Sunday, March 11, 2007

ကျွန်တော်ဖတ်ရသော Game Theory (၅)

Thinking Strategically (The Competitive Edge in Business, Politics and Everday Life) By Avinash Dixit And Barry J. Nalebuff

တွေးခြင်းမဟာဗျူဟာများ (၁) - ကျော်ဇောခိုင် (စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၆ ၊ အောက်တိုဘာ ၊ ၂၀၀၆)

ပုံပြင် (၅) ကြောင်ကို ဘယ်သူချူဆွဲပေးမလဲ

အရင်ခေတ်က နာမည်ကြီး ၀တ္ထုတစ်ပုဒ်ရဲ့ ခေါင်းစဉ်၊ ပုံပြင်က ကျွန်တော်တို့ ကြားဖူးပြီးသား၊ ကြောင်ကိုချူဆွဲဖို့ကိစ္စဟာ
ကြွက်တွေမှာသာမဟုတ်၊ လူတွေမှာလည်း ရှိနေကြရတယ်။ ဘိုးရင်းကြီးတစ်စီး၊ အဲယားဘတ်စ်ကြီးတစ်စီးပေါ်က လူလေးရာလောက်ကို လူလေးယောက်က လေယာဉ်အပိုင်စီးခံရတာ ဘာလို့လဲ။ အားလုံးကသာ ပြန်ပြီး ခုခံရင် မအောင်မြင်စရာ မရှိသလောက်ပါပဲ။ ဒါပေမယ့် ခရီးသည်တွေ တစ်ယောက်နဲ့ တစ်ယောက် အချိတ်အဆက်အပေးအယူ လုပ်မရတော့ ထင်သလောက်မလွယ်တော့ဘူး။ တစ်ယောက်ကသာ အပိုင်အနိုင် စ နိုင်ခဲ့ရင် ကျန်တာတွေက ဆက်တိုက်ထုနဲ့ထည်နဲ့ ပါလာကြမယ်မဟုတ်လား။ ဟုတ်ပြီ။ မေးခွန်းက ဘယ်သူအရင်စမလဲ။ ပေးရမယ့်တန်ဖိုးက ကြီးပါတယ်။ အသက်တစ်ချောင်း ဖြစ်သွားနိုင်ပါတယ်။ လူတစ်ချို့အတွက် ဂုဏ်သိက္ခာ စတာတွေဟာ မြင့်မားတဲ့ တန်ဖိုးတွေ ဖြစ်လာပေမယ့် လူအများစုအတွက် ဒီအခြေအနေမှာ အရင်းဟာ အမြတ်ထက် အများကြီး ကြီးနေတတ်ပါတယ်။

ဆိုဗီယက်အကြောင်း နောက်တစ်ခုထပ်ပြောဦးမယ်ဗျာ။ ပါတီရဲ့ အကြိမ် ၂၀ မြောက် ကွန်ဂရက်မှာ ခရူးရှော့ကြီးက စတာလင်အကြောင်း မကောင်းပြောတယ်။ အပုပ်ချတယ်ပေါ့ဗျာ။ မိန့်ခွန်းလည်း ဆုံးရော အောက်ကလူအုပ်ထဲက တစ်ယောက်က စတာလင်ရှိတုန်းက ခေါင်းဆောင်ကြီး ဘာလုပ်နေသလဲလို့ လှမ်းမေးသဗျာ။ အဲဒါ ဘယ်သူလဲ၊ မတ်တတ်ရပ်ပြပါလို့ ခရူးရှော့က ဆိုတော့ တစ်ယောက်မှ မလှုပ်ကြဘူးတဲ့။ ငြိမ်နေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး ခရူးရှော့က ပြောတယ်။ ကျုပ်ဒီလိုပဲ လုပ်ခဲ့ရတာပေါ့တဲ့။

ဒါတွေဟာ ရှေ့မှာတွေ့ခဲ့တဲ့ အကျဉ်းသား အကျဉ်းအကျပ်နဲ့ သဘောချင်းဆင်ပြီး ဒီဂိမ်းဟာ ၂ ယောက်ထပ်ပိုလာတာပါပဲ။ ပြစ်ဒဏ်ဟာ ဆုကြေးထက် မတန်မဆများ နေတာမျိုးလည်း တွေ့ရပါလိမ့်မယ်။ တချို့က ဓားစာခံ အကျပ်အတည်းလို့လည်း အမည်ပေးကြပါတယ်။ နောက်ထပ် နမူနာတွေလည်း ရှိနေသေးသဗျ။

တက္ကစီကားကုမ္ပဏီတစ်ခုမှာ ဒရိုင်ဘာတွေကို ကားအဆိုင်းချပေးမယ့်သူ တစ်ယောက်ရှိတယ်ဆိုပါစို့။ ကားတွေက အရောရောပေါ့ဗျာ။ တချို့လည်း အသစ်အကောင်း၊ တချို့လည်း အဟောင်းအနွမ်းပေါ့။ ဒီကားရွေးပေးနိုင်တဲ့ အခွင့်အရေးအပေါ်မှာ ၀န်ထမ်းလုပ်သူဟာ အောက်ဆိုက်ဖန်လို့ရလာပါတော့တယ်။ သူ့ဆီ ရေလာတဲ့ ဒရိုင်ဘာဆိုရင် ကားအကောင်း၊ ဘာမှမလာတဲ့အကောင်ဆိုရင် ကားအဟောင်း၊ တကယ်လို့ ဒရိုင်ဘာအားလုံးဟာ သူ့ကို ဘာမှ မပေးဘူးဆိုရင်လည်း ကားအကောင်း ရတဲ့သူက ရပြီး၊ အဟောင်းရတဲ့သူက ရမှာပဲ။ ဒရိုင်ဘာတွေသာ စုစည်းမိကြရင် ဒီလိုငနဲမျိုးဟာ ခြူးတစ်ပြားမှ မရနိုင်ဘူးပေါ့ဗျာ။

နယူးရော့ခ်မှာဆိုရင် အခန်းတွေငှားထားတဲ့ တိုက်တွေရှိတယ်။ ဥပဒေအရဆိုရင် ၀ယ်သူဟာ အိမ်ထဲမှာ ရှိတဲ့ အိမ်ငှားတစ်ယောက်ကို သူနေဖို့ အတွက် ဖယ်ခိုင်းပိုင်ခွင့်ရှိပါတယ်။ ဒီအပေါ်မှာ အိမ်ဝယ်သူတစ်ယောက်ဟာ တစ်အိမ်လုံးရှင်းခွင့်ရသွားတော့တာပါပဲ။ သူဘယ်လိုလုပ်မလဲ ကြည့်ရအောင်။ အိမ်ဝယ်သူဟာ အခန်းအေကို သွားပြီး အိမ်ငှားကို ပြောမယ်။ ကျုပ်တော့ ဒီအခန်းလေးကို သဘောကျသဗျာ။ မိန်းမနဲ့ကလေးတွေလည်း ကြိုက်ကြမှာပဲ။ ဒီလိုကြီးတော့လည်း ခင်ဗျားကို မဆင်းစေချင်ဘူး။ ခင်ဗျား ၅၀၀၀ ယူ၊ ကိုယ့်သဘောနဲ့ ကိုယ်ဆင်းတယ်လုပ်ဗျာဆိုပြီး အိမ်ငှားကို ကမ်းလှမ်းလိုက်တယ်။ အိမ်ငှားသူဟာ ၅၀၀၀ ယူယူ မယူယူ ဆင်းပေးရတော့မှာမို့လား။ ကျွန်တော်ဆိုလည်း ယူပြီးနောက် အိမ်ခန်းတစ်ခန်း လိုက်ရှာရတော့မှာပဲ။ ဒါပေမယ့် အိမ်ဝယ်သူအတွက် အိမ်ဝယ်သူအတွက် အိမ်ငှားဟာ သူ့သဘောနဲ့ သူ ဆင်းသွားတာဖြစ်လို့ သူ့အတွက် အခန်းတစ်ခန်း ရှင်းခွင့်က ရှိနေဆဲပဲ။ ဒီတော့ အခန်း ဘီ၊ စီ၊ ဒီ ဒီနည်းအတိုင်းပဲ ဆိုပါတော့။ အဖြစ်အပျက်တစ်ခု ဒီပုံစံအတိုင်း ဆက်သွားတာကို အကော်ဒီယံ အကျိုးဆက်လို့ ခေါ်ကြတယ်။