြန်မာတွေရဲ့ ရှေးကတည်းက ကြားဖူးနေကြ နောင်ရိုးတိုက်ပွဲဥပမာမှာတော့ ``လက်ရုံးရည်သည် အဓိကမဟုတ်၊ နှလုံးရည်သာ အဓိက´´ လို့ဆိုထားတာလည်း အားလုံးသိတာပဲ။ ``ဘုရင့်နောင်ဖောင်ဖျက်´´ ဆိုတဲ့ စကားက ခုထိသုံးကြတုန်းပါ။ ဒါမျိုးဥပမာတွေ ပြောရရင် အများကြီးပါ။ ကမ္ဘာမှာရော၊ မြန်မာမှာရော ဥပမာတွေ ပေးလို့မကုန်နိုင်အောင် အများကြီးရှိပါတယ်။

ဒါဆိုရင် ဘာဖြစ်လို့ လူနည်းစုလေးကို လူများစုက ခေါင်းငုံ့ခံပြီး အရှုံးပေးနေရသလဲ။

သူတို့လောက် အရည်အချင်း မရှိလို့လား။

သူတို့လောက် အင်အားမများလို့လား။

သူတို့လောက် ဖွဲ့စည်းညီညွတ်မှု မရှိလို့လား။

သူတို့ထက် ပိုပြီး အဓိကဖြေရှင်းနေရတဲ့ ပြဿနာတွေကနေ မကျော်နိုင်လို့လား။

ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြည့်နိုင်ပါတယ်။ ငါက ငါ့အတွက်ပဲ ငါ့လုပ်နေပါလားဆိုတာ သေသေချာချာ သိဖို့လိုပါတယ်။ ဒါဖြင့် မင်းကရော ? အတူတူပဲပေါ့ဗျာ။ စကားစပ်လို့ စံပယ်ဖြူမဂ္ဂဇင်း အမှတ် (၆)၊ အောက်တိုဘာ ၂၀၀၆ ထဲက ဆောင်းပါးရှင် ကျော်ဇောခိုင်ရဲ့ တွေးခြင်းမဟာဗျူဟာများ ဘာသာပြန်ဆောင်းပါးထဲက တစ်ခုကို ပြန်ပြောပါရစေ။
`` ဆိုဗီယက်အကြောင်း နောက်တစ်ခု ထပ်ပြောမယ်ဗျာ။ ပါတီရဲ့ အကြိမ် ၂၀ မြောက် ကွန်ဂရက်မှာ ခရူးရှော့ကြီးက စတာလင်အကြောင်း မကောင်းပြောတယ်။ အပုပ်ချတယ်ပေါ့ဗျာ။ မိန့်ခွန်းလည်း ဆုံးရော အောက်က လူအုပ်ထဲက တစ်ယောက်က စတာလင်ရှိတုန်းက ခေါင်းဆောင်ကြီး ဘာလုပ်နေသလဲလို လှမ်းမေးသဗျာ။ အဲဒါ ဘယ်သူလဲ၊ မတ်တတ်ရပ်ပြပါလို့ ခရူးရှော့က ဆိုတော့ ဘယ်သူမှမလှုပ်ကြဘူးတဲ့။ ငြိမ်နေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး ခရူးရှော့က ပြောတယ်။ ကျုပ်ဒီလိုပဲ လုပ်ခဲ့ရတာပေါ့တဲ့။´´

ကျွန်တော်တို့လည်း ဒီလိုပဲ လုပ်နေတဲ့ လူတွေများနေတယ်။ ငါ့ရေတစ်ခွက်နဲ့ သူကြီး နို့အိုးကြီး ဘာမှ မသိသာပါဘူးဆိုတဲ့ ပုံပြင်ထဲကလိုပေါ့။

ဒီတော့ ကျွန်တော်တို့ မညီညွတ်ဘူး။ ဒါ အသေအချာပဲ။ ကျွန်တော်တို့ရဲ့ ဖျောက်မရနိုင်သေးတဲ့ အကျင့်ဆိုးကြီး၊ ဒါမှမဟုတ် စရိုက်ဆိုးကြီးက လူတစ်ယောက်ကနေ နှစ်ယောက် တွဲလို့ မရဘူး။ တစ်ယောက်ထဲကြပြန်တော့လည်း ငါ့ရေတစ်ခွက်ဆိုတာနဲ့ ပြီးနေတယ်။ နှစ်ယောက်ရှိလာပလား။ ``ဒီကောင်က မဆိုးပါဘူး။ ငါ့ကို မှီဖို့တော့ နည်းနည်း လိုသေးတယ်´´ ဆိုတာမျိုး၊ ``မင်းမရှိလည်း ဘာမှ မဖြစ်ဘူးကွ၊ ငါ့ဘာသာငါ လုပ်နိုင်တယ်´´ ဆိုတာမျိုး၊ ``ဒီကောင်က ဘာပညာတွေများ ငါ့ထက်သာလို့တုန်း၊ ဘာအတွေ့အကြုံတွေများ ပိုရှိလို့တုန်း´´ ဆိုတာမျိုး၊ ``ဒီကောင့်ကို စောစောစီးစီး နှိပ်ကွပ်ထားမှ၊ နို့မို့ဆိုရင် ငါ့အတွက် နေရာ မသေချာဘူး´´ ဆိုတာမျိုးတွေ ရှိလာကြပါတယ်။ ရန်သူကို တန်ပြန်တိုက်ခိုက်ဖို့ ဒါမျိုးလူတွေနဲ့ မရနိုင်ဘူး။

ကျွန်တော်တို့ အရည်အချင်း မရှိဘူးလား။ အရည်အချင်း တကယ်ပြည့်ဝတဲ့သူတွေ အများကြီးပါ။ ကမ္ဘာမှာရော၊ မြန်မာမှာရော ရှိကြပါတယ်။ ရန်သူထက် သာတဲ့သူတွေ အပုံကြီးပါဗျာ။ ဒါဖြင့် ဘာဖြစ်လို့ မအောင်မြင်သလဲ။ အဖွဲ့အစည်း စိတ်ဓတ်မရှိမှုနဲ့၊ အရည်အချင်းပိနေတဲ့သူတွေကြောင့်လို့ ယူဆပါတယ်။ ရီးယဲလ်ဘောလုံးအသင်းမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေချည်းပဲ။ ဒါပေမယ့် သူတို့ ဖလား အများကြီးမရပါဘူး။ တစ်ဦးချင်းစွမ်းရည်ကောင်းတဲ့သူတွေ လိုပါတယ်။ ဒါပေမယ့် တစ်ဦးချင်းလုပ်ရမယ့်အခြေအနေမျိုးမှာပဲ သူတို့ကို ရှိနေခိုင်းတာ ကောင်းပါတယ်။ အုပ်စုလိုက်လှုပ်ရှားကြရင် Team Work ကောင်းကောင်းရှိတဲ့သူမျိုးတွေ အဓိက များများစားစား လိုပါတယ်။ မိတ်ဆွေတစ်ယောက်ပြောဖူးတဲ့ Management Game အကြောင်း ပြောပါရစေ။ လူတွေကို အုပ်စုတွေ ဖွဲ့ပြီး ပြဿနာ တွေ ဖြေရှင်းခိုင်းကြည့်ပါတယ်။ အဲဒီအခါမှာ လူတစ်ချို့က အုပ်စုနဲ့ ညီညီညွတ်ညွတ် ပြဿနာရဲ့ အဖြေတွေကို ၀ိုင်းဝန်းစဉ်းစားနိုင်ပါတယ်။ လူတစ်ချို့ကတော့ သူများပြောသမျှ လိုက်ခေါင်းငြိမ့် ခေါင်းခါနဲ့ ဘာမှ တက်တက်ကြွကြွ မဖြေရှင်း မစဉ်းနိုင်ပါဘူး။ ဒါပေမယ့် လူတွေကို တစ်ယောက်ချင်းစီ ခွဲပြီး ပြဿနာတွေကို ဖြေရှင်းခိုင်းတဲ့အခါမှာတော့ အုပ်စုလိုက် မဖြေရှင်းတတ်တဲ့သူတွေက တစ်ဦးချင်းစွမ်းရည်တွေ ကောင်းနေတတ်သလို အုပ်စုလိုက် စွမ်းရည်ကောင်းနေတဲ့သူတွေက တစ်ဦးချင်းစွမ်းရည် ညံ့နေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ညံ့တော့ မညံ့ဘူး။ လူတော်တွေအများကြီးပဲ။ ဒါပေမယ့် လူမှန် နေရာမှန်ရှိမနေကြဘူး။ ဒီလိုပုံမျိုးနဲ့တော့ တန်ပြန်တိုက်ခိုက်မှု မလုပ်နိုင်ဘူး။

နောက်တစ်ချက်က ဟိုဝါဒ ဒီဝါဒတွေကို နည်းနည်း ဘေးချိတ်ထားဖို့လိုမယ်။ လူတွေက ၀ါဒတွေကို မသိမသာပြဌာန်း၊ ပြီးတော့ အဲဒီဝါဒတွေအောက်က ရုံးမထွက်နိုင် ဖြစ်မနေသင့်ဘူး။ ၀ါဒဆိုတာ ၀ါဒအားလုံးကို ပြောတာပါ။ ကွန်မြူနစ်စင်၊ ဘာနစ်စင် ညာနစ်စင်တွေကနေပြီး၊ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ အားလုံးကို ပြောတာပါ။ ဒီကွေ့ရောက်ရင် ဒီတက်နဲ့လှော်၊ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်ပေါ့ဗျာ။ အဲဒါကိုလည်း ဘာဝါဒလို့ သတ်မှတ်ထားလည်း ကျွန်တော်လည်း မသိပါဘူး။ မြေပဲခိုးစားတဲ့ မျောက်တွေကို ယာသမားတွေ ဘယ်လို ဖမ်းလဲဆိုတော့ အ၀ ခပ်ကျဉ်းကျဉ်း အိုးတစ်ခုထဲမှာ မြေပဲ ထည့်ပြီး အဲဒီအိုးကို မြေကြီးထဲမြှုပ်ထားလိုက်တာပဲ။ ညကြတော့ မျောက်တွေက အိုးထဲက မြေပဲကို လက်နဲ့ နှိုက်ယူပြီး လက်ပြန်ထုတ်တော့ အ၀မှာတစ်နေလို့ ထုတ်လို့မရဘူး။ ဒါပေမယ့် မျောက်တွေက မြေပဲကို မလွှတ်ပဲ လက်ကို အတင်းထုတ်တာဆိုတော့ မနက်မှာ အေးအေးဆေးဆေး မျောက်တွေကို ဖမ်းရုံပဲဗျ။ ကျွန်တော်တို့လည်း မြေပဲနည်းနည်းအတွက် အသက်တွေတော့ အဆုံးရှုံးမခံသင့်ဘူး မဟုတ်လား။ လွှတ်ချသင့်တာတွေကို လွှတ်ချဖို့ လိုမယ်။ ငါက ဘာဝါဒီ ညာဝါဒီဆိုတာမျိုး တစ်ခုခုကို ဆုပ်ကိုင်မထားသင့်ဘူး။ ပြောင်းလွယ် ပြင်လွယ် Flexible ဖြစ်မှ တန်ပြန်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နိုင်မယ်။

ကောင်းပါပြီတဲ့။ ဘယ်လို တန်ပြန်တိုက်ခိုက်ကြမလဲ။ No one is perfect ဆိုသလိုပေါ့။ Weak Point တွေတော့ ရှိမှာပဲ။ အဲဒီနေရာကနေ ၀င်ရမှာပေါ့။ ကျွန်တော်တို့ ရုပ်ရှင်တွေထဲမှာလည်း ကြည့်ဖူးသလို သူ့အဖွဲ့အစည်းကို မကျေနပ်တဲ့သူတွေကို သူ့လူကိုယ့်ဘက်သားလုပ်နည်းတွေ စသည်ဖြင့်ပေါ့။ ဒါတွေက ပြောလို့မကောင်းဘူး။ ဘတ်စ်ကားပေါ်က သင်္ကြန်စာ ရောင်းတဲ့သူပြောသလိုဆိုရင် ပြောလို့ မကောင်းဘူး။ ဖတ်လို့ကောင်းတယ်ပေါ့ဗျာ။ ပြီးရင် အကောင်အထည်ဖေါ်ဖို့ ဆိုတာကတော့... ကျွန်တော် ဒီနေရာမှာ လျှောချရင်ရတယ်ဗျာ။ ဒါပေမယ့် လျှောမချချင်ဘူး။ လူလည်း လျှောချရတာတွေ များလွန်းလို့ အ၀ီစိကမတက်နိုင်တာ တော်တော်ကြာနေပြီ။

ပြောမယ်ဆိုရင်တော့ ပြောစရာတွေ ရှိသေးတာပေါ့လေ။ အပြောနည်းနည်းလျှော့ပြီး အလုပ်များများ လုပ်သင့်တယ်ထင်လို့ ဆက်မပြောတော့ဘူးဗျာ။