Friday, April 20, 2007

မြန်မာတယ်လီပို့ရဲ့ Proxy Address များ

ကျွန်တော် ပြီးခဲ့တဲ့ရက်ပိုင်း အွန်လိုင်းတက်လို့မရဘူးဗျ။ ဘယ် Site ကိုပဲ Browse လုပ်လုပ် တက်ကိုမလာဘူး။ ဒါနဲ့ ဟိုဟာစစ်၊ ဒီဟာစမ်း လျှောက်လုပ်ကြည့်တာပေါ့ဗျာ။ မရဘူးဗျ။ မြန်မာဘလော့ဂါတွေရဲ့ တွေ့ဆုံပွဲမှာ ကိုစိုးဇေယျ ပြောတော့မှ မြန်မာတယ်လီပို့ရဲ့ အခြား Proxy Address တွေကို ပြောင်းထည့်ကြည့်လို့ရတယ်ဆိုတာသိရတယ်ဗျာ။ DNS Addresses ကိုပဲ တစ်ခုထက်မကရှိတယ်လို့သိတာ။ Proxy Address ကို အဲဒီလို တစ်ခုထက်မက ရှိတယ်ဆိုတာ ကိုစိုးဇေယျပြော မှပဲသိရတယ်ဗျာ။

ဒါနဲ့ အဲဒီနေ့က အဆင်ပြေလားဆိုတော့ မပြေဘူးဗျ။ ကိုစိုးဇေယျဆီ က Proxy Addresses တွေ မေးထားလိုက်ဖို့ မေ့သွားလို့ဗျာ။ အဲဒီနေ့က ဘလော့ဂါတွေ တွေ့ကြဆုံကြဖို့ စိတ်စောနေတာရော၊ ကိုစိုးဇေယျနဲ့ တွေ့တွေ့ချင်း စကားတွေ ဟိုပြောဒီပြော ပြောနေတာနဲ့ မေ့သွားတယ်ဗျာ။ ဒီနေ့မှ သူ့ဆီဖုန်းဆက်ပြီး လှမ်းမေးရတယ်။ ကျွန်တော့်လို မသိတဲ့လူတွေအတွက် ဒီ Post လေးတင်လိုက်တာပါ။ CBox မှာ လာပြီးနှုတ်ဆက်သွားတဲ့လူတွေကိုလည်း အားနာလိုက်တာဗျာ။

Proxy Address ဘယ်လိုချိန်းရမလဲ မသိတဲ့လူတွေအတွက်ပါ တစ်ခါတည်း ပြောလိုက်ပါမယ်။

တခါတလေ Internet သုံးတဲ့အခါ Google လို Site တွေကိုတောင် လုံးဝနီးပါး တက်မလာတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါ Proxy Address လေးချိန်းပြီး ပြန်ဝင်ကြည့်ပါ။ အဆင်ပြေတတ်ပါတယ်။ ဘယ်လိုချိန်းရမလဲ မသိသူတွေအတွက် အောက်မှာ ရေးပြထားပါတယ်။

Internet Explorer အသုံးပြုသူများအတွက် ---

Internet Explorer ကို မဖွင့်ရသေးရင် ဖွင့်လိုက်ပါ။

ပြီးရင် Tools Menu ကို ၀င်ပါ။

ပြီးရင် Internet Options ကို ကလစ်နှိပ်ပါ။

အဲဒီနောက် Connections ဆိုတဲ့ Tab အောက်က Lan Settings ဆိုတာကို ကလစ်နှိပ်ပါ။

အဲဒီမှာ Proxy Server ဆိုတဲ့ အောက်က Address နေရာမှာ ရှိတဲ့ IP Address ကို နောက်ထပ် IP Address တစ်ခုနဲ့ ချိန်းပေးရမှာပါ။

Myanmar Teleport ရဲ့ Proxy Address တွေကတော့

203.81.71.234
203.81.71.237
203.81.71.238

တို့ဖြစ်ပါတယ်။

Port ကိုတော့ ဒီအတိုင်းပဲ ထားလိုက်ပါ။
ပြီးရင် OK နှစ်ခါနှိပ်ပြီး ထွက်လိုက်ပါ။
သေချာချင်ရင် Internet Explorer ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။

Mozilla Firefox အသုံးပြုသူများအတွက်

Mozilla Firefox ကို မဖွင့်ရသေးရင် ဖွင့်လိုက်ပါ။

Tools Menu ထဲက Options ကို ဖွင့်ပါ။

Advanced ဆိုတဲ့ Tab ထဲက Network ၊ အဲဒီကမှ Connections->Settings ကိုဝင်ပါ။

Http Proxy ဆိုတဲ့နေရာမှာ

203.81.71.234
203.81.71.237
203.81.71.238

တစ်ခုခု ကို ပြောင်းပြီး OK နှစ်ခါနှိပ်ပြီး ထွက်ပါ။

အဆင်ပြေပါစေဗျာ။

ကိုစိုးဇေယျ ကျေးဇူးပါဗျာ။