Tuesday, April 10, 2007

ယုံချင်ယုံ မယုံချင်နေ

ယုံချင်ယုံ မယုံချင်နေ
ဒါငါနေတဲ့နေရာ
အရိပ်ထွက်ချင်မှ ထွက်ပေမပေါ့
အရိပ်က အစစ်ယောင်ဆောင်တာတွေ များလွန်းလို့

ယုံချင်ယုံ မယုံချင်နေ
ဒါငါ့ အသံ
ကြားချင်မှ ကြားမယ်
တိတ်ဆိတ်သောအသံတော့ မဟုတ်ဘူး
လူတွေအားလုံး တပြိုင်နက်ပြောနေကြလို့


ယုံချင်ယုံ မယုံချင်နေ
ဒါငါ့အတွေး
ငါရှိချင်မှ ရှိမယ်
ဟိုလူကြီးပြောတာ မယုံဘူး
တွေးရင်းနဲ့ ပျောက်ပျောက်သွားတာ များလွန်းလို့

ယုံချင်ယုံ မယုံချင်နေ
ဒါငါ့အချစ်
စစ်ချင်မှ စစ်မယ်
ငါ့ကိုငါတောင် ကောင်းကောင်းမချစ်တတ်သေး

ယုံချင်ယုံ မယုံချင်နေ
ဒါငါ့ သေနတ်
ပစ်ချင်မှ ပစ်မယ်
ကိုယ့်နှလုံးသား တခါတလေ ကိုယ့်ဦးနှောက်
မတော်တဆလည်း ပစ်မိချင် ပစ်မိမယ်


ယုံချင်ယုံ မယုံချင်နေ
ဒါငါ့ဘဝ
အတ္တ နဲ့ ပရ
ဘတစ်ပြန် ကျားတစ်ပြန်

ယုံချင်ယုံ မယုံချင်နေ
ဒါငါ့ကဗျာ
ကာရံလည်း ရှိချင်ရှိမယ်
အစ်စင်တစ်ခုခုနဲ့ ငြိချင်လည်းငြိမယ်