Thursday, March 15, 2007

ကျွန်တော်ဖတ်ရသော Game Theory (၆)

Thinking Strategically (The Competitive Edge in Business, Politics and Everday Life) By Avinash Dixit And Barry J. Nalebuff

တွေးခြင်းမဟာဗျူဟာများ (၁) - ကျော်ဇောခိုင် (စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၆ ၊ အောက်တိုဘာ ၊ ၂၀၀၆)

ပုံပြင် (၆) တစ်တောလုံးမြင်၊ တစ်ပင်ချင်းသိ

နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်ကြတဲ့အခါ အစိုးရတွေဟာ ကိုယ့်နိုင်ငံတွင်းမှာ ရှိကြတဲ့ လုပ်ငန်းရှင်၊ အလုပ်သမား၊ နိုင်ငံပိုင်တက်မှုလုပ်ငန်းတွေကို ထိခိုက်နစ်နာမှုမရှိရလေအောင် ပုံမှန်မှာ အခွန်ကောက်တွေနဲ့တားပြီး သွင်းကုန်တွေကို ကန့်သတ်ကြတယ်။ နည်းနည်းရှင်းအောင်ပြောရရင် နိုင်ငံခြားကသွင်းတဲ့ ပစ္စည်းက ပြည်တွင်းကထုတ်တဲ့ အမျိုးအစားတူးပစ္စည်းထက် ဈေးသက်သာနေရင် ပြည်တွင်းကလုပ်ငန်းကို ထိခိုက်မယ်။ လုပ်ငန်းပျက်ရင် လုပ်ငန်းမှာ မှီခိုနေတဲ့ အလုပ်သမားတွေ အလုက်လက်မဲ့ဖြစ်မယ်။ ဒီတော့နိုင်ငံခြားပစ္စည်းကို အခွန်ပိုကောက်ပြီး ဈေးမြင့်အောင်လုပ်တယ်။ ဒါမှမဟုတ် သွင်းကုန်အရေအတွက်ကို ကန့်သတ်ထားမယ်။ ဒီနေရာမှာ ဈေးပေါတဲ့ သွင်းကုန်ကို လွှတ်ပေးပြီးပြည်သူလူထု သက်သာချောင်ချိရေးကို ဦးစားပေးမလား၊ ဒါမှမဟုတ် သွင်းကုန်ပေါ်မှာ အတားအဆီး တစ်ခုခုသတ်မှတ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းကိုပဲ ကာကွယ်ပေးမလားဆိုတာကို စီးပွားရေးပညာရှင်တွေက တွက်ချက်လေ့လာ ကြည့်ရ ပါတယ်။ အဓိကမှာတော့ စက်မှုလုပ်ငန်းကြီးတွေကို ဦးစားပေးပြီး လေ့လာကြည့်ကြတယ်။ နမူနာအနေနဲ့ အလုပ်သမားတစ်သောင်းနဲ့ လည်ပတ်နေတဲ့ ရှူးဖိနပ်ထုတ်တဲ့ လုပ်ငန်းတစ်ခုကို လေ့လာကြရအောင်။ ပညာရှင်ရဲ့ ခန့်မှန်းချက်အရ အလုပ်တစ်ခုကို ကာကွယ်မယ်ဆိုရင် တစ်သိန်းကျမယ်ဆိုပါဆို့။ ဒါဟာ လုပ်ငန်းတစ်ခုလုံးကို ကာကွယ်ဖို့အတွက် ၁ ဘီလီယံကျမယ်ဆိုတဲ့သဘောပါ။ တစ်နည်းပြောရရင် စားသုံးသူလူထုကြီးတစ်ခုလုံးက မျှခံကြရမယ့် ငွေပမာဏဟာ ၁ ဘီလီယံလို့ ပြောတဲ့သဘောပါပဲ။ လိုရင်းကို တိုက်ရိုက်ပြောရရင် ပြည်သူတစ်ဦး ဟာရှူးဖိနပ်လုပ်ငန်းတစ်ခုကို ကာကွယ်ဖို့အတွက် ငွေ (၄)ဒေါ်လာ ပေးရတယ်ပေါ့။ (အမေရိကားမှာ လူဦးရေ သန်း ၂၅၀ လောက်ရှိချိန်က စာရင်းဇယားလို့ ယူဆပါတယ်။) သူတို့ဆီမှာ ရေသန့်တစ်ဘူးဖိုးလောက်ပဲ ရှိတာပါ။ ခင်ဗျားဆို တစ်ခါမှ မမြင်ဘူးတဲ့ အလုပ်သမားတစ်သောင်းဖြစ်ဦးတော့ ကိစ္စမရှိဘူး။ ပေးမယ်လို့ပဲ ပြောမှာ မဟုတ်လား။ ဒါပေမယ့် ဒီကိစ္စဟာ ဖိနပ်မှာတင် ရပ်သွားဘဲ အထည်အလိပ်လုပ်ငန်း၊ စတီးလုပ်ငန်း၊ မော်တော်ကား လုပ်ငန်းတွေမှာပါ ဖြစ်လာပြီဆိုရင်တော့ စားသုံးသူတစ်ယောက်ဟာ ဒေါ်လာ ၂၀၀ လောက်ပိုပေးကြရတော့မယ်။ လူငါးယောက်ရှိတဲ့ အိမ်တစ်အိမ်ဟာ တစ်လကို ဒေါ်လာ တစ်ထောင်ပိုကုန်နေပြီပေါ့။ ဒီအချက်ဟာ ချမ်းသာတဲ့ စက်မှုနိုင်ငံကြီးတွေအတွက် ဈေးပေါတဲ့ သွင်းကုန်တွေဟာ အဆီတ၀င်းဝင်း၊ သဲတရှပ်ရှပ်ဖြစ်စေတဲ့ အချက်ပါပဲ။

မူရင်းစာအုပ်မှာတော့ နောက်ထပ်နမူနာ ၂ခု ပေးထားပါသေးတယ်။ ပထမတစ်ခုက 1985-86 က အမေရိကားမှာ ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားရင်း ပြန်ရုပ်သိမ်းလိုက်ရတဲ့ အကြောင်းနဲ့ ဒုတိယတစ်ခုက လွှတ်တော်ရဲ့ ဘတ်ဂျက်မူကြမ်းတွေအပေါ်မှာ သမ္မတရဲ့ ဗီတိုအာဏာသုံးခွင့်ကို ခွင့်မပြုတဲ့ အကြောင်းပါ။ ဒုတိယအကြောင်းကိုတော့ နည်းနည်းရှင်းချင်ပါတယ်။ လွှတ်တော်က သမ္မတဆီကို ကျောင်းတွေမှာ နေ့လယ်စာ ကျွေးဖို့နဲ့အာကာသယာဉ်အသစ်တစ်စီး ဆောက်ဖို့ကိစ္စ။ ဒီဥပဒေကြမ်း ၂ ခုကို တင်ပြီဆိုပါဆို့။ သမ္မတဟာ ဒီ ၂ ခုစလုံးကို ခွင့်ပြုရင်ပြု၊ မဟုတ်ရင် ငြင်းပယ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် တစ်ခုကို လက်ခံပြီး တစ်ခုကို ငြင်းပယ်တယ်ဆိုတာမျိုးတော့ လုပ်ခွင့်မရှိပါဘူး။ ကလင်တန်လက်ထက်မှာ ဒီ ဗီတိုသုံးခွင့်ရသွားလို့ ကလင်တန်ဟာ အမေရိကန်သမ္မတတွေထဲမှာ ပထက်မဆုံး ဒီဗီတိုသုံးခွင့်ရသွားတဲ့ သုံးသွားခဲ့တဲ့ သမ္မတဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီအချက်ဟာ သူတို့ရဲ့ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ပြန်ပြီးပယ်ဖျက်ပေးခဲ့ရပါတယ်။ အင်္ဂလိပ်လို Line Item Veto လို့ခေါ်ပါတယ်။ မဆီမဆိုင် ဥပဒေကိစ္စတွေ လျှောက်ပြောနေတယ်လို့လည်း အပြစ်မမြင်စေချင်ပါဘူး။ ဖြစ်ရပ်ကြီးတစ်ခုလုံး နားလည်အောင် မကြိုးစားဘဲ ကိုယ်လိုချင်တဲ့ တစ်ခုချင်းစီအပေါ်မှာ ကွက်လိုက်နေရင် အမှားအယွင်းတွေ ကြီးလာမှာကို သတိပေးထားတာ ပိုပြီးထင်ရှားစေချင်လို့ပါ။