Sunday, June 3, 2007

မှုန်ဝါးဝါး ယုတ္တိဗေဒ

ဒေါက်တာ ခင်မောင်ဝင်းရေးတဲ့ Fuzzy Logic and Set Theory အကြောင်း ဖတ်ရတာ တော်တော် ဗဟုသုတနဲ့ တွေးစရာတွေ ရပါတယ်။ အဲဒီစာအုပ်ထဲမှာ ရေးထားတာက အမေရိကားက Fuzzy Logic ကို တွေ့ရှိခဲ့ပေမယ့် အများစုရဲ့ အားပေးမှုကို မရတာနဲ့ အသုံးချတဲ့အပိုင်းကို မရောက်ခင်မှာ ဂျပန်က အသုံးချနိုင်တဲ့အတွက် အများကြီးတိုးတက်သွားခဲ့တဲ့ အကြောင်း၊ Fuzzy Logic ဆိုတာ မဖြူရင် မည်းရမယ်၊ မမှန်ရင် မှားရမယ်၊ မကောင်းရင် ဆိုးရမယ် ဆိုတဲ့ သာမာန် ယုတ္တိကို ဆန့်ကျင်ပြီး အမှန်အမှား၊ အကောင်းအဆိုး စသည်ဖြင့် အားလုံးဟာ ဒီဂရီ အဆင့်ဆင့် နဲ့ပဲ ရှိနိုင်တယ်လို့ ဆိုထားတာပါ။

ဥပမာအားဖြင့် အပူချိန်တစ်ခုကို ဘယ်လောက်မှာ ပူတယ်၊ ဘယ်လောက်မှာ အေးတယ်ဆိုတာ အရမ်းသိသိသာသာ ပူတဲ့ အေးတဲ့အချိန်မှာ အတိအကျ ပြောလို့ရပေမယ့် ပူတယ်လို့လည်း ပြောလို့မရ၊ အေးတယ်လို့လည်း ပြောလို့မရတဲ့ အခြေအနေ တစ်ခုမှာ မပူရင်အေးတယ် သို့မဟုတ် မအေးရင် ပူတယ်လို့ ပြောလို့ မရတော့ဘူး။ အရပ်ရှည်တယ်၊ ပုတယ်ဆိုတဲ့လူတွေ ဆိုပါစို့။ ဘယ်အရပ်အတိုင်းအတာ ကို ရှည်တယ်၊ ဘယ်အရပ်အတိုင်းအတာကို ပုတယ်လို့ သတ်မှတ်မလဲ။ ၅ ပေ ၂လက်မ၊ ၆ ပေ ၃ လက်မ၊ ၄ ပေ ခွဲ၊ ၄ ပေ၊ ၆ ပေ ၅ လက်မ စသည်ဖြင့် လူစုတစ်စုကို ဘယ်သူတွေကို အရပ်ရှည်တဲ့ အုပ်စုထဲ ကို ထည့်ပြီး ဘယ်သူတွေကို အရပ်ပုတဲ့ အုပ်စုထဲကို ထည့်မလဲ။

အမှန်တရားဆိုတာ တစ်ဝက်ပဲ မှန်နိုင်ပြီး တစ်ဝက်ကတော့ မှားနိုင်ပါတယ်လို့ ဆိုပါတယ်။ ကျွန်တော်လည်း အဲဒီစာအုပ်ကို ခုမှ ဖတ်နေတုန်းပဲဆိုတော့ သူ့ရဲ့ အာဘော်အားလုံးကို ခြုံငုံပြီး မပြောတတ်သေးပါဘူး။ ဒါပေမယ့် တွေးစရာတွေကတော့ အများကြီး ရနေပါပြီ။ ဘလော့ဂ် လာဖတ်တဲ့သူတွေထဲမှာ ဒါမျိုးတွေ စိတ်ဝင်စားတဲ့သူရှိရင် အပြန်အလှန် ကိုယ့်အတွေးသူ့အတွေး၊ ကိုယ့်အမြင် သူ့အမြင် ဖလှယ်လို့ ရအောင်လို့ပါခင်ဗျာ။

စာအုပ်ကို သေသေချာချာ ဖတ်ပြီးသွားရင်လည်း ထပ်ပြီး ပို့စ် တင်ပါဦးမယ်..