Thursday, March 15, 2007

ကျွန်တော်ဖတ်ရသော Game Theory (၇)

Thinking Strategically (The Competitive Edge in Business, Politics and Everday Life) By Avinash Dixit And Barry J. Nalebuff

တွေးခြင်းမဟာဗျူဟာများ (၁) - ကျော်ဇောခိုင် (စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၆ ၊ အောက်တိုဘာ ၊ ၂၀၀၆)

ပုံပြင် (၇) အိမ်ထောင်မှုဘုရားတည်

ဒီခေါင်းစဉ်မှာ ခင်ဗျားအိပ်ချင်ပြေသွားတယ်ဆိုရင်ဖြင့် ဘုရားတည်ချင်လို့တော့ ဟုတ်ဟန်မတူဘူး ထင်ပါတယ်။ ခေါင်းစဉ်မှာ ကတည်းက ဘာကိုရည်ရွယ်မယ်ဆိုတာ သိပ်ပြောစရာမလိုတော့ဘူးလို့လည်း ယူဆပါတယ်။ လူတစ်ယောက်အတွက် အခြေ အနေ တစ်ခုထဲ နက်နက်ရှိုင်းရိုင်း တိုးဝင်မိသွားပြီဆိုရင် ပြန်ထွက်ရခက်တတ်တယ်မို့လား။ အလုပ်တစ်ခုမှာ အဆင်ပြေနေရင်၊ ဒေသတစ်ခုမှာ အခြေကျနေရင်၊ ကွန်ပျူတာစနစ်တစ်ခုမှာ ယဉ်ပါးပြီးသား ဖြစ်နေရင်၊ နေရင် ... နောက်တစ်ခုကို ပြောင်းရတာ ခက်သွားပါပြီ။ ဒီဖြစ်တတ်တဲ့ သဘာဝပေါ်မှာ အခြေခံပြီး ကုမ္ပဏီတွေဟာ ကနဦးလစာတွေကို ကောင်းကောင်းပေးမယ်။ ခင်ဗျားဟာ အဲဒီအလုပ်မှာ အခြေကျပြီလို့ယူဆရင် နှစ်တိုးလစာငွေကို သိပ်မမျှော်လင့်နဲ့တော့။ ခင်ဗျားလွယ်လွယ်နဲ့ မလစ်တော့ဘူးလို့ သိသွားတော့ နှစ်တိုးဟာ ပေးတယ်ဆိုရုံပဲပေးတော့မယ်။ များသောအားဖြင့် ကုမ္ပဏီကြီးတွေဟာ နိုင်ငံတွင်းမှာရော၊ ကမ္ဘာအနှံ့မှာပါ ကုမ္ပဏီခွဲတွေ ရှိကြပေမယ့် ၀န်ထမ်းတချို့ဟာ သူတို့ဒေသလေးတွေမှာပဲ အခြေကျပြီး အခြားနေရာဒေသတွေမှာ ပြောင်းပြီး မလုပ်ချင်ကြတော့ဘူး။ ဒါကို ကုမ္ပဏီက သိသွားရင် ဒီအပေါ်မှာ အခွင့်ကောင်းယူပြီး အခြားခံစားခွင့်နဲ့ အခွင့်အရေးတွေကို မပေးဘဲ ထားတတ်ကြတယ်။//ကျွန်တော့်အမြင်ကတော့ ၀န်ထမ်းတွေရဲ့ အရေးပါအရာရောက်မှု၊ အသုံးဝင်မှု၊ လုပ်ငန်းခွင်ကျေနပ်မှု မရှိရင် ဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက်မှုတွေကို အမှန်တကယ်တွက်တတ်တဲ့ ကုမ္ပဏီတွေမှာတော့ ဒီလို ညစ်တီးညစ်ပတ် လုပ်မယ်မထင်ပါဘူး-Blogger's Remark//

ကွန်ပျူတာ ကုမ္ပဏီတွေဟာ သူတို့ CPU တွေကို ဈေးပေါပေါနဲ့ ရောင်းပြီးနောက်ပိုင်းမှာ အပိုပစ္စည်းတွေကို ဈေးမြင့်မြင့်နဲ့ ရောင်းမယ်။ လေကြောင်းကုမ္ပဏီတွေဟာ အသင်းဝင်ကတ်တွေ လုပ်ခိုင်းမယ်။ အသင်းဝင်တွေဟာ သူတို့စီးနေတဲ့ မိုင်နှုန်းများလာရင် အပန်းဖြေခရီးတွေ စီစဉ်ပေးမယ်ဆိုတဲ့ မက်လုံးတွေရှိတယ်။ လေဆိပ်တွေမှာ သက်တောင့်သက်သာ နားနေခန်းတွေ ဖန်တီးပေးမယ်။//ဒီလိုမျိုး ရေရှည်အကျိုးအမြတ်ကို မျှော်ပြီး ကနဦးဈေးနှုန်းတွေ လျှော့ချတတ်တဲ့ ကုမ္ပဏီတွေအကြောင်းတော့ကြားဖူးပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ဆီမှာက ဌာနဆိုင်ရာ Tender တွေက ဈေးနှုန်း အသက်သာဆုံးကို ရွေးတတ်တာကိုးခင်ဗျ။ အဲ...ပြီးတော့မှ Supplier ကုမ္ပဏီက နောက်ပိုင်း Refill လုပ်ရမယ့် ပစ္စည်းတို့၊ Spare Part တို့ကို ဈေးကြီးကြီးနဲ့ ရေရှည် ရောင်းစားတတ်တာမျိုးလည်းကြားဖူးပါတယ်ခင်ဗျ-Blogger's Remark//

မူးယစ်ဆေးရောင်းဝယ်တဲ့သူတွေက ချာတိတ်တွေကို အလကားစမ်းသုံးခိုင်းတာလည်း ဒီသဘောတရားပဲမဟုတ်လား။ ကျွန်တော်တို့ဟာ အခြေခံ သဘောတရားတွေ အတော်များများကို သိထားကြပြီးသားပါ။ ကျွန်တော့်ရည်ရွယ်ချက်က အချက်အလက်သစ်တွေ၊ စိတ်ကူးအယူအဆသစ်တွေ၊ ပေးချင်တာလည်း ပါတယ်ဆိုပေမယ့် တကယ်တမ်း ကျွန်တော်တို့ သိပြီးသား အချက်အလက်နဲ့ နည်းစနစ်တွေကို ကျွန်တော်တို့ တွေးတဲ့ အခါ၊ ဆုံးဖြတ်တဲ့အခါ စနစ်တကျ အသုံးချစေချင်တာက ပိုများပါတယ်။//ဒီအချက်ကိုတော့ တော်တော်လေးသဘောကျမိတယ်ခင်ဗျ။ ကျွန်တော်တို့က အချက်အလက်သစ်တွေ ကို လိုက်ရှာပြီး အဲဒါတွေက ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေရဲ့ ရှေ့ဆုံးမှာ ပိတ်ခံ နေတတ်ပါတယ်။ တကယ်က ကျွန်တော်တို့ သင်ယူပြီးသမျှ၊ တွေ့ကြုံပြီးသမျှ သင်ခန်းစာနဲ့ အတွေ့အကြုံတွေ ကိုတောင် ကျွန်တော်တို့ အပြည့်အ၀အသုံးချရသေးတာမဟုတ်ပါဘူးခင်ဗျ-Blogger's Remark//