Saturday, April 7, 2007

ကျွန်တော်ကြည့်ရတဲ့ လေးဖြူ စတိတ်ရှိုးပွဲများ နဲ့ ကျွန်တော့် ဟိုစပ်စပ် ဒီစပ်စပ်လေးတွေ

ဒီအကြောင်းလေးကို ပထမဆုံးတင်မလို့ကြိုးစားတာ ပလန်းနက်မှာပါ။ စာရေးကောင်းကောင်းနဲ့ ရေးလည်းပြီးရော ပလန်းနက်က ဒေါင်းသွားရောဗျ။ အဲဒါနဲ့ ညစ်ညစ်နဲ့ ရိုက်ထားတဲ့ စာတွေလည်း အကုန်ပြန်ဖျက်ပစ်လိုက်တယ်။ အခုမှ ပြန်ရေးဖြစ်တာပါ။ ဒီအကြောင်းကို ပလန်းနက်ယူဇာတွေ အတော်များများရှိတဲ့ ပဒုန်မာ မှာလည်း တင်ဖို့ စိတ်ကူးထားပါတယ်ခင်ဗျာ။ ဒီလိုဗျ။ ကျွန်တော်ပထမဆုံး ကြည့်ဖြစ်တဲ့ ရှိုးပွဲအကြောင်းက . . .

ကျွန်တော်တို့ ၁၀ တန်းဖြေရဖို့ ရက်ပိုင်းအလို . . . IC ကျွန်တော်တို့မြို့လေးကိုလာရောက်ဖျော်ဖြေပါတယ်။ ၁၀တန်း စာမေးပွဲ အသာထား။ (တစ်နှစ်လုံး ကျောင်းပဲမှန်မှန်တက်ခဲ့တာ၊ ကျူရှင်တောင် ကောင်းကောင်းမတတ်ခဲ့ဘူး) ဒီအချိန်မှာ သွေးကတော်တော်ကြွနေပြီဗျ။ ဒါနဲ့ သွားကြည့်ကြတာပေါ့ဗျာ။ ကျွန်တော်ရယ်၊ သူငယ်ချင်းနှစ်ယောက်ရယ်၊ ကျွန်တော့်ညီနှစ်ယောက်ရယ် အသံတွေဝင်၊ လည်ချောင်းတွေနာတဲ့အထိ သီချင်းတွေလိုက်ဆို၊ လေးဖြူနဲ့ IC ရဲ့ Improvisation လက်တန်းသီဆိုတီးခတ်ဟန်တွေကို ငေးမောအံ့သြ၊ ပျော်စရာကောင်းတာထက် စိတ်လှုပ်ရှားစရာ အရမ်းကောင်းပါတယ်။ (ခုချိန်ထိ လေးဖြူကို အပြင်မှာ တွေ့ရင် စိတ်ထဲမှာ သူတို့ရဲ့ အမျိုးအမည်မသိ လွှမ်းမိုးမှုကြောင့် စိတ်တွေ တစ်မျိုးကြီး ဖြစ်ဖြစ်သွားတတ်ပါတယ်)


ကြုံတုန်း ကျွန်တော်နေခဲ့ဖူးတဲ့ နယ်မြို့လေးရဲ့ ဂီတဈေးခင်းလေးအကြောင်းပြောပါရစေ။ အဲဒီမြို့လေးမှာ အဓိက ကက်ဆက်ခွေရောင်းတဲ့(ကတ်စနစ်နဲ့မို့ Recording ဆိုင်လို့ပြောရမယ်ထင်ပါတယ်) ဆိုင် နှစ်ဆိုင်ရှိပါတယ်။ ထားပါတော့ဗျာ။ မောင်ရွှေ တေးသံသွင်းနဲ့ မောင်ငွေတေးသံသွင်း ဆိုပါတော့။ အဲဒီနှစ်ဆိုင်မှာ မောင်ရွှေက ပိုပြီး အခွေသစ်တွေပိုတင်တယ်ဗျ။ တီဗွီမှာကြော်ငြာတဲ့အခွေထဲက ကိုယ်ကြိုက်တဲ့အခွေတွေဆိုရင် အဲဒီမှာ အမြဲတမ်းသွားသွားမေးရတာပေါ့ဗျာ။ ဒါပေမယ့် စည်သူလွင်ရဲ့ ပထမဆုံးအခွေ(ချစ်သူများရဲ့နေ့)ထွက်တော့ အဲဒီဆိုင်မှာ မတင်လို့ တစ်နာရီလောက် စက်ဘီးနဲ့သွားရတဲ့ အခြားမြို့မှာ သွားဝယ်ရပါတယ်။ ဆောင်းဦးလှိုင်ရဲ့ မင်းရဲ့သူရဲကောင်း အခွေဝယ်ချင်လို့သွားမေးတော့ စောင်းဦးလှိုင်မရှိဘူး။ စောင်းဦးဘသန်းပဲရှိတယ်လို့ ပြောပါတယ်။

ခုလောက်ဆိုရင်တော့ တော်တော်လေး ခေတ်မှီလာလောက်ပါပြီ။ တစ်ခြားမြို့က ၀ယ်လာတဲ့ စည်သူလွင်ခွေကို တီးဆိုင်မှာ ထိုင်ရင်းနားထောင်တော့ ဘေးဝိုင်းတွေက အော်ပါတယ်။ ပိတ်ပေးဖို့။ ဒါပေမယ့် ကျွန်တော်ကလည်း မမှတ်ဘူးဗျ။ ရန်ကုန်ကို ကုန်တက်ဝယ်တဲ့ စတိုးဆိုင်အသိတွေကနေတစ်ဆင့် မဂ္ဂဇင်းတွေမှာ တွေ့ရတတ်တဲ့ Nirvana, Cinderella တို့ ဘာတို့ကိုမှာပြီး အိမ်မှာလည်းဖွင့်၊ တီးဆိုင်မှာလည်းဖွင့်၊ အသိတွေရဲ့ အလှူမှာလည်းဖွင့် အကုန်ဖွင့်တာပဲ။

တစ်ခါ မှတ်မှတ်ရရ ကျွန်တော်တို့မြို့လေးကနေ အတော်သွားရသေးတဲ့ ရွာလေးတစ်ရွာမှာ အလှူလိုက်စားပါတယ်။ (စားတာတော့ အခုလည်း လိုက်စားတုန်းပါပဲ) အလှူကိုခေါ်လာတဲ့ သူငယ်ချင်းက ကျွန်တော်သွားလေရာ ကက်ဆက်ခွေတစ်ခွေ အမြဲတမ်းပါတာသိတော့ မင်းမှာ ဘာခွေပါလဲ၊ ငါဖွင့်ပေးမယ်ဆိုပြီး ပြောပါတယ်။ ရွာအလှူမှာ ကက်ဆက်ခွေပြောင်းပြီး ဖွင့်ခွင့်ရှိတာ ကိုယ်တော်တစ်ပါးပဲရှိတာပါ။ အဲဒီကိုယ်တော်ကို သူငယ်ချင်းက ခင်တဲ့အတွက် ကျွန်တော့်အခွေကို ကျွန်တော့်ဘာသာပဲ ဖွင့်ခွင့်ရပါတယ်။ ဘာခွေလဲဆိုတော့ မျိုးကျော့မြိုင်ရဲ့ ဗိုင်းရပ်စ် ၃ ခွေပါ။ Rap Rap Rap N' Roll Everybody Rap N' Roll ! ! !

ပြောရင်းပြောရင်းနဲ့ ဘယ်တွေရောက်ကုန်ပြီလဲမသိဘူး။ IC နဲ့ လေးဖြူ ရှိုးကို ကြည့်ရတာ ကျွန်တော်တော့ ကြည့်ရတာ အားမရဘူးဗျာ။ ဘာဖြစ်လို့လည်း ဆိုတော့ တစ်ညလုံး တစ်ခြားအဆိုတော်တွေကို အားနာပါးနာနဲ့ နားထောင်လာပြီး သူတို့ (လေးဖြူနဲ့ အငဲ) အလှည့်ကျတော့ ခဏလေးနဲ့ ပြီးသွားသလိုပဲ။ အဲဒီပွဲအတွက် ရွာတစ်ရွာက ရွာလူကြီးကို လက်မှတ် ကူရောင်းပေးခဲ့ရတာ မှတ်မိသေးတယ်ဗျ။ အဲဒီလူကြီးက သူတို့ရွာအတွက် ခွဲတမ်းသဘောမျိုးလား၊ မရောင်းမနေရ ရောင်းပေးရမယ့်သလောလားတော့ မသိ။ လက်မှတ်တွေ ရောင်းပေးဖို့ အများကြီး ကျန်နေတာနဲ့ ကျွန်တော်တို့ ရသလောက် ကူရောင်းပေးလိုက်သေးတယ်။ အဲဒီတုန်းကတော့ ဘာပဲလုပ်ရ လုပ်ရ ပျော်နေကြတာပါပဲ။

အဲဒီတုန်းက မျိုးကြီးရဲ့ အယ်လ်ဘမ်များ မထွက်သေးပါ။ ကြုံတုန်းလေး ပြောပါရစေဦး။ ပိုပြောတယ်လို့တော့ မထင်ပါနဲ့ဗျာ။ ကျွန်တော်တို့ ညီအစ်ကိုသုံးယောက် ဆောင်းတွင်းမှာ ရေချိုးရင် အချမ်းပြေအောင်လုပ်တဲ့ အကျင့်လေးတစ်ခု ပြောပါရစေ။ ဒီလိုပါ။ ကျွန်တော်တို့ အိမ်နောက်ဘက်က ရေချိုးကန်ပေါ်မှာ ကျွန်တော်တို့ ကိုယ့်စိတ်ကြိုက် ရေချိုးခွက်သုံးခွက် အဆင်သင့်
တင်ထားပါတယ်။ ခွက်တွေထဲမှာလည်း ရေအပြည့်ဖြည့်ထားပါတယ်။ ပြီးရင် သုံးယောက်သား ဘောင်းဘီတိုတွေနဲ့ အိမ်ရှေ့ခြံတံခါးဝလောက်အထိကို လာပြီး အဆင်သင့် နေရာယူပါတယ်။ ၁ ၂ ၃ဆိုတာနဲ့ နောက်ဘက်က ရေချိုးကန်ကို ပြေး . . . ခုန်ပေါက်ပြီး သီချင်းဆိုပါတယ်။ အဲဒီသီချင်းက များသောအားဖြင့် Cinderella ရဲ့ Gypsy Road (မျိုးကြီးရဲ့ မိန်းမရိုင်းလား) ဖြစ်ပါတယ်။

မတော်တဆ အထင်ကြီးမိသွားရင် တောင်းပန်ပါတယ်ဗျာ။ အထင်မကြီးပါနဲ့။ ကျွန်တော်တို့ဆိုတဲ့ အပိုဒ်က "Gypsy Road ! Can't Take Me Home" ဆိုတဲ့နေရာလေးပဲ ပတ်ပြီး ဆိုနေတာပါ။ အဲဒီသီချင်းက Rod Steward ရဲ့ Story Teller Music Video Tape ရဲ့ တိပ်သားအပိုနေရာမှာ ထည့်ပေးထားတဲ့ Cinderella သီချင်းတွေထဲက တစ်ပုဒ်ပါ။ အဲဒီသီချင်းတွေကို အရမ်းကြိုက်လွန်းလို့ ပစ္စည်းကိရိယာ မပြည့်မစုံနဲ့ မြို့လေးမှာ Video Tape ကနေ ကက်ဆက်တိပ်ပေါ်ပြောင်းတင်ဖို့ မရ ရအောင် ကြိုးစားခဲ့ရတာပေါ့။ နောက်ဆုံးတော့ အသံဝါးတားတားနဲ့ ကက်ဆက်တိပ်ပေါ်က Cinderella သီချင်းလေးတွေနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ဆက်ပါဦးမယ်. . .