Sunday, May 6, 2007

သင်ခန်းစာများ

နယ်မြို့လေး တစ်မြို့ရဲ့ အလယ်တန်းကျောင်းလေးတစ်ခုမှာ နှစ်ပတ်လည်ဆုပေးပွဲလေး တစ်ခုလုပ်နေပါတယ်။

အဲဒီဆုပေးပွဲမှာ ၇တန်း ကျောင်းသားလေးတစ်ယောက်က ပန်းချီပြိုင်ပွဲမှာ ဒုတိယ ဆုရယူပါတယ်။ ဆုပေးပွဲပြီးလို့ အပြန်မှာ ကျောင်းသားလေးရဲ့ အဖေနဲ့ အဲဒီကျောင်းသားလေးတို့ဟာ လက်ဘက်ရည်ဆိုင်တစ်ဆိုင်ကို ၀င်ပြီးတော့ လက်ဘက်ရည်သောက်ကြတာပေါ့။ အဲဒီဆိုင်မှာပဲ ကျောင်းသားလေးတို့အဖေ အလုပ်လုပ်တဲ့ ဌာနက ဌာနဆိုင်ရာ ပုံဆွဲစာရေးကြီး တစ်ယောက်နဲ့ တွေ့လို့ လက်ဘက်ရည်သောက်ရင်း စကားပြောကြတာပေါ့ဗျာ။

ဒါကျွန်တော့်သား အကြီးဆုံးလေ။ ကျောင်းမှာ ပန်းချီပြိုင်ပွဲလုပ်တော့ ဒုတိယဆုရလို့ အခု ဆုယူပြီးပြန်လာတာ။

သြော်။ ဟုတ်လား။ ပန်းချီဆိုလို့ဗျာ။ အရောင်တွေနဲ့ ပတ်သတ်လို့ ကျွန်တော်တစ်ခုပြောစရာ ရှိတယ်ဗျ။ လူတွေက ပြောကြတယ်မို့လား။ အနီရောင်ကြိုက်တဲ့လူက ရဲရင့်တယ်။ အပြာရောင်ကြိုက်တဲ့လူက လူအေး စသဖြင့်ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်အယူအဆက လူတွေဟာ ကိုယ့်မှာ မရှိတဲ့ အရည်အချင်းကို တခြားလူတွေက ရှိတယ်လို့ထင်လာအောင် တမင် ပြောကြတာဗျ။ ဥပမာ ကြောက်တတ်တဲ့လူတစ်ယောက်က ငါကတော့ အရောင်ထဲမှာ အနီရောင် အကြိုက်ဆုံးပဲ စသည်ပေါ့ဗျာ။ ကိုယ့်ရဲ့ တကယ့်စိတ်ရင်းအမှန်ကို ဖုံးကွယ်ချင်လို့ ဒီလိုပြောကြတာများတယ်ဗျ။ အဲဒီတော့ အရောင်နဲ့ လူတွေရဲ့ အမူအကျင့်၊ စိတ်ဓါတ်၊ အရည်အချင်းကို ခန့်မှန်းဖို့ဆိုတာ တခါတလေပြောင်းပြန် ပြန်တွေးကြည့်ရမလိုပဲဗျ။

ဒီအဖြစ်အပျက်လေးနဲ့ ဒီစကားလေးတွေကို အဲဒီကျောင်းသားလေးဟာ အမြဲတမ်း မှတ်မိနေပါတယ်။ အဲဒီအပြင် အခြားအခြေအနေနဲ့ အခြားအကြောင်းအရာတွေမှာပါ အဲဒီ စဉ်းစားပုံ စဉ်းစားနည်းနဲ့ လိုက်ပြီး စဉ်းစားကြည့်တဲ့ အကျင့်လေးတစ်ခု တိုးလာပါတော့တယ်။

ငါတို့တော့ သတင်းစာတွေကို ဖတ်ဖို့လုံးဝမသင့်တော့ဖူးကွာ။

ဘာဖြစ်လို့လဲကွ။

ဘာဖြစ်ရမလဲကွ။ သတင်းစာတွေထဲမှာ ဘာများအဖြစ်မှန်တွေပါလို့လဲ။ လက်တွေ့ အခြေအနေနဲ့ လုံးဝကွာဟနေတာတွေပဲ ပါနေတာမို့လား။ ဖတ်လို့လည်း ဘာမှ အမှန်မသိရ၊ အကျိုးလည်းမရှိ။ အချိန်တောင်ကုန်သေးတယ်ကွာ။

ဒီလိုမပြောနဲ့ သူငယ်ချင်း။ မင်းကွာ ဒီလိုလေး စဉ်းစားကြည့်ရအောင်။ သတင်းစာတွေထဲမှာ အဖြစ်မှန်နဲ့ ဆန့်ကျင်တာတွေပဲ အမြဲတမ်းပါတယ်ဆိုရင် မင်းတကယ်လို့ အဖြစ်မှန်ကို သိချင်တယ်ဆိုပါတော့ သတင်းစာတွေကို ဖတ်ကြည့်လိုက်။ ပြီးရင် သူတို့ရေးထားတာတွေကို ဆန့်ကျင်ဘက် ပြန်တွေးကြည့်လိုက်ရင် မင်းအမှန်ကို သိရပြီပေါ့ကွ။

အဲဒီကျောင်းသားလေးဟာ နောင်ကို စဉ်းစားနည်းလေး အသစ်တစ်ခုရသလို အမြဲတမ်း အဲဒီလို ပြောင်းပြန် ပြန်စဉ်းစားကြည့်တတ်လာပါတယ်။ စာအုပ်မှန်သမျှ လိုက်ဖတ်တဲ့ အချိန်မှာလည်း ဂမ္ဘီရဆရာကြီးတစ်ယောက်ရဲ့ ၀တ္ထုတစ်အုပ်ထဲမှာ ဒီလိုတွေ့ရပါတယ်။

ဟဲ ဟဲ။ ဒီလိုကွ ငါ့မိန်းမကို ဘာကြောင့်ချုပ်ချယ်မှုတွေ လုပ်ရသလဲ၊ အမိန့်ပေးပြီး အတင်းအကျပ် ငါဖြစ်ချင်တဲ့ ပုံစံထဲကို ဇွတ်သွင်းနေရသလဲဆိုတော့ကာ ငါ့မိန်းမဟာ ချုပ်ချယ်မှု လုံးဝမရှိအောင် အလိုလိုက်ထားတဲ့ မိဘအသိုင်းအ၀ိုင်းက လာတာကွ။ လိုချင်တာမှန်သမျှ လိုတရနေတဲ့ဘ၀မျိုးကနေ လာတာ။ ဘာလို့ ငါလို အခြေအနေမဲ့ကောင်မျိုးဆီကိုမှ ဘာလို့ လာရသလဲဆိုတော့ သူ့ဆီမှာ မရှိတာကို လိုချင်လို့ပဲ။ လူတွေဟာ ဘယ်လောက်ပဲ ပြည့်စုံ ပြည့်စုံ စိတ်ထဲမှာ လိုအပ်ချက်ဆိုတာတော့ ရှိနေတာပဲကွ။ လွတ်လပ်မှုရှိနေတဲ့လူတွေက ချုပ်ချယ်မှုကို လိုချင်တယ်။ ကိုယ်က အမိန့်တွေပေးနေရတဲ့လူမျိုးဆိုရင် ကိုယ့်ကို အမိန့်ပေးမယ့်လူမျိုးကို လိုချင်တယ်။ ကိုယ့်ဆီမှာ မရှိတာကိုမှ လိုချင်တယ်။ ရှိနေပြီးသားဟာကို စိတ်မ၀င်စားတော့ဘူး။ မရှိသေးတာကိုပဲတောင့်တတယ်။ အဲဒီတော့ ငါ့မိန်းမဟာ ငါ့ကို ငါ့ရဲ့ အမျိုးမျိုးဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် စွန့်ခွာသွားမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူလိုချင်တဲ့အရာကို ငါက ဖြည့်ဆည်းပေးနေလို့ပဲ။ သူဌေးသမီးတွေ ဘာလို့ ဒရိုင်ဘာနဲ့လိုက်ပြေးသလဲ။ သူဌေးသားတွေ အိမ်ဖော်တွေကို ဘာလို့ခိုးပြေးသလဲဆိုတော့ သူတို့မှာ မရှိတဲ့ ဆင်းရဲခြင်းဆိုတာကို လိုချင်လို့ပေါ့ကွာ။

အဲဒီကျောင်းသားလေးဟာ သီချင်းတွေကို အရူးအမူးနားထောင်တတ်တဲ့ အချိန်မှာလည်း သူကြိုက်တဲ့ သီချင်းတွေက အရမ်းဆူညံ၊ အရမ်းပေါက်ကွဲ၊ ဒေါသသံအပြည့်နဲ့ သီချင်းတွေ ဖြစ်နေပါတယ်။

အဲဒီတော့ သူစဉ်းစားတာပေါ့။

အင်း...ငါဟာ စိတ်ဓါတ်ပျော့ညံ့တဲ့လူမို့လို့များ ဒီလို ကြမ်းတမ်းခက်တရော်တဲ့ သီချင်းတွေကို ကြိုက်နေတာ များလား။

ဒါပေမယ့် အဲဒီကောင်လေးဟာ လောကကြီးရဲ့ အကြောင်း၊ လူတွေရဲ့အကြောင်းကို သင်ယူစရာတွေ အများကြီးပဲ ကျန်သေးတယ်ဆိုတာကို သူ့ထက် အတွေ့အကြုံ၊ စိတ်ဓါတ်အများကြီးရင့်ကျက်တဲ့ သူ့သူငယ်ချင်း အစ်ကိုကြီး တစ်ယောက်ဆီမှာ ထပ်ပြီး ကြားနာခဲ့ရပါသေးတယ်။

အစ်ကိုရေ။ သူက တော်တော်လေး ရိုးသားပုံရတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူဘာတွေ မကောင်းဖူးလဲဆိုတာ ကျွန်တော့်ကို အကုန်ဖွင့်ပြောတယ်ဗျာ။

ညီလေး။ မင်းထင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မင်းသတိထား။ ကိုယ့်ကိုကိုယ် မကောင်းပါဘူးလို့ ပြောလိုက်တော့ မင်းက သူ့ကို ရိုးသားတယ်လို့ ယုံကြည်သွားရော။ အေး... အဲဒီအချိန်ကျမှ မင်းရဲ့ ယုံကြည်မှုကို သူက အသုံးချပြီး မင်းကို ကောင်းကောင်းဒုက္ခပေးသွားလိမ့်မယ်နော်။ မင်းကို သူပြောထားတဲ့ သူ့ရဲ့ မကောင်းတဲ့အကျင့်တွေထဲမှာ မင်းကို ဒုက္ခပေးချင်တဲ့ အကျင့်ကို သူက ထည့်ပြောမှာမဟုတ်ဘူး။ မင်းနဲ့ မဆိုင်တဲ့ အခြားအကြောင်းအရာတွေပဲ ပြောမှာပေါ့။

ဒီလိုနဲ့ အဲဒီကောင်လေးဟာ လူတစ်ဘက်သားရဲ့ စကားကို အတည့်အတိုင်း၊ အဖြောင့်အတိုင်း တွေးပြီးလက်ခံတတ်တဲ့အတွက် လှည့်စားတတ်သူ၊ ကိုယ်ဖြစ်စေချင်တဲ့ ဆန္ဒကို ဖြားယောင်းပြီးယူတတ်သူ မာယာရှင်မလေးတစ်ယောက်နဲ့တွေ့ပြီးတော့လည်း အသည်းတွေ အကြီးအကျယ်ကွဲခဲ့သေးတာပေါ့။ နောက်ပိုင်းမှာတော့ အဲဒီကောင်လေးရဲ့ ဘာကိုမဆို အရှုံးလုံးဝမပေးဘဲနဲ့ သင်ခန်းစာယူတတ်တဲ့ အကျင့်ကြောင့် လူတွေနဲ့ ပေါင်းတဲ့သင်းတဲ့အခါမှာ သတိနဲ့သံသယဆိုတဲ့ စည်းပါးပါးလေးကြားထဲမှာ လမ်းလျှောက်ပြီး ပေါင်းတတ်ခဲ့တာပေါ့။

အဲဒီကောင်လေးဟာ ဘယ်လောက်ပဲ သတိထားပြီးဆက်ဆံတတ်ပေမယ့် သူ့ထက် လည်တဲ့ သူ့ထက်ပိပိရိရိ လုပ်ကြံတတ်တဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတစ်ယောက်နဲ့ တွေ့တဲ့အချိန်မှာတော့ လူတစ်ဘက်သားကို ဘယ်လိုမှ ယုံကြည်လို့မရပါလား၊ အရင်တုန်းက ကိုယ့်အပေါ်ကို ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့၊ ကိုယ့်ထက်သာ မနာလို ဆိုသလို လူတစ်ချို့ဟာ ကိုယ့်ထက်နိမ့်ပါးနေတဲ့ အချိန်မှာ ကောင်းသလောက်၊ ကိုယ်နဲ့ တန်းတူရည်တူရှိလာနိုင်တဲ့ အချိန်ကျရင် သဘောထားပြည့်ဝစွာနဲ့ ကောင်းကောင်းမွန်မွန် မဆက်ဆံတတ်တော့တဲ့ လူမျိုးတွေလည်း ရှိပါလားဆိုတာ သင်ခန်းစာ အကြီးအကျယ် ရသွားပြန်ပါတော့တယ်။

အဲဒီကောင်လေးဟာ (အခုတော့ လူရွယ်ပေါ့လေ) အသက်တွေသာ ကြီးလာတယ်။
သင်ခန်းစာတွေယူပြီးရင် ယူနေရတဲ့ ကျောင်းသားလေးဘ၀ကနေ ခုထက်ထိ မတက်နိုင်သေးဘူးတဲ့ဗျာ။