Friday, May 18, 2007

ကိုဒီလေးနှင့် အင်တာဗျူး

မျက်လုံး
ပထမဆုံးကတော့ ထုံးစံအတိုင်း အစ်ကို ဘယ်အချိန်တုန်းက စပြီးတော့ ဂီတလောကထဲမှာ စပြီးတော့ လှုပ်ရှားဖြစ်ခဲ့သလဲဆိုတာလေး သိပါရစေခင်ဗျာ။

ဒီလေး
ဂီတကို စပြီး စလုပ်ဖြစ်ခဲ့တာကတော့ ၉၃ မှာ ကျွန်တော် ဘုရားသီချင်းခွေ စလုပ်ခဲ့ပါတယ်။ ကိုယ်တိုင်ရေးတာပေါ့။ နောက် ကိုမျိုးကြီးကလည်း အဲဒီမှာ စဆိုတာပေါ့။ အဲဒီကနေ စပြီးတော့မှ ရတနာမြိုင် က ကိုချန်ဟိန်းနဲ့ စတွေ့တာပေါ့။ ၂၀၀၀ မှာ ပြန်ဆုံမယ့်ညနေ ထွက်တယ်။


မျက်လုံး
အစ်ကိုစလုပ်တော့ တွေ့ကြုံရတဲ့ အတွေ့အကြုံ၊ အခက်အခဲလေးတွေပေါ့ ရှိရင်လည်း ပြောပြပေးပါဦး။ နောက်ပိုင်း လုပ်ချင်တဲ့လူတွေလည်း သိရအောင်ပေါ့ခင်ဗျာ။

ဒီလေး
အခက်အခဲကတော့ အဓိကတော့ စိတ်ပဲပေါ့။ စိတ်ပဲဆိုတာ ဂီတလောကထဲရောက်လာရင် များသောအားဖြင့် အနှိပ်ခံရတာများတယ်။ အနုပညာဆိုတာ ကျွန်တော်ပြောနေကြ စကားလိုပေါ့။ အ (နုပ) ညာ။ နုပဆိုတဲ့လူတွေ အညာခံရတာများတယ်။ နုနယ်သေးတဲ့လူတွေကို ၀ိုင်းနှိပ်ကြမယ်။ ကိုယ့်ဘာသာကိုယ်ပဲ ရအောင် ပညာယူ။ တကယ်လို့ လုပ်မယ်ဆိုရင် စိတ်ကို နိုင်အောင်ထိန်း၊ မထိန်းနိုင်ရင်တော့ ရူးမယ်လို့။


မျက်လုံး
အပြင်မှာဆိုနေတဲ့လူတွေ Studio ထဲရောက်သွားရင်၊ Recording အခန်းထဲရောက်သွားရင် အပြင်မှာဆိုရတာနဲ့ မတူတဲ့အတွက် တွေ့ကြုံရတဲ့ အခက်အခဲလေးတွေလည်း အသစ်တွေအတွက် ပညာရအောင် ပြောပြပေးပါဦးခင်ဗျာ။

ဒီလေး
မတူဘူးဆိုတာ သာမာန်ပြောသလိုဆိုရင်တော့ Recording Mic က နတ်စီးတယ်ပေါ့။ ကိုယ့်ဘာသာကိုယ် အပြင်မှာ ဘယ်လောက်ပဲ ကျင့်သွားကျင့်သွား Mic ရှေ့ရောက်ရင် နေရင်းထိုင်ရင်း ချွဲထလာတာ။ နံပါတ် တစ် က။ နောက် ကိုယ့်နှလုံးခုန်နှုံး ဒီ Tempo ကအစ မမှန်တော့ဘူး။ အဲလိုမဖြစ်အောင် စ၀င်ကတည်းက ဘာစိတ်မှ မထားနဲ့တော့။ ပြီးတော့ မဆိုခင် ကိုယ်ကာယ လေ့ကျင့်ခန်းလေး ၅ မိနစ်လောက် လုပ်လိုက်။ ပြီးတော့ Staminal ဖြစ်ပြီဆိုတော့မှ ၀င်ဆိုလိုက်။ အဲလို မှားသွားမှာ ကြောက်တာ၊ အသံက ကိုယ်လိုချင်တဲ့နေရာမှာ လိုသလောက်မှ ရပါ့မလားဆိုတာ Psycho ပဲ။ စိတ်ပါ။ တကယ်တော့ ဘာမှ မဟုတ်ပါဘူး။

မျက်လုံး
သီချင်းစာသားတွေ၊ အကြောင်းအရာတွေပေါ်မှာ စိတ်ကိုနှစ်ဖို့ဆိုတာရော သီးသန့် နည်းလမ်းရယ်လို့များ ရှိပါသလားခင်ဗျာ။ ကိုယ်ကြိုက်ပြီးသား သီချင်းဆိုရင် ဒီလိုပဲ စိတ်က အလိုလို နှစ်ထားပြီးသား ဖြစ်သွားပါသလားခင်ဗျာ။

ဒီလေး
ရှိတယ်။ ရှိတယ်ဆိုတာက ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ရေခပ်ချင်တဲ့အဆိုတော် ဆိုတာ ရှိတယ်။ တကယ့်ကို အနှစ်သာရ ရှိရှိ ဆိုချင်တဲ့ အဆိုတော်ဆိုတာရှိတယ်။ ရေခပ်ချင်တဲ့အဆိုတော် ဆိုတာကတော့ အာလွတ်ပေါ့။ ဒီအတိုင်းပဲ ပိုက်ဆံရရင်ပြီးရော ဆိုသွားမယ်။ သီချင်းတစ်ပုဒ်ကို နာရီဝက်နဲ့ ပြီးသွားတဲ့ အဆိုတော်တွေ အများကြီးရှိတယ်။ တကယ်ရင်ဘတ်ထဲကို ထည့်ဆိုတယ်ဆိုတာက ကိုယ်ဆိုမယ့် သီချင်းစာသားကို ကြည့်မယ်။ သီချင်းက အပျော်လား၊ အသည်းကွဲတာလား၊ ချစ်တယ်ဆိုတာကို ဖွဲ့ထားတာလား။ အဲဒါကို အဆိုတော် တစ်ယောက်လုပ်မယ်ဆိုရင် ကိုယ့် Recording Date ရှိတဲ့နေ့မှာ အနည်းဆုံး ငါးခေါက်ခြောက်လောက် ဖတ်သင့်တယ်။ တီးလုံးချည်းပဲ ဖွင့်ထားလိုက်ပြီး ငါးခေါက်၊ ခြောက်ခေါက်လောက် ဖတ်ကြည့်ပြီး ကိုယ် Mood ရပြီဆိုတော့မှ ၀င်ဆိုသင့်တယ်။ ကိုယ်က Mood ပါလေ၊ နားထောင်တဲ့လူက ပိုပြီး ခံစားချက်ပြင်းပြလေပဲ။


မျက်လုံး
အစ်ကိုက ကိုယ်တိုင်လည်း ရေးနေတာဆိုတော့ သီချင်းရေးချင်တဲ့လူသစ်တန်းတွေအတွက် ဘယ်လိုများ အကြံဥာဏ်ပေးချင်ပါသလဲ ခင်ဗျ။

ဒီလေး
သချင်းပေါ့။(အသံထွက်အတိုင်း စာလုံးပေါင်းထားပါသည်။) လွယ်လွယ်နဲ့ အသံထွက်တာတော့ သချင်းပေါ့။ တကယ်က သီချင်းပေါ့။ ချင်းဆိုတာကတော့ ကျောင်းမှာ သင်ရသလိုပေါ့။ အိုင်ချင်း၊ လွမ်းချင်း၊ တမ်းချင်း အမျိုးမျိုးပေါ့။ အပျော်ပဲဖြစ်ဖြစ်၊ အလွမ်းပဲဖြစ်ဖြစ်၊ ချစ်တာကိုပဲဖြစ်ဖြစ် အဲဒါကို ပန်းလိုပြန်သီထားတာ။ အဲဒါကိုမှ ကိုယ့်ရင်ဘတ်ကြီးပဲ သုံးရင်လည်း ပင်ပန်းတယ်။ သူများရင်ဘတ်ကိုလည်း သုံးပြီးတော့ တကယ်ကိုယ်ကိုယ်တိုင် ၀င်နှစ်ပြီးတော့လည်းရေးကြည့်ပါ။ ကိုယ်ပိုင်သံစဉ် ရေးမယ်ဆိုရင်လည်း ဒီလိုပဲ။ ဥပမာ ဖန်ခွက်တစ်ခွက်ကို သူများတွေကတော့ ဖန်ခွက်ပဲ ခေါ်တာပေါ့။ အဲဒါကို ကိုယ်က နောက်တစ်မျိုး ဘယ်လိုပြန်ရေးမလဲ။ ရိုင်းလဲ မရိုင်းရဘူး။ လှလည်း လှရမယ်ပေါ့။ နောက် စာအုပ်များများဖတ်မယ်။ စာအုပ်ဆိုတာကတော့ ဘ၀နဲ့ပတ်သတ်တဲ့ စာအုပ်တွေဆိုရင် ပိုကောင်းမယ်ပေါ့။ ၀တ္ထုဖတ်တာထက်စာရင်လေ။ ဂစ်တာကိုလည်း တစ်နေ့ကို ခြောက်နာရီလောက် ပုံမှန်တီးပေးမယ်။ စာကို တစ်နေ့ နှစ်နာရီလောက် ပုံမှန်ဖတ်ပေးမယ်ဆိုရင် ကိုယ်ပိုင်သံစဉ် ကောင်းကောင်းထွက်ပါတယ်။


မျက်လုံး
ဂစ်တာကိုရော Rhythm နဲ့ပဲ လုံလောက်ပြီလားခင်ဗျ။ Lead ဂစ်တာ တီးနိုင်မှ လုံလောက်မယ်ထင်ပါသလားခင်ဗျာ။

ဒီလေး
မလိုပါဘူး။ Hollow ကိုပဲ Rhythm ပေါ့။ ကော့ဒ်များများ ပိုင်မယ်ဆိုရင် ရပါတယ်။ Beat ဆိုရင်လည်း မြန်မာနိုင်ငံက အများဆုံးသုံးနေတာကတော့ Go Go ပါပဲ။ Go Go၊ Country၊ 6/8 တို့ 3/4 တို့ ဆိုတာလည်း မသုံးကြပါဘူး။ နည်းလွန်းပါတယ်။ အဲဒါဆိုရင် အဆင်ပြေပါတယ်။

မျက်လုံး
အစ်ကို ဖတ်လေ့ဖတ်ထရှိတဲ့ စာအုပ်တွေနဲ့၊ စာရေးဆရာ တွေကိုလည်း ပြောပြပါဦးခင်ဗျ။

ဒီလေး
စာအုပ်ကတော့ ဘာသာပြန်တွေ ဖတ်ဖြစ်တယ်။ ဘာဖြစ်လို့ ဘာသာပြန်လဲဆိုတော့ သူတို့ ယူတဲ့ ဒဿနကို ကြိုက်လို့။ အခု ဘာစာအုပ်ဖတ်နေသလဲဆိုရင် ဟစ်တလာ အကြောင်း၊ ဟစ်တလာဆိုရင် သူစစ်တိုက်တဲ့ အကြောင်းမဟုတ်ဘူး။ သူ့ ငယ်ငယ်က ဘ၀အကြောင်း၊ သူဘယ်လို ကြိုးစားလာတယ်ဆိုတာမျိုးပေါ့။ နောက် မီးလုံးထွင်တဲ့ အက်ဒီဆင်။ သူငယ်ငယ်ကဆို စာဘယ်လိုမှ သင်လို့မရတဲ့ ငတုံး၊ ငပိန်းဆိုပြီး ကျောင်းတောင် အထုတ်ခံရတယ်။ အဲဒီလို လူမျိုးတောင် မီးလုံးတွေဘာတွေ တီထွင်နိုင်တယ်ဆိုတဲ့ သူတို့ရဲ့ စိတ်ကို ကြိုက်လို့။ သီချင်းနဲ့တော့ ဘာမှ မဆိုင်ဘူးပေါ့။ ဒါပေမယ့် သူတို့ရဲ့ အတွေးအခေါ်၊ ဒဿနတွေကို ကြိုက်လို့ ဖတ်တာပေါ့။


မျက်လုံး
အစ်ကို့ရဲ့ လတ်တလော အစီအစဉ်လေးတွေကိုလည်း သိပါရစေခင်ဗျ။

ဒီလေး
လတ်တလော အစီအစဉ်ကတော့ အတွဲခွေလေးတွေ ထွက်မယ်ပေါ့။ အခု ၅ လပိုင်း အကုန်မှာ 100% ဆိုတာထွက်မယ်။ နောက်ထပ် Own Tune ပဲ တစ်ခွေလုပ်မယ်ပေါ့။ အဲဒီတစ်ခွေ ပြီးရင်တော့ ဟိုးပထမဆုံးထွက်ထားတဲ့ မမေ့ပါနဲ့တစ်ခွေရှိမယ်။ အခု ခွင့်လွှတ်စိတ်ရှိမယ်။ နောက်ဆုံးတစ်ခွေရှိမယ်။ အဲဒီသုံးခွေကိုပေါင်းပြီးတော့ Live Show MTV တစ်ခွေထွက်မယ်ပေါ့။ သုံးခွေပေါင်းပြီးတော့ပေါ့။


မျက်လုံး
အဲဒီ Live Show MTV ကြတော့ရော Unplugged ပဲလား။ ရိုးရိုး Band နဲ့ပဲလားခင်ဗျာ။

ဒီလေး
Unplugged မဟုတ်ဘူး။ ရိုးရိုး Band နဲ့ပဲ။ ဒါပေမယ့် ပရိသတ်နဲ့တော့ မဟုတ်ဘူး။ ပရိသတ်ပါတဲ့ အပုဒ်လဲရှိမယ်။ အဓိကကတော့ Band နဲ့ Show ဆိုတဲ့ပုံတွေ၊ Studio အ၀င်အထွက်ပုံတွေ၊ လှုပ်ရှားမှုလေးတွေပဲပေါ့။


မျက်လုံး
Model Girl တွေနဲ့ ပန်းခြံထဲမှာ ပြေးတာမျိုးတွေတော့ မဟုတ်ဘူးပေါ့။

ဒီလေး
မဟုတ်ဘူး။ အဲလိုဆိုရင် ကုလားကားဖြစ်သွားမှာ စိုးလို့။


မျက်လုံး
အခုနောက်ပိုင်းမှာ နည်းပညာပိုင်းကနေပြီးတော့ MP3 တို့၊ ခိုးကူးခွေတို့က အရမ်းလွယ်သွားတော့ အဲဒီဟာကို အစ်ကိုက ပြန်ပြီး အသုံးချလို့ရတယ်။ သူတို့ကို ကိုယ့်အတွက် ပြန်အသုံးချတဲ့ ပုံစံမျိုးလုပ်လို့ရတယ်လို့ အစ်ကို ပြောတယ်လေ။ အဲဒါ ဘယ်လိုမျိုး အစီအစဉ်လဲခင်ဗျာ။ (ကျွန်တော်တို့ အလွတ် စကားထိုင်ပြောနေတုန်း ကိုဒီလေး ပြောတဲ့ စကားလေးကို အစ ပြန်ကောက်ပြီး မေးတာပါ)

ဒီလေး
အဲဒါက ကျွန်တော်က လုပ်ချင်တယ်။ ဒါပေမယ့် အတူတူ လုပ်မယ့် အဖော်မရှိဘူး။ ဂီတအသိုင်းအ၀ိုင်းကအစ လိုက်ပါမလာဘူး။ ကိုယ်တစ်ယောက်တည်း လုပ်တော့ ကိုယ်ပဲ အရူးဖြစ်မှာပေါ့။ ခိုးကူးခွေဆိုတာကလည်း ရှင်းရှင်းလေးပဲ။ ရောင်းတဲ့လူကတော့ သူရောင်းမှာပဲ။ သူပိုက်ဆံရဖို့အတွက်။ အဓိကက ပရိသတ်နဲ့ဆိုင်တယ်။ ပရိသတ်က ၀ယ်မယ့်သူမရှိရင် ရောင်းတဲ့လူလည်း ရောင်းလို့မရတော့ဘူးပေါ့ဗျာ။


မျက်လုံး
သီချင်းတွေကို လူနဲ့ မတီးပဲနဲ့ စက်နဲ့ တီးတော့ ခံစားမှုချင်းမတူနိုင်ဘူးလို့ ပြောကြပါတယ်။ အဲဒါကိုရော အစ်ကို ဘယ်လိုမြင်ပါသလဲခင်ဗျာ။

ဒီလေး
စက်နဲ့ တီးတာက ကိုယ်က တီးတာမဟုတ်တော့ ကိုယ်လက်ရာမဟုတ်ဘူးလေ။ Manual တီးတာကတော့ လက်လှုပ်ရှားမှုပေါ်မူတည်ပြီးတော့ ခံစားမှုချင်းလည်း မတူတော့ဘူး။ အသက်ဝင်မှုလည်း ကွာတာပေါ့။


မျက်လုံး
အခုခေတ်စားနေတဲ့ Hip Hop အဖွဲ့တွေနဲ့ ပေါင်းပြီး Featuring ဆိုဖြစ်တယ်လို့ပြောပါတယ်။ ဘယ်အဖွဲ့တွေနဲ့ ဆိုဖြစ်ပါသလဲခင်ဗျာ။

ဒီလေး
Featuring ဆိုဖြစ်တာကတော့ လင်းရာဆိုတဲ့ ကောင်လေးနဲ့ပဲ ဆိုဖြစ်သေးတယ်။ တွေ့မိနေတာတွေကတော့ ရသတို့ ဂျေးမီတို့ အနဂ္ဂတို့ အကုန်လုံးနဲ့ တွေ့ဖြစ်ပါတယ်။ ဆက်လုပ်ဖြစ်၊ မလုပ်ဖြစ် ဆိုတာကတော့ ခု ကျွန်တော့်ပရိသတ်ကတော့ တားနေကြပြီ။ ဆက်မလုပ်ဖို့ပေါ့။ အဓိကက ပိုက်ဆံပေးပြီး အားပေးနေတာက ပရိသတ်လေ။ ပရိသတ်က တားရင်တော့ ရပ်ရမှာပေါ့။


မျက်လုံး
သူတို့နဲ့ တွဲဖြစ်တော့ရော အတွေးအခေါ်၊ အယူအဆပိုင်း ဘယ်လိုကွာဟမှုမျိုးရှိပါသလဲခင်ဗျာ။

ဒီလေး
ကွာတာကတော့ ဂီတနဲ့ ပတ်သတ်တာကို မပြောခင် သူတို့က ကလေး၊ ကျွန်တော်က လူကြီးဆိုတော့ အဲဒီမှာတင် အတွေးအခေါ်၊ အယူအဆ တစ်ဝက်လောက်က ကွာသွားပြီ။ ဂီတနဲ့ ပတ်သတ်ရင်လည်း ဘယ်လိုပြောမလဲ။ သူတို့ကိုယ်သူတို့တော့ အောင်မြင်နေတဲ့ လူတွေလို့ ထင်ထားမှာပေါ့။ ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ လျှောက်ကြည့်ပါဦး။ ကိုယ့်လမ်းကို ကိုယ် တည့်တည့် လျှောက်ကြည့်ပါဦး။ ကောင်းတယ်၊ အောင်မြင်တယ်ထင်ရင်တော့ ဆက်လုပ်ကြပေါ့။ ဒါပေမယ့် အကောင်းဆုံးက ဘယ်သူ့ကိုမှ မပုတ်ခတ်နဲ့။ ကိုယ့်လမ်းကို ကိုယ်လျှောက်တာ အကောင်းဆုံးပေါ့။


မျက်လုံး
ခုဆိုရင် ခေတ်စားနေတာက စာသားပိုင်း အကြောင်းအရာပိုင်းမှာ ဆိုရင်လည်း ရေခဲရေ ရောင်းတာမျိုးက အစ သီချင်းတွေ လုပ်ဆိုနေကြတာပေါ့လေ။ အစ်ကိုတို့ Country တို့ Rock တို့ ထဲမှာ ဆိုရင် ဒါမျိုးအကြောင်းအရာမျိုး ဆိုလေ့ဆိုထ မရှိဘူးလေ။ အဲဒီတော့ အစ်ကို့အနေနဲ့ရော ဘယ်လိုမျိုး အကြောင်းအရာ စာသားတွေကို ဆက်ပြီးရေးသွားဖို့ အစီအစဉ်ရှိပါသလဲခင်ဗျာ။ သာမန်ကာ လျှံကာ အကြောင်းအရာတွေပဲ ရေးမလား၊ ဘ၀အကြောင်း၊ အတွေးအခေါ်ပိုင်းဆိုင်ရာ မျိုးတွေပဲ ရေးမလားဆိုတာ သိပါရစေခင်ဗျာ။

ဒီလေး
အဲဒါက ပြောရင် အများကြီးပဲဗျ။ Hip Hop မှာ အဲဒီလို လက်တွေ့ဖြစ်တဲ့ အပိုင်းတွေ ထည့်နိုင်တယ်ဆိုတာက သူတို့မှာ Melody အချိုးအဆစ်မရှိဘူး။ ကျွန်တော်တို့တွေက အသံတွေကို Melody အချိုးအဆစ်နဲ့ ဆိုရတာ။ သူတို့က တည့်ဆိုရတာ ဆိုတော့ သီချင်းနဲ့ စာသားက Fit ဖြစ်တယ်။ ကျွန်တော် အခု ခွင့်လွှတ်စိတ် စီးရီးထဲမှာ ထည့်ထားတယ်။ မိဘမဲ့၊ မုဆိုးမနဲ့ ကလေးများ တို့ ဘာတို့ပေါ့လေ။ ထည့်ပေမယ့်လည်း ပရိသတ်နဲ့လည်း ဆိုင်သေးတယ်။ မြန်မာပရိသတ်အများစုက သီချင်းလေး နည်းနည်း ရှည်သွားမယ်။ ခန့်သွားမယ်ဆိုရင် လက်မခံချင်တော့ဘူး။ သူတို့က သူတို့ နှုတ်မှာ စွဲလွယ်ပြီးတော့  ဆိုလို့အဆင်ပြေတဲ့ ဆိုလွယ်တေးပဲ အလွယ်တကူ လက်ခံလိုက်တဲ့ အနေအထားမှာ ရှိတယ်။ ကိုယ်ဘယ်လောက် အရှေ့ကပြေးပြေး သူတို့ လိုက်ပါမလာဘူးဆိုရင် ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်။ အဲဒီတော့ တကယ်လေးလေးနက်နက် အကြောင်းအရာတွေကြိုက်တဲ့ ပရိသတ်အတွက်လည်း သီချင်းတွေကိုတော့ မျှပြီးစီစဉ်ရတာပေါ့။


မျက်လုံး
အစ်ကို သီချင်းရေးရင် ဘယ်လိုအကြောင်းအရာမျိုးကို အားသန်လဲဆိုတာလည်း ပြောပြပါဦးခင်ဗျာ။ ဘ၀အကြောင်းတွေဆိုရင် ဘယ်လို၊ အချစ်အကြောင်းတွေဆိုရင် ဘယ်လိုပေါ့လေ။

ဒီလေး
ဘယ်လိုအကြောင်းတွေ အားသန်လဲဆိုတော့ . . . အခု အဖေ၊ အမေအကြောင်းတွေတော့ တော်တော်ဆိုကြပါတယ်။ ဘ၀အကြောင်းတွေဆိုရင်လည်း ကိုယ်ဖြစ်ကိုယ်ခံဆိုတော့ ဒါကြီးကို သီချင်းထဲ ထည့်ဆိုတော့ တိုက်ဆိုင်ရင်တော့ ကြိုက်မှာပေါ့လေ။ အချစ်အကြောင်းကျတော့ တိုက်ဆိုင်တဲ့လူ များတယ်လေ။ နောက်အခွေထဲမှာလည်း ထပ်ထည့်ဖြစ်မှာကတော့ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းအကြောင်းတွေပေါ့။ အဲဒါမျိုးက လူတော်တော်များများ ခံစားလို့ရတဲ့အပိုင်းတွေလေ။ အဲဒါမျိုးတွေပဲ ထည့်ဖြစ်ဖို့များပါတယ်။


မျက်လုံး
Rock ပိုင်းမှာဆိုရင် အဆင်မပြေတာတွေကို ပေါက်ကွဲတာမျိုး၊ ပြန်ပြီး အားတင်းတာမျိုးတွေ များတာပေါ့လေ။ Country ပိုင်းမှာ ဆိုရင်ရော ဘယ်လိုမျိုး အကြောင်းအရာနဲ့များ လိုက်ဖက်မလဲခင်ဗျာ။ အစ်ကို့အမြင်ပေါ့။

ဒီလေး
Country ကတော့ သူတန်ဖိုးထားတဲ့ အကြောင်းအရာလေးတွေကို ရေးတာများပါတယ်။ ခွေးတစ်ကောင်နဲ့ ကောင်မလေးတစ်ယောက်အကြောင်းလည်း ဖြစ်ချင်ဖြစ်မယ်။ အသည်းကွဲတာ နည်းမယ်။ သူတို့ရဲ့ ဓလေ့ကို ဦးစားပေးထားတာများတယ်။ မြန်မာမှာကြတော့ ကော်ပီက စခဲ့တာကိုး။ ကိုယ်ကြိုက်တဲ့ သံစဉ်ရှိရင် ကိုယ်လိုချင်တဲ့ အကြောင်းအရာကို စွဲထည့်ကြတာပေါ့။


မျက်လုံး
အစ်ကို အကြိုက်ဆုံး Music ကရော Country ပဲလားခင်ဗျ။ အခြား ဘာ Music တွေများ ကြိုက်သေးသလဲခင်ဗျာ။

ဒီလေး
အကြိုက်ဆုံးကတော့ ပထမဆုံး စ နားထောင်ဖြစ်တာ လားရှိုးသိန်းအောင်ဆိုတော့လေ။ Country ဘိုးအေကြီးတွေဆိုတော့။ Country ကြိုက်တယ်။ ပြီးတော့ Slow Rock တွေ ကြိုက်တယ်။ Rock အစစ်ကြီးတော့ လက်ခံလို့မရဘူး။ အခု မော်ဒန်ရော့ခ်တွေ ဘာတွေဆိုရင်လည်း အချိုပိုင်းလေးတွေ ကျွန်တော်ကြိုက်တယ်။ အရမ်းပြင်းရင်တော့ မကြိုက်တော့ဘူး။ နောက် Pop ကြိုက်တယ်။


မျက်လုံး
အစ်ကို ကြိုက်တဲ့ Band တွေလည်း ပြောပြပါဦး။ ပြည်ပက။

ဒီလေး
Aerosmith တို့ Cinderella တို့ Slow Rock ဆိုရင် ကျွန်တော်ကြိုက်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ရိုးမသွားဘူး။ Country ထဲကဆိုရင် Shania Twain၊ Faith Hill၊ Vince Gill နောက် Jim Reevs ဒါ ကျွန်တော် တကယ် Crazy ဖြစ်တာပေါ့လေ။ နောက်တစ်ယောက်ကတော့ Country လည်းဖြစ်တယ်။ Country Rock လည်းဖြစ်တယ်။ Alan Jackson ဆိုတာ။


မျက်လုံး
တူရိယာပိုင်းမှာရော အစ်ကို ဘယ်တူရိယာကို Crazy ဖြစ်ပါသလဲခင်ဗျာ။

ဒီလေး
ပထမဆုံး စတီးတာက Bass ၊ နောက် Hollow ဂစ်တာပေါ့။ စားသောက်ဆိုင်တွေ တော်တော်များများ ၀င်တီးတယ်။ စားသောက်ဆိုင်ဝင်တီးတော့ ညပိုင်းအိမ်ပြန်ရင် မိဘနဲ့ နေတာဆိုတော့ သိပ်မကောင်းဘူး။ အဲဒါနဲ့ ထွက်ပြီးတော့ Drum တီးတယ်။ သင်ရင်းနဲ့ပေါ့။ သီချင်းရေးရင်တော့ Hollow နဲ့ပဲ ထိုင်ရေးဖြစ်တော့တယ်။


မျက်လုံး
အစ်ကိုတို့လို ကိုယ်ပိုင်သံစဉ်ရေးနေကြတယ့်လူတွေလည်း ရှိတော့လေ နိုင်ငံတကာကို ဈေးကွက်ထိုးဖောက်ဖို့ဆိုတာ အစ်ကို ဘယ်လိုနည်းနဲ့ ဆိုရင် ဖြစ်နိုင်မယ်လို့ မြင်ပါသလဲခင်ဗျာ။

ဒီလေး
ကျွန်တော်အပါအ၀င်ပေါ့လေ။ ကျွန်တော်လည်းရေးနေတာဆိုတော့ ဒီ Round Chord ထဲမှာပဲ သွားနေရင်တော့ ကျွန်တော်တို့ကို Shadow ပဲပြောမှာပဲ။ အခု Hip Hop တွေ ပြောကြတယ်။ လာမယ့် ၂၀၀၉၊ ၂၀၁၀ မှာ သူတို့ Music တွေဟာ Channel V ကို ရောက်ရမယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ . . . မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အခုလုပ်နေကြတဲ့ City FM မှာ ပဲ လွှင့်နေတာလေးတွေကိုပဲ တကယ်အောင်မြင်အောင် လုပ်ကြည့်ပါဦးလို့။ အဲဒါလေးပဲ ပြောချင်ပါတယ်။


မျက်လုံး
အခြားတော့ မရှိတော့ပါဘူးခင်ဗျာ။ အစ်ကိုနဲ့ အင်တာဗျူးထားတာကို Internet က Blog မှာ တင်မှာဆိုတော့လေ အစ်ကို့ရဲ့ ပြည်တွင်းက ပရိသတ်ကိုရော ပြည်ပက ပရိသတ်တွေကိုရော ဘာများပြောချင်ပါသေးသလဲခင်ဗျာ။

ဒီလေး
ပြည်တွင်းမှာ ရှိတဲ့ ပရိသတ်တွေရော ပြည်ပမှာ ပရိသတ်တွေရော ကျွန်တော်ကတော့ ပျောက်လိုက် ပေါ်လိုက်ဖြစ်နေပါတယ်။ ပျောက်လိုက် ပေါ်လိုက်ဆိုတာက ကျွန်တော် တစ်ခုခုလုပ်လိုက် ကျွန်တော့်ဟာ ကျွန်တော် ပြန်ချင့်ချိန်လိုက် ကျွန်တော်မှားသွားပြီဆိုရင် တစ်နှစ်လောက် ပြန်နားလိုက်။ အဲလိုဖြစ်နေတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ ကျွန်တော် ဆက်တိုက် လုပ်ဖြစ်မယ်။ ပြီးတော့ ကျွန်တော့်ကို မမြင်ဘူးတဲ့ လူလည်း ရှိမယ်။ မြင်ဘူးတဲ့လူလည်း ရှိမယ်။ မြင်ဖူးဘူး၊ မမြင်ဖူးဘူး ကျွန်တော်က အသံနဲ့လုပ်ရတာ။ မြန်မာနိုင်ငံမှာကတော့ ရုပ်ဘက်ဆိုင်ရာပါ ပါရတယ်။ ကျွန်တော့်အသံကို အနုပညာကို ကြိုက်မယ်ဆိုရင် ကျွန်တော်လည်း ဒီထက်ပိုကြိုးစားရတာ တန်မယ်။ အားပေးတဲ့ ပရိသတ်လည်း ကျေးဇူးတင်တယ်။ အားမပေးရသေးတဲ့ ပရိသတ်တွေလည်း နားထောင်ကြည့်ပါ။ အားမပေးရသေးတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။
အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ ကိုဒီလေး ကို ကျေးဇူးအများကြီးတင်ပါတယ်ဆိုတာ ကျွန်တော့်ဘလော့ဂ်ပေါ်ကနေ မှတ်တမ်းတင်ဂုဏ်ပြုပါတယ်။

ကိုဒီလေး အောင်မြင်မှုတွေ ထပ်ဆင့်ပြီး ရရှိနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျာ။

ဝိုင်းဝန်းကူညီအားပေးတဲ့ ဦးသိန်းဝင်း၊ မတိုး၊ အောင်လေး၊ ဇော်ဇော် တို့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။