Monday, March 19, 2007

ကျွန်တော်ဖတ်ရသော Game Theory (၉)

Thinking Strategically (The Competitive Edge in Business, Politics and Everday Life) By Avinash Dixit And Barry J. Nalebuff

တွေးခြင်းမဟာဗျူဟာများ (၁) - ကျော်ဇောခိုင် (စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၆ ၊ အောက်တိုဘာ ၊ ၂၀၀၆)

ပုံပြင် (၉) လောင်းကစား

ဝတ္ထုတစ်ပုဒ်ထဲမှာ လောင်းကစားသမား သားကို အဖေက ဆုံးမအကြံပေးတဲ့ စကားလေးနဲ့ ဒီပုံပြင်လေးကို စ ကြရအောင်။ "ဒီမှာ ငါ့သား၊ တစ်နေ့ မင်း ခရီးသွားတုန်း လူတစ်ယောက်နဲ့ တွေ့မယ်။ သူ့လက်ထဲမှာ ပါကင်တောင်မဖွင့်ရသေးတဲ့ ဖဲထုပ် တစ်ထုပ်ပါလာမယ်။ သူက မင်းကို ဖဲထုပ်ထဲက ဂျိုကာဟာ အပြင်ကို ခုန်ထွက်လာပြီး မင်းနားထဲ အချိုရည် ညှစ်ထည့်သွားမယ်လို့ ဆိုလာလည်း သွားမလောင်းလေနဲ့ ငါ့သား" တဲ့။ "ဖဲထုပ်ထဲက ဂျိုကာချပ်ဟာ တစ်နည်းနည်းနဲ့ အပြင်ကို ထွက်လာပြီး မင်းနားထဲ အချိုရည် တချို့စို့သွားတာ တွေ့ရလိမ့်မယ်" လို့ ဆက်ပြောတယ်။ ဒီဥပမာဟာ နည်းနည်းတော့ အစွန်းရောက်နေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပွဲမျိုးဟာ ရှေ့မှာ ပြောခဲ့သလို သုညအကြွင်းပွဲပါ။ ကိုယ်ရှုံးမှ သူကနိုင်မှာမို ဒီလိုဂိမ်းမျိုးကို ဘာမှန်းမသိဘဲ ရမ်းမလုပ်ဖို့ သတိကြီးကြီးနဲ့ ကစားရမယ်လို့ သတိပေးတဲ့ သဘောပါ။

တကယ်လို့များ တစ်စုံတစ်ယောက်က ခင်ဗျားကို ဒီသဘောမျိုးမျိုးဆန်ဆန် အရောင်းအ၀ယ်(သို့) အလောင်းအစားတစ်ခုခု ကမ်းလှမ်းလာခဲ့ရင် သတိထားပါ။ ဒီနေရာမှာ မဟာဗျူဟာကျတဲ့ အမြင်ဟာ ဘာလဲဆိုတော့ တစ်ဘက်ရဲ့ ကမ်းလှမ်းချက် အပြုအမူတွေထဲမှာ သူသိထားတဲ့ သတင်းတစ်ခုခု (ကိုယ့်အတွက် အသုံးဝင်မယ့်) သတင်းတစ်ခုခုရှိနေတတ်တယ် ဆိုတာပါ။ ဒီသတင်းကို နှိုက်ထုတ်ပြီး ခင်ဗျားရဲ့ ကိုယ်ပိုင်ရှိပြီး သတင်းအချက်အလက်နဲ့ ပေါင်းစပ်ပြီး တုံ့ပြန်နိုင်ဖို့ပါ။

ဥပမာဗျာ၊ လူတစ်ယောက်ဟာ ဒီညနေကန်မယ့် ဘောလုံးပွဲတစ်ပွဲမှာ A အသင်းအနိုင်ရမယ်ဆိုတာကို တစ်နည်းနည်းနဲ့ သိထားပြီဆိုပါတော့။ သူက ခင်ဗျားနဲ့ အပျင်းပြေ အလောင်းအစားလေးတစ်ခု လုပ်ချင်ပါတယ်လို့ ဆိုလာပြီ။ ဖြစ်နိုင်ချေရှိတဲ့ မေးခွန်းတွေထဲက ပုံစံ (၂) မျိုး ကို ဆွဲထုတ်ကြည့်ရအောင်။

ပုံစံ (၁) ကဲ . . . ညနေ ဘောလုံးပွဲ ဘယ်ဘက်က နေမလဲ။
ပုံစံ (၂) ဒီအတိုင်းကြီး ထိုင်ကြည့်ရမှာ ပျင်းစရာကြီးဗျာ။ ကဲ . . . ကျုပ် A က နေမယ်။ ခင်ဗျား B ကနေ ဘယ်လောက်ထွက်မလဲ။

ဒုတိယပုံစံ ကမ်းလှမ်းချက်ဟာ သူက ခင်ဗျားကို အပိုင်ချည်ဖို့ စကြိုးစားနေတာ ထင်ရှားပါတယ်။ ပထမပုံစံမှာတော့ ခင်ဗျားက ဘက်တစ်ဘက်ကို ရွေးခွင့်ရှိနေပါသေးတယ်။ (သို့သော် ကျွန်တော့်သဘောအရဆိုရင် သူကခင်ဗျားကို တခြား ဆွဲဆောင်မှု တွေနဲ့ B ဘက်ကို ရောက်သွားအောင် ပို့နိုင်ပါသေးတယ်။)

စတော့ဈေးကွက်မှာ ၀ယ်လိုသူရဲ့ အမြင့်ဆုံးကမ်းလှမ်းဈေးနဲ့ ရောင်းချသူရဲ့ အနိမ့်ဆုံးခေါ်ဈေးနှစ်ခုကြားက ကွာဟချက်ကို Bid-Ask Spread လို့ ခေါ်ပါတယ်။ ဒီကွာဟချက်ဟာ နေ့ချင်းစတော့ကစားသူတွေအတွက်တော့ အသက်ပါ။ ကျွန်တော်တို့ဆီက တချို့ဈေးကွက်တွေမှာ ခင်ဗျားက အ၀ယ်ဘက်ကလား၊ အရောင်းဘက်ကလားလို့ ဒိုင်တွေက မေးကြ တာဟာ ဒီ "၀ယ်-ရောင်း အဟ"ကို စားချင်လို့ဆိုတာ ထင်ရှားပါတယ်။ ခင်ဗျားကလည်း ရှိသမျှ ဒိုင်တွေပတ်စုံစမ်းပြီးမှ အမြင့်ဆုံး ရမယ့်ဈေး (အရောင်းဖြစ်ခဲ့ရင်) ကိုပဲ ရွေးမှာပဲ မို့လား။