Sunday, April 8, 2007

လေးဖြူနဲ့ ကျွန်တော်ကြည့်ရသော ရန်ကုန်သင်္ကြန်ရှိုး

ဒီလိုနဲ့ အဲဒီနယ်မြို့လေးမှာ တော်တော်ကြာကြာ (၅-၆ နှစ်လောက်) သီချင်းတွေနဲ့ ရူးသွပ်ပြီးတော့ ပျော်စရာတစ်ဝက်၊ ၀မ်းနည်းစရာတစ်ဝက်လောက် ယူလာပြီး ရန်ကုန်ကို ပြန်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက အိုင်စီရှိုးတွေကို ရန်ကုန်မှာ လုပ်လို့ရပါသေးတယ်။ ကျွန်တော်စကြည့်ရတဲ့ ရှိုးတွေက ကန်တော်ကြီးစောင်းမှာ လုပ်တဲ့ သင်္ကြန်ပွဲတွေပါ။ စိတ်တူကိုယ်တူ သူငယ်ချင်းနှစ်ယောက်လောက်နဲ့ ခပ်မူးမူးသွားကြည့်ကြတာပေါ့။ ဖရီးရှိုးပဲ ကြည့်နိုင်တာကိုး။ ဒီလူကြီးတွေ အရမ်းဆိုးပါတယ်။ ကျွန်တော်တို့ကို ဘယ်လိုပြုစားထားမှန်း မသိနိုင်အောင်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သူတို့ရဲ့ ရှိုးတွေကြည့်ပြီးရင် လူက ကတုံကရင်ကြီးဖြစ်ပြီး ကျန်နေတော့တာပဲ။



ကျွန်တော့်သူငယ်ချင်းတွေဆိုတာက ကန်တော်လေးဘက်မှာ နေကြပါတယ်။ ကျွန်တော့်အတွက်တော့ ပျော်စရာအကောင်းဆုံး အပေအတေနေခဲ့တဲ့ အချိန်တွေပါ။ Metal Zone တီးဝိုင်းရဲ့ သီချင်းတိုက်တဲ့ တိုက်ခန်းလေးတစ်ခုရှေ့မှာ ဖိုးကျော်တို့၊ ဟယ်ရီလင်းတို့ သီချင်းတိုက်တဲ့အခါ အပြေးအလွှား သွားသွားကြည့်ရတာလဲ မမောနိုင်ပါဘူး။ ညဆိုရင် သူငယ်ချင်းရဲ့ အရမ်းမိုက်တဲ့ ဂစ်တာလက်သံတွေနဲ့ ကျွန်တော်တို့တစ်ဖွဲ့လုံးရဲ့ အသံတွေနဲ့ ပတ်ဝန်းကျင်ကို မေတ္တာတရား ပွားများခိုင်းခဲ့တာလည်း မမေ့ပါဘူး။



တစ်နေ့တော့ အိုင်စီနဲ့ပဲ သီချင်းဆိုတဲ့ လေးဖြူဟာ မက်တယ်ဇုန်နဲ့ သီချင်းတိုက်နေတယ်လို့ ကျွန်တော့်ကို သူငယ်ချင်းက လာခေါ်တော့ ကျွန်တော်မယုံပါဘူး။ ဒါပေမယ့်သူက တကယ်ပြောနေတာဆိုပြီး ပြေးကြည့်တော့ ကျွန်တော်လည်း နောက်ကပြေးလိုက်ပြီး လိုက်ကြည့်တာပေါ့ဗျာ။ တကယ်ပါ။ လေးဖြူနဲ့ မက်တယ်ဇုန်နဲ့ သီချင်းတွေတိုက်နေကြတာပါ။ မျိုးကြီးလည်းပါ ပါတယ်။ အဲဒီအချိန်မှာ မျိုးကြီးက ကျောက်စာများ ထွက်ပြီးပါပြီ။ အပြစ်တစ်ခုဖန်ဆင်း ကို မက်တယ်ဇုန်နဲ့ သီချင်းတိုက်သွားတာ မှတ်မိပါတယ်။ လေးဖြူကတော့ ထွက်ပေါက်နဲ့ တခြားသီချင်းတွေ (မမှတ်မိတော့ပါ။) ဆိုသွားပါတယ်။ ထွက်ပေါက်သီချင်းအပြီး Band Player တွေ စိတ်ကြိုက်တီးတဲ့ပုံစံမျိုးဗျာ (ကျွန်တော်အခေါ်အဝေါ် မသိလို့) တီးကြတော့ တော်တော်နဲ့ မပြီးဘူးဗျ။ သူတို့ ပညာစွမ်းတွေပြနေတာ တော်တော်ကြာတယ်။ အဲဒီမှာ လေးဖြူက စိတ်မရှည်တော့လို့လားမသိဘူးဗျ။ သူနောက်ကလိုက်အော်ပါတယ်။ တော်တော်မြင့်တဲ့ ကီးနဲ့ အော်တယ်ဆိုတာပဲ သိတယ်။ ဘယ်လိုအော်လိုက်မှန်းကို မသိတော့ဘူးဗျာ။ တီးဝိုင်းသမားတွေအားလုံးရဲ့ အသံကို လွှမ်းသွားပါတယ်။ အဲဒါတော့ ထူးထူးခြားခြားမို့ အခုထိ သတိရနေပါတယ်။



အိုင်စီ ရန်ကုန်မှာ နောက်ဆုံးတီးသွားတဲ့ သင်္ကြန်ရှိုးက သုဝဏ္ဏမိုးလုံလေလုံရှေ့မှာလို့ ကျွန်တော်ထင်ပါတယ်။ မသေချာပါ။ အဲဒီပွဲကတော့ ကျွန်တော့်အတွက် တော်တော်လေးကို အမှတ်တရရှိပါတယ်။ အဲဒီနေ့က နေတော်တော်ပူပါတယ်။ စတိတ်စင်ရဲ့ရှေ့ သံဆူးကြိုးတွေနားထိရောက်အောင် အတင်းတိုးပြီး လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ရဲ့ သီချင်းတွေကို လိုက်အော်ပါတယ်။ လူကလည်း ပူလိုက်၊ အေးလိုက်နဲ့ဆိုတော့ တော်တော်လေးနေလို့ မကောင်းပါဘူး။ ဇောကပ်နေလို့သာ မနက်ရော၊ ညနေရော နေ့တိုင်းလာကြည့်နေတာပါ။ နောက်ဆုံးအတက်နေ့မှာ တော်တော်လေး ရွဲနေပါပြီ။ စီးထားတဲ့ ဖိနပ်လည်း ဘယ်ရောက်သွားမှန်းမသိတော့ပါ။ ညှက်ဖိနပ်ပဲစီးထားတာကိုး။ ဘေးနားကလူတွေ ကလိုက်တိုင်း၊ ခုန်လိုက်တိုင်း ကျွန်တော့်ခြေထောက်က ရှောင်လင်သိုင်း ကစားရပါတယ်။ အဲဒီထက်ဆိုးတာက စတိတ်စင်ရှေ့က ကားသွားလမ်းနဲ့ခြားထားတဲ့ သံဆူးကြိုးတွေကို နင်းမိပြီး ခြေထောက်တွေ ပေါက်ကုန်တာပါ။ အဲဒီအချိန်တုန်းကတော့ အိုင်စီရဲ့ဇောကပ်နေတာရော၊ ခြေထောက်တွေ ရေနဲ့ နူးနေတာရောကြောင့် မသိပါဘူး။ နောက်တစ်ခုဆိုးတာက ကျွန်တော်တို့ စင်ရှေ့ကကြည့်သူတွေကို ဘယ်သူမှ ရေမပက်တဲ့အတွက် လူတွေက စိုတစ်ဝက် ခြောက်တစ်ဝက်ကြီးနဲ့ အပေါ်က နေပူပြင်းပြင်းရဲ့ ဒဏ်ကို ခံရတာပါ။ တော်တော်အခံရ ဆိုးပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ သူရဲကောင်းကြီး လေးဖြူဟာ တခြားအဆိုတော်တွေလို သီချင်းဆိုပြီး သာမန် စင်ပေါ်က ဆင်းသွားတဲ့ လူမျိုးမဟုတ်မှန်းသိလိုက်ရပါတယ်။ သူကျွန်တော်တို့ စင်ရှေ့ကလူတွေရဲ့ အဖြစ်ကို သူကြည့်မိပြီး သူရိပ်မိသွားတဲ့အတွက် စင်ဘေးက ရေပက်တဲ့ စင်ပေါ်ကို လှမ်းပြောပါတယ်။ စင်ရှေ့က လူတွေကို ရေ လှမ်းဖြန်းလိုက်ဦးတဲ့။ အော် ကျေးဇူးကြီးမားပါပေ့ဗျာ။ သူဖြန်းခိုင်းလိုက်တဲ့ ရေကြောင့် စင်ရှေ့ကလူတွေအားလုံး ဟေး ဆိုပြီး ကောင်းချီးသြဘာပေးကြပါတယ်။ ဘယ်တော့မှ မမေ့တော့ပါဘူးဗျာ။ သူဟာ သူ့ပရိသတ်ကို ကြည့်ပါတယ်။ လေ့လာပါတယ်။ စေတနာထားပါတယ်။ ဒီလိုလူမျိုးမှ မအောင်မြင်ရင် ဘယ်လိုလူမျိုးကများ အောင်မြင်ဦးမှာလည်းဗျာ။ အိုင်စီနဲ့LNM သက်တော်ရာကျော်ရှည်ပါစေ။ ဒီထက်အများကြီး အောင်မြင်ပါစေ။



အဲဒီနေ့ မနက်ပိုင်း ပွဲသိမ်းတော့ မျိုးကြီးရဲ့ အပြန်လမ်းခွေသစ် မထွက်ခင် အမြည်းပေးတဲ့အနေနဲ့ အပြန်လမ်းသီချင်း စက်နဲ့ ဖွင့်ပေးထားတာ မှတ်မိပါတယ်ခင်ဗျာ။



စကားမစပ်၊ ကျွန်တော် လေးဖြူ၊ အငဲ၊ မျိုးကြီး အဲဒီလို ရှေ့က ကို တပ်မခေါ်တာ မလေးစားလို့ မဟုတ်ပါဘူးနော်။ အနုပညာရှင်တွေရဲ့နာမည်ကို ဒီအတိုင်းခေါ်နေကြ အကျင့်ပနေလို့ပါခင်ဗျာ။