Sunday, June 17, 2007

ကျွန်တော်ဆွဲတဲ့ ပုံတူအကြောင်း

ကျွန်တော့်ပုံတူကို Microsoft Paint Brush နဲ့ ဆွဲထားတာပါ။ အဓိက ကျွန်တော် အားသန်တဲ့ Line Tool နဲ့ ဆွဲတာပါ။ Pencil Tool နဲ့ မဆွဲတတ်ဘူးခင်ဗျ။ ခဲဖျက်နဲ့ ပြန်ဖျက်တာရယ်၊ တချို့နေရာလေးတွေကို Zoom ချဲ့ပြီး Pixel လေးတွေ လိုက်ပြင်ထားတာရယ် နည်းနည်းပါးပါး ပါ ပါတယ်။ Brush Tool တော့ မသုံးထားပါဘူးခင်ဗျာ။

တကယ်တမ်း ကျွန်တော့်ကို ပန်းချီ ဆွဲတတ်လားဆိုရင် မဆွဲတတ်ပါဘူးခင်ဗျာ။ ၀ါသနာအရ ဆွဲကြည့်နေတာပဲ ရှိတာပါ။ ပန်းချီသဘောတရားတွေ ဘာတွေလည်း နားမလည်ပါဘူး။ ငယ်ငယ်ကတည်းက ပုံလေးတွေ ကူးဆွဲတယ်။ ကျွန်တော် မှတ်မိသလောက် ပထမဆုံးစဆွဲတဲ့ ပုံက ကျွန်တော် နေခဲ့ဖူးတဲ့ နယ်မြို့လေးက မြို့တွင်းနဲ့ မြို့ပြင်ပြေးဆွဲတဲ့ Hilux လေးချိတ်ကားပုံတွေပါ။ ကျူရှင်စာအုပ် နောက်ကျောဖုံးမှာ ဆွဲထားတဲ့ပုံလေးတွေ အခုထိ မျက်စိထဲမှာ မြင်ယောင်နေပါသေးတယ်။

နောက်ပိုင်းမှာတော့ ရှုခင်းပုံလေးတွေ ဆွဲပါတယ်။ ကျောင်းမှာ လုပ်တဲ့ ပန်းချီပြိုင်ပွဲတွေမှာ ၀င်ပြိုင်ပါတယ်။ ကိုယ့်ထက်ဆွဲတတ်တဲ့သူတွေ အများကြီးပါ။ သူတို့နဲ့အတူတူဆွဲရတော့ သူတို့ဆီက ပညာယူရပါတယ်။ ဒါလည်း ဖြစ်ဖြစ်မြောက်မြောက်တော့ မဟုတ်ပါဘူး။

ကျွန်တော့်အတွက်တော့ ပန်းချီဆွဲရတာ စိတ်အပန်းပြေစေပါတယ်။ တခါတလေ Abstract ပုံတွေလို့ ပြောကြတဲ့ ပန်းချီမျိုးတွေလည်း ဆွဲကြည့်ပါတယ်။ ကိုယ့်စိတ်ကို ထွက်ပေါက်တစ်ခု ပေးလိုက်တာကလွဲလို့ တခြား ရည်ရွယ်ချက်ကြီးကြီးမားမားတော့ မရှိပါဘူး။ ပန်းချီဆွဲနေတဲ့အချိန်မှာ ခံစားရတဲ့ ခံစားမှုက ပြောဖို့တော့ ခက်ပါတယ်။ အဲဒီထဲမှာပဲ စိတ်ကရှိပါတယ်။ တခြားနေရာကို စိတ်ပျံ့လွင့်မှု သိပ်မရှိပါဘူး။ ပြီးသွားရင် ကိုယ်ဆွဲလိုက်တဲ့ ပန်းချီကားလေးကို ပြန်ကြည့်ပြီး ကိုယ့်ဘာသာ အတွေးနယ်ချဲ့နေလိုက်တာပါပဲ။ လူပုံတူအနေနဲ့ကတော့ သူငယ်ချင်းမိတ်ဆွေတွေပုံ အချို့နဲ့ ကျွန်တော့် ချစ်သူ(ဇနီးမဖြစ်ခင်ကပုံ) နည်းနည်းပါးပါး ဆွဲဖူးပါတယ်။ တစ်ယောက်ယောက်ကို ကြည့်နေရင်းက စိတ်ထဲမှာ ပုံတူဆွဲချင်တဲ့ ဆန္ဒအရမ်းဖြစ်လာမှ ပုံဆွဲရတာ အရသာရှိပါတယ်။ နို့မို့ဆိုရင် ဆွဲလို့ကို မရပါ။

အခုကျွန်တော်ဆွဲထားတဲ့ ကျွန်တော့်ပုံတူအကြောင်း နည်းနည်းပြောပါရစေခင်ဗျာ။ အဲဒီပုံက သူငယ်ချင်းဆီက Digital Camera ငှားထားတုန်းက ရိုက်ထားတဲ့ဓါတ်ပုံကို ပြန်ဆွဲထားတာပါ။ မူရင်းပုံမှာလည်း သေချာ ဆံပင်ကအစ မဖီးထားပါ (ဆံပင်တွေဘာတွေဖီး၊ ပြင်ဆင်ထားရင် ပိုလှ ပိုချောမလိုလို..တကယ်တော့ သိပ်မထူးပါဘူး)။ ကျွန်တော်ဆွဲထားတဲ့ပုံမှာလည်း မျက်နှာက အရမ်းရှည်နေပါတယ်။ ပြင်မလို့ စိတ်ကူးပေမယ့် ဘလော့ဂ်ပေါ်မှာ တင်ချင်စိတ်က များနေတော့ ပြန်မဆွဲနေတော့ဘဲနဲ့ ဒီအတိုင်းတင်လိုက်တာပါ။ အပြင်မှာ လာကြည့်ပါ။ ဒီထက် အပုံကြီး ချောပါတယ်။ ပုံထဲကထက်လည်း အများကြီးနုပါတယ်။ (မိန်းမဖတ်မိရင်တော့ မဲ့ပြဦးမှာ မြင်ယောင်သေးတယ်)

ဘလော့ဂ်ပေါ်မှာ စာတွေ ဟိုရေးဒီရေးနဲ့ စိတ်အနှောက်အယှက်ပေးပြီးတဲ့နောက် ကျွန်တော် မောင်မျက်လုံးသည် ပန်းချီကားများနဲ့ မျက်စိရှုပ်အောင် လုပ်နေပါပြီ။ နောက်ထပ် အစီအစဉ်သစ်များအနေနဲ့ သီချင်းဆိုပြီး နားဒုက္ခပေးဖို့ အစီအစဉ်များလည်း ကျန်ရှိပါသေးကြောင်းခင်ဗျား..