Friday, March 23, 2007

ကျွန်တော်ဖတ်ရသော Game Theory (၁၁)

Thinking Strategically (The Competitive Edge in Business, Politics and Everday Life) By Avinash Dixit And Barry J. Nalebuff

တွေးခြင်းမဟာဗျူဟာများ (၂) - ကျော်ဇောခိုင် (စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၇ ၊ နိုဝင်ဘာ ၊ ၂၀၀၆)

ခင်ဗျားဖြေတာမှန်ပါတယ်။ ဘယ်ရီဟာ ပင်စီလိုပဲ ၃ ရဲ့ ဆတိုးကိန်းတွေပေါ် ထိုးလိုက်ရင် ပြီးတာပါပဲ။ ၇၀၀ စလုံးထိုးဖို့တောင် မလိုဘူးပေါ့။ ၂၀၀ ထိုးလိုက်ရင်ပဲ လုံလောက်ပါပြီ။ ၃ ရဲ့ ဆတိုးကိန်းတွေ မကျခဲ့ဘူးဆိုရင် ဘယ်ရီဟာ လက်ကျန် ၅၀၀ နဲ့ နိုင်မယ်။ ၃ ရဲ့ ဆတိုးကိန်းတွေကျခဲ့ရင် ပင်စီက ၉၀၀ ဖြစ်သွားပြီး ဘယ်ရီဟာ လက်ကျန် ၅၀၀ နဲ့ အလျော် ၆၀၀ ပေါင်းပြီး ၁၁၀၀ နဲ့နိုင်ဦးမှာပါ။ တကယ့်အဖြစ်အပျက်မှာတော့ ပြိုင်ပွဲရဲ့နောက်ဆုံးအလှည့် မကစားခင်မှာ မနက် ၃ နာရီထိုးနေပြီတဲ့။ ဘယ်ရီဟာ ရှန်ပိန်လေးတမြမြနဲ့ နည်းနည်းရီတီတီ ဖြစ်နေတော့ သူ့ ၇၀၀ ကို စုံဘက်လိုက်လိုက်ပြီး ရှုံးသွားတယ်ဆိုပဲ။ ဒီလိုအလွယ်ကလေးတောင်မှ မရကောင်းလားဆိုပြီး ဘယ်ရီကို အပြစ်တင်နိုင်ပါတယ်။ ဒါပေမယ့် ဒီပုစ္ဆာကနေ ကျွန်တော်တို့ရတဲ့ သင်ခန်းစာကို တကယ်တမ်းပေးသွားတာ ဘီကီနီလေးနဲ့ ဟာဝိုင်ယီနေရောင်ကို ပြက်ရယ်ပြုမယ့် ပင်စီလေးပါ။ ခင်ဗျား စဉ်းစားကြည့်လေ။ သူဟာ ၃ ရဲ့ ဆတိုးကိန်းကို ထိုးချလိုက်ကတည်းက တကယ်တမ်း ပြောရရင်ရှုံးသွားပါပြီ။ ဘယ်ရီက ဒီအခွင့်အရေးကို အသုံးမချလိုက်နိုင်တာက တစ်ပိုင်းပါ။ (စစ်တုရင်မှာတော့ ဥပဒေ တစ်ခုရှိသဗျ။ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းမယူနိုင်မချင် ဒါကို အားနည်းချက်လို့ မခေါ်နိုင်ဘူးဆိုပဲ။)

ပင်စီရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဟာ ဘယ်ရီရဲ့ ရွှေ့ကွက်ကို စောင့်ကစားတာပါပဲ။ သူဟာ အရင်ရွှေ့လို့ကတော့ တစ်ဘက်က ဘယ်ရီဟာ ဦးဆောင်နေသူ မဟုတ်လားဗျာ။ သူနဲ့အတူမျှောလိုက်ရုံနဲ့ အနိုင်ရမှာပါ။ ဆိုလိုတာက ပြိုင်ပွဲတွေမှာ လက်ဦးမှုယူတိုင်း အသာစီး မရနိုင်ဘူးဆိုတာပါ။ အခြေအနေတစ်ခုမှာ ကျွန်တော်တို့ဟာ နောက်က လိုက်ရလို့လည်း စိတ်မပျက်နဲ့။ ရှေ့ကသွားရတိုင်းလည်း လက်မ မထောင်နဲ့လို့ ဒီပုစ္ဆာကနေ ဆင်ခြင်မိကြဖို့ပါ။ ခင်ဗျားလည်း ဘ၀င်ကျလိမ့်မယ်လို့ မျှော်လင့်ပါရဲ့။