Thursday, April 5, 2007

ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ

ပြောရခက်တဲ့ စကားသုံးခွန်း



လောကမှာ ပြောရခက်တဲ့ စကားသုံးခွန်းရှိပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ ကျွန်တော်မသိပါဘူး၊ ကျွန်တော် အကူအညီ လိုနေပါတယ်၊ ဆိုတာနဲ့ ကျွန်တော်မှားပါတယ် ဆိုတဲ့ စကားတွေပါပဲ။


ဂေါက်သီးချန်ပီယံ အာနိုးပါးလ်မားနဲ့ လုပ်ငန်းကိစ္စ စကားပြောကြတော့ ကျွန်တော်က သူ့ကို အချက်နှစ်ချက်ပဲ အာမခံချက်ပေးတယ်။ ပထမအချက်က တစ်ခုခုကို ကျွန်တော်မသိရင် အဲဒါကိုသူ့ကိုပြောမယ်၊ ဒုတိယအချက်က တစ်ခုခုကို ကျွန်တော်မသိရင် သိတဲ့လူရှာမယ်။


အခုအချိန်မှာဆိုရင် ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်လောက်ကထက် အများကြီးပိုသိနေပါပြီ။ ဒါပေမယ့် ကျွန်တော်ဟာ တစ်ချိန်လုံး ကျွန်တော်မသိပါဘူး ဆိုတဲ့ စကားကို ပြောနေတုန်းပါပဲ။ ကျွန်တော်သိတာကိုတောင်မှ မသိဘူးလို့ ပြောနေတုန်းပါပဲ။


အဲဒီလို ပြောတဲ့အတွက် ပိုပြီးသိလာရတာမျိုးရှိပါတယ်။ သိပြီးသားအချက်တွေနဲ့ နှိုင်းယှဉ်ချိန်ထိုးကြည့်ဖို့ အခွင့်အရေး ရလာတယ်။ အထူးသဖြင့်ကတော့ ကိုယ့်ကိုယ်ကိုယ် လျှော့ပြောတာဟာ ပိုပြီးပြောတာထက် အများကြီးထိရောက်တယ်လို့ ယုံကြည်လို့ပါပဲ။ ကိုယ်က အတိအကျသိနေပေမယ့် ကျွန်တော်တော့မသိဘူး၊ ဒါပေမယ့် ဖြစ်နိုင်တာကတော့ ဆိုတာမျိုး လျှော့လျှော့ပေါ့ပေါ့ ပြောတာဟာ ကိုယ့်အတွက် ပိုပြီး အကျိုးရှိနိုင်ပါတယ်။


ဒုတိယ ပြောရခက်တဲ့ စကားက ကျွန်တော် အကူအညီလိုနေပါတယ်၊ ကျွန်တော့်ကို ကူညီပါ ဆိုတဲ့ စကားပဲ။ တချို့က တစ်ဘက်သားက စေတနာနဲ့ တမင် အကူအညီ ပေးတာကိုတောင် လက်မခံချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ညံ့တာ၊ လျှော်တာကို လူသိသွားမှာ ကြောက်ကြလို့ပဲ။


အမှန်ကတော့ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကူညီပြီး လုပ်ဆောင်နေကြတာပါ။ လုပ်ငန်းတစ်ခုကို တစ်ယောက်တည်း လုပ်တာထက် ပူးပေါင်းလုပ်ကိုင်တာ ပိုပြီး အကျိုးရှိတတ်ပါတယ်။ တချို့က ကိုယ်တစ်ယောက်တည်း အမှတ်ယူချင်လို့ သူတစ်ပါးဆီက အကူအညီ မတောင်းကြတာ။ ဒါပေမယ့် တခြားလူတွေဆီက လိုအပ်တဲ့ အကူအညီယူပြီး လုပ်ရင် ကိုယ့်အတွက်ရော လုပ်ငန်းအတွက်ပါ ပိုပြီး အကျိုးရှိနိုင်ပါတယ်။


အကူအညီ မတောင်းသူဟာ အမြင်တိုတယ်။ သ၀န်တိုတယ်။ အကူအညီတောင်းသူဟာ အမြင်ရှည်တယ်။ ပညာတိုးတယ်။ လုပ်ငန်းအတွက် တန်ဖိုးရှိတယ့်လူ။


အလားတူပဲ သူတစ်ပါးကို အကူအညီ မပေးချင်တဲ့လူဟာလဲပဲ အမြင်တိုတဲ့ တစ်ကိုယ်ကောင်းသမားပဲ။


အပြန်အလှန် အကူအညီပေးတာ ယူတာဟာ အလွန်ကောင်းတဲ့ စီမံအုပ်ချုပ်ရေးစနစ် တစ်ခုပါပဲ။ လူတစ်ယောက်ဟာ ကိုယ်ကျိုး ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ကျိုးကို လုပ်ငန်းအကျိုးနဲ့ ပေါင်းစပ်ရင် ပိုကောင်းပါတယ်။ လုပ်ငန်းအကျိုးကို ကိုယ်ကျိုးအတွက် အသုံးချတာဟာ နှစ်ခုစလုံးအတွက် အကျိုးမရှိပါဘူး။


တတိယ အခက်အခဲက ကျွန်တော်မှားပါတယ်လို့ ၀န်မခံရဲကြတာ။


မကြာခင်က ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌတစ်ယောက်က သူ့ကုမ္ပဏီ အရာထမ်းတွေဟာ ခေတ်နောက်ကျတဲ့အမြင်ကို ဆုပ်ကိုင် ထားကြတယ် ဆိုပြီး ကျွန်တော့်ကို ပြောဖူးတယ်။


အမှားလုပ်မိမှာ ကြောက်တာ၊ အမှားကို ၀န်မခံရဲတာဟာ အဓိက ပြဿနာပဲဗျ လို့ သူက ပြောတယ်။


အမှားမလုပ်ဖူးတဲ့လူဟာ တကယ် အလုပ်မလုပ်သေးတဲ့ လူပဲဆိုတဲ့ စကားရှိတယ်။ စီးပွားရေးလုပ်ငန်းမှာ ရှေ့တန်းရောက်ချင်တဲ့လူဟာ အခြေအနေအမျိုးမျိုးနဲ့ မကြာခဏ စမ်းသပ်ခံနေရတာပဲ။ တော်တဲ့လူတွေဟာ မှားခဲပါတယ်။ ဒါပေမယ့် မှားရင်လဲ မှားမှန်းသိကြတယ်။ အမှားကို ၀န်ခံကြတယ်။


တကယ်တော့ မှားတာနဲ့ အမှားကို ၀န်ခံတာဟာ လုံးဝ ကွဲပြားခြားနားတဲ့ အပြုအမူနှစ်ခုပဲ။ မှားတာက အဓိက မဟုတ်ဘူး။ အဲဒီအမှားကို ဘယ်လို ကိုင်တွယ်သလဲဆိုတာသာ အဓိက။


အမှားကို ၀န်ခံရဲတဲ့ အရည်အချင်းဟာ အောင်မြင်သူတွေအတွက် ၀မ်းပုတ်ချဆေးပဲ။ ၀န်ခံလိုက်တဲ့အတွက် အမှားတွေ နောက်မှာ ကျန်ရစ်ခဲ့ပြီး နောက်ထပ်မမှားအောင် ကြိုးစားရင်းနဲ့ ပိုပြီး ကြီးမားတဲ့ အောင်မြင်မှုကို ရနိုင်ပါတယ်။