Monday, June 18, 2007

မိုးတွေရွာရင်

မိုးတွေရွာရင် လေးဖြူရဲ့ ကန္တာရလမင်း အခွေ ဖွင့်ပြီး စိတ်ကူးမြစ်ထဲမှာ မျောနေချင်တယ်...

မိုးတွေရွာရင် ငယ်ငယ်တုန်းက ညီတွေနဲ့ ခြံထဲမှာ သရက်ပင်တွေအောက် ဘောလုံး ကန်တာကို သတိရသေးတယ်...

မိုးတွေရွာရင် နွေလောက် စိတ်ကူးယဉ်လို့ မကောင်းပေမယ့် အိပ်ယာထဲမှာ အိပ်မပစ်ရက်ပဲ ငြိမ်ငြိမ်လေး ဟိုတွေး ဒီတွေး တွေးနေချင်တယ်...

မိုးတွေရွာရင် ဆောင်းလောက် လမ်းလျှောက်ရတာမကောင်းပေမယ့် မိုးရွာနေတဲ့ ကောင်းကင်ကိုမော့ကြည့်ပြီး မိုးစက်တွ ကျလာပုံကို သေသေချာချာ ကြည့်ချင်တယ်...

မိုးတွေရွာရင် သူငယ်ချင်းတွေနဲ့ မိုးရွာထဲ ကန်တော်ကြီးတစ်ပတ် လမ်းလျှောက်ကြရင်း အားလုံးတန်းစီ ဖျားကြတာကို သတိရတယ်...


မိုးတွေရွာရင် မိုးသံကိုကျော်အောင် သီချင်းအော်ဆိုရတာကို ပျော်တယ်...

မိုးတွေရွာရင် လျှပ်စီးလက် မိုးကြိုးပစ်တာကိုလည်း မိုးပေါ်ကို မော့ကြည့်ပြီး သေသေချာချာ လိုက်ကြည့်ချင်တယ်...

မိုးတွေရွာရင် အသက်နည်းနည်းကြီးလာတော့မှ ဘယ်သူတွေဆီမှာ ရေကြီးပြီး မြုပ်ကုန်ပြီလဲဆိုတာ တွေးမိလာတယ်...

မိုးတွေရွာရင် စပါးတွေရေမြုပ် ဆန်ဈေးတွေ တက်ဦးမှာလား တွေးနေမိတယ်...

မိုးတွေရွာရင် ခဲသားရောင် တိမ်တွေရဲ့အရောင်ကို ပန်းချီဆွဲချင်တယ်...

``မိုးတွေရွာရင်´´ ဆိုတဲ့ Tag Game လေးကို ကိုချမ်းမြစိုးက Tag ထားတယ်ဆိုလို့ နောက်ကျပြီးမှ ရေးဖြစ်တာပါ။ ဘလော့ဂ် ညီအစ်ကို မောင်နှမများလည်း တော်တော်လေး ရေးပြီးနေကြပါပြီ။ ကျွန်တော့် ဘလော့ဂ်ကို လာဖတ်သူများလည်း မိုးတွေရွာရင် ဆိုတာလေး ရေးပေးပါလို့ ခင်မင်စွာနဲ့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ မိုးတွေရွာရင် တစ်ခုခုတော့ ပြောစရာရှိကြမယ်လို့ ယူဆပါတယ်ခင်ဗျာ။