Tuesday, April 3, 2007

ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ

လူတိုင်းလိုလို နေနည်းထိုင်နည်း၊ လုပ်နည်းကိုင်နည်းနဲ့ ပတ်သက်လို့ ကိုယ့်အထာနဲ့ကိုယ် စည်းကမ်းနည်းလမ်းတွေ သတ်မှတ်ထားတတ်ကြပါတယ်။ ထားလဲ ထားသင့်ပါတယ်။ ဒါပေမယ့် တချို့က စည်းကမ်းနည်းလမ်းကို ဘန်းပြပြီး မဟုတ်တာ လုပ်နေကြတာတွေ တွေ့နေရတယ်။


တကယ်တော့ သူတို့ အတ္တကြီးတာကို စည်းကမ်းနည်းလမ်းနဲ့ ဖုံးဖိထားကြတာပါ။ တစ်နည်းအားဖြင့် သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာလှည့်ဖြားနေကြတာပါ။


လိမ်ညာတာမှာလဲ တမင်ဟန်ဆောင်တာနဲ့ မှားလုပ်မိတာဟာ လုံးဝမတူဘူး။ အများကြီးကွားခြားတယ်။ ကွာခြားတာကိုလဲ သိသာတယ်။ အမှန်ကတော့ တမင်ဟန်ဆောင်မှုနဲ့ ပင်ကိုယ်သဘာဝတို့ အချင်းချင်းအားပြိုင်လာရင် ပင်ကိုယ်သဘာဝ အတိုင်း ပြုမူပြောဆိုတာဟာ အန္တရာယ်အကင်းဆုံးပါပဲ။


ဒါပေမယ့် စီးပွားရေးလုပ်ငန်းဆက်ဆံရေးမှာ ဟန်ဆောင်မှုတွေက ပိုများနေတယ်။ ဒီအပြုအမူဟာ ရေရှည်မှာ ကိုယ့်အတွက် အကျိုးမရှိနိုင်ပါဘူး။ သူတို့က ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေကို ထုတ်ပြပြီး အဆိုးဆုံးတွေကို ၀ှက်ထားတတ်ကြတယ်။ သူတို့ဟာ ရိုးသားမှုနဲ့ နည်းပရိယာယ်တို့ရဲ့ ခြားနားချက်ကို မသိကြဘူး။ စီးပွားရေးလုပ်ငန်းမှာ ရိုးသားတိုင်း ကောင်းတာမဟုတ်ဘူး၊ မုသားမပါ လင်္ကာမချောဆိုသလို တချို့နေရာလေးတွေမှာ လိမ်နိုင်ညာနိုင်မှ အလုပ်ဖြစ်တာ ဆိုပြီး တရားသေ ခံယူထားတတ်ကြတယ်။


တကယ်တော့ ရေရှည်မှာ အမှန်တရားသာ အောင်ပွဲခံမှာပါ။ ရိုးသားမှုသာ တာရှည်ခံမှာပါ။ ရိုးသားမှုဟာ သူတစ်ပါးကိုလဲ မစော်ကားဘူး။ ကိုယ့်ကိုယ်ကိုယ်လဲ မဖျက်ဆီးဘူး။


နောက်အစွန်းရောက် အပြုအမူတစ်ခုကတော့ တစ်ဘက်သားရဲ့ အထင်အမြင်ကောင်း ရအောင်ဆိုပြီး ကိုယ်မတတ်နိုင် တာတွေကို လုပ်ပေးပါမယ်လို့ ကတိပေးခြင်းပါပဲ။



ကိုယ့်ဘက်က ကတိမတည်ရင် တစ်ဘက်လူက ကိုယ့်ကို အလကားလူလို့ ယူဆမှာ ကျိန်းသေပဲ။