Monday, April 23, 2007

ဖောက်ထွက်တွေးပြီး ဖြန့်ထွက်ရေးကြည့်တာပါ

ဘာရယ်လို့တော့ မဟုတ်ပါဘူးဗျာ။ နည်းနည်းဖောက်ထွက်တွေးကြည့်တာပါ။

ကိုချစ်စမ်းမောင်တို့ ကိုလေးဖြူတို့လိုအနုပညာသမားတွေဟာ အားကစားကွင်းအကြီးကြီးတစ်ခုရဲ့ အလယ်မှာ ၀ိုင်းထိုင်နေရမယ်။ ပြီးရင် သူတို့ကိုချစ်ခင်လေးစားတဲ့ ပရိသတ်တွေအားလုံး စုရုံးပြီးတော့ ပရိသတ်အားလုံး ကိုယ်တတ်ကျွမ်းတဲ့ တူရိယာပစ္စည်းတစ်မျိုးစီနဲ့ (ကီးဘုတ်ဖြစ်ဖြစ်၊ ၀ါးလက်ခုပ်ဖြစ်ဖြစ်၊ ဂစ်တာဖြစ်ဖြစ်၊ နှဲဖြစ်ဖြစ်ပေါ့လေ) အားလုံးတစ်ပြိုင်နက် ဖျော်ဖြေရမယ်။ အဲဒါကို အားရပါးရနားထောင်ပြီး တစ်ယောက်ချင်းစီကို စိတ်ရှည်လက်ရှည် နဲ့ ဝေဖန်သုံးသပ်ပေးရမယ်။ အဲဒီလို နားထောင်ပြီး ဝေဖန်သုံးသပ်နိုင်တဲ့လူမျိုးကိုမှ အနုပညာသမားလို့ သတ်မှတ်ရမယ်။

မနက် မိုးလင်းတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် "Good Morning" လို့ နှုတ်ဆက်မယ့်အစား
"မနက်ခင်းကတော့ ကောင်း မကောင်း မသိဘူး။ ခင်ဗျား ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ ဖို့ပဲလိုမယ်" လို့ ပြောပြီး နှုတ်ဆက်ရမယ်။

"ထမင်းစားပြီးပြီလား"လို့နှုတ်ဆက်မယ့်အစား "ကိုယ်ထမင်းစားဖို့လောက်ပဲ ရုန်းတုန်းပဲလား၊ သူများကိုရော နည်းနည်းပါးပါး မျှဝေကျွေးမွေးဖို့ ဆန္ဒရှိရဲ့လား"လို့ မေးရမယ်။

"နေကောင်းလား"လို့ နှုတ်ဆက်မယ့်အစား "မသေခင်လေး တွေ့ရတာ လက်ဘက်ရည် လိုက်တိုက်ပါလား" လို့ မေးပြီး နှုတ်ဆက်ရမယ်။

ရည်းစားနဲ့ ဆက်ဆံတဲ့နေရာမှာ "Ladies First" ဆိုပြီး ဦးစားပေးမယ့်အစား "အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရပိုင်ခွင့်ရှိသလို အမျိုးသားတွေလည်း အမျိုးသမီးတွေနဲ့ တန်းတူ အခွင့်အရေး ရသင့်တယ်" ဆိုပြီး ဦးဦးဖျားဖျား အကောင်းဆုံးတွေကို ကိုယ်ကမှာ စားပြီး သူ့ကို Bill ရှင်းတဲ့အခါ ပိုက်ဆံလောက်မှန်း သိသိ မသိသိ ရှင်းခိုင်းရမယ်။ (အမျိုးသားများအတွက်)

နောက်မှ ဆက်ပြီး မေတ္တာအပို့ခံဦးမယ်နော် . . .