Friday, May 4, 2007

အကောင်းနဲ့ အဆိုး

ကျွန်တော့်အဖေ အညာဘက်က ရွာလေးတစ်ရွာမှာ ကြုံခဲ့ဖူးတဲ့ လူကြီးတစ်ယောက်အကြောင်း ပြန်ပြောတာ မှတ်မိပါတယ်။ ကြာတော့ကြာပါပြီ။ အဖေက အဲဒီလူကြီးကို မြို့မှာ တီဗွီဆိုတာ ရောက်နေပြီဆိုတဲ့ အကြောင်း၊ အဲဒီတီဗွီကို Remote Control ဆိုတဲ့ ပစ္စည်းလေးနဲ့ ချိန်ပြီး ပိတ်လို့ဖွင့်လို့ရကြောင်း၊ အသံအတိုးအကျယ် လုပ်လို့ရကြောင်း ပြောပြတော့ အဲဒီလူကြီးက လုံးဝလက်မခံပါဘူး။ မဖြစ်နိုင်ပါဘူး ဆရာရယ်။ တီဗွီဆိုတာက အရုပ်တွေ အသံတွေ ထွက်တယ်ဆိုတာရော၊ အဲဒီတီဗွီကို ပစ္စည်းလေးတစ်ခုနဲ့ ချိန်ပြီး ထိန်းချုပ်လို့ရတယ် ဆိုတာရော ဘယ်လိုမှ ပြောလို့ မရပါဘူး။ နောက်ဆုံး အဖေ အဲဒီလူကြီးကို လက်လျှော့ အရှုံးပေးလိုက်ရပါတယ်။ အဖေ အဲဒီအကြောင်းကို ကျွန်တော်တို့ကို ပြန်ပြောပြတော့ ရယ်လိုက်ရတာဗျာ။

ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအချိန်တုန်းက ကမ္ဘာဒီဘက်ခြမ်းနဲ့ ဟိုဘက်ခြမ်းကို မြန်မာငွေ ရာဂဏန်း၊ ထောင်ဂဏန်းနဲ့ ဆက်သွယ်ပြီး စကားပြောလို့ ရမယ်၊ အရုပ်တွေ အသံတွေနဲ့ မြင်ရကြားရမယ်လို့ ဘယ်ထင်မှာလဲဗျာ။ အခုတော့လည်း လက်တွေ့ ဖြစ်နေပြီဗျ။

ကျွန်တော်တို့ထက် ပိုပြီး ရှေးကျတဲ့ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ ထောင်နဲ့ချီပြီး စောတဲ့ခေတ်က လူတွေ ဆိုရင် ဆက်သွယ်ရေး ဘယ်လောက်များ ခက်ခဲလိမ့်မလဲဗျာ။ တစ်နေရာနဲ့ တစ်နေရာ သတင်းစကားလေး တစ်ခုရောက်ဖို့အရေး တစ်လလည်း ဖြစ်နိုင်တယ်။ တစ်နှစ်လည်း ဖြစ်နိုင်တယ်။ ရောက်ချင်မှလည်း ရောက်မယ်။ အချိန်မှီ သတင်းမရောက်လို့ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတဲ့ နစ်နာမှုတွေ အများကြီး ရှိမှာပါပဲလေ။

ကိုယ်နေထိုင်ရာ အသိုင်းအ၀ိုင်းလေးမှာပဲ ပျော်မွေ့နေပြီး ကိုယ့်နေရာလေးပဲ ကမ္ဘာလို့ထင်၊ ကိုယ့်အသိုင်းအ၀ိုင်းကိုပဲ လူလို့ထင်၊ ကိုယ့်ကိုကိုယ်ပဲ လူလို့ထင် ဒီလို ထင်တစ်လုံးနဲ့ နေလာကြတဲ့သူတွေ အများကြီးရှိမှာပဲ။ ကိုယ်နဲ့ အလှမ်းကွာဝေးတဲ့ နေရာကလူတွေနဲ့ ကျန်းမာရေးက အစ ပညာရေး၊ ယဉ်ကျေးမှု စတာတွေကို ဖလှယ်ကြ၊ ဆွေးနွေးကြ ဒီလိုဆို ပိုကောင်းမယ်ထင်တယ်ဗျ။

ဒါပေမယ့် ကျွန်တော်တို့ အခုအချိန်ကို ပြန်စဉ်းစားကြည့်ရအောင်ဗျာ။

ဟုတ်ပြီ။ ကျွန်တော်တို့ ဟိုဘက်ကမ္ဘာဘက်ခြမ်းနဲ့ ဒီဘက်ကမ္ဘာ လွယ်လင့်တကူ ဆက်သွယ် စကားပြောနိုင် တယ်ပေါ့ဗျာ။ ဒါပေမယ့် ခင်ဗျားရဲ့ ဘေးချင်းကပ်လျက်က အိမ်ခန်းနဲ့ ဘယ်လောက်များ ရင်းရင်းနှီးနှီး စကားပြောဖူးသလဲ။

ခင်ဗျားဟာ နောက်ဆုံးပေါ် သတင်းရလဒ်တွေကို စက္ကန့်နဲ့အမျှ သိနိုင်၊ ကြားနိုင်ပါတယ်။ ဒါပေမယ့် အိမ်ကနေ ကျူရှင်လို့ပြောပြီး ထွက်သွားတဲ့ သားငယ်၊ သမီးငယ်တွေ ဘယ်မှာ ဘာလုပ်နေသလဲ ဆိုတာ ခင်ဗျား သိနိုင်မလား။

ခင်ဗျားဟာ ကမ္ဘာတစ်ဝှမ်းက လူတွေနဲ့ ခင်မင်ရင်းနှီးခွင့် ရပြီးတော့ ကိုယ့်အကြောင်းသူ့အကြောင်း ကြိုက်တာ ပြောနိုင်ဖို့ အခွင့်အရေး ရပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ စိတ်ထဲမှာ ရှိသမျှ အားလုံး ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေးပြီး အကောင်းအဆိုးမှန်သမျှ မျှဝေခံစားပေးမယ့် အနီးကပ်ဆုံးမိတ်ဆွေတွေ တစ်နေ့ထက်တစ်နေ့ တိုးလာသလား။ ဒါမှမဟုတ် လျော့သွားသလား။

ခင်ဗျားဟာ လူမျိုးပေါင်းစုံရဲ့ ယဉ်ကျေးမှုကို ထိတွေ့ခံစားနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ငါ့လူမျိုးဟာ ဘယ်လိုလဲဆိုတာ သေသေချာချာ ဂဃနဏ ပြန်ပြီး တွေးမိရဲ့လား။

အိုကေ။ နောက်မှ ထပ်ဖြည့်ဦးမယ်ဗျာ။