Saturday, March 10, 2007

ကျွန်တော်ဖတ်ရသော Game Theory (၄)

Thinking Strategically (The Competitive Edge in Business, Politics and Everday Life) By Avinash Dixit And Barry J. Nalebuff

တွေးခြင်းမဟာဗျူဟာများ (၁) - ကျော်ဇောခိုင် (စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၆ ၊ အောက်တိုဘာ ၊ ၂၀၀၆)

ပုံပြင် (၄) ဘူးဆိုရင် ဖရုံမသီး

ပုံပြင်တွေဟာ စီးပွားရေး၊ နိုင်ငံရေး၊ အားကစား စတဲ့ ယှဉ်ပြိုင်မှုတွေမှာတင် ရပ်နေသလားဆိုရင် မဟုတ်ဘူးလို့ ပြောရမှာပဲ။ အခုပုံပြင်ဟာ ဘာသာရေးနဲ့ နည်းနည်းဆက်စပ်မှု ရှိနေပါတယ်။ ကက်သလစ်ဘုရားကျောင်းက မာတင်လူသာကို ပုပ်ရဟန်းမင်းနဲ့ သူ့ကောင်စီကို တိုက်ခိုက်လို့ တောင်းပန်ခိုင်းတဲ့ ဇာတ်လမ်းပါ။ မာတင်လူသာရဲ့ ဒီအငြင်းကို ကျွန်တော်တို့ နားထောင်ကြည့်ရအောင်။ "ကျွန်တော့် အယူအဆကို လုံးဝပြောင်းမပေးနိုင်ပါ။ ကိုယ့်အသိဥာဏ်နဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ရတာ မှန်လည်းမမှန်သလို လုံခြုံမှုလည်းမရှိပါ။" သူမမှန်ဘူးထင်တဲ့ဘက်မှာ ရပ်တည်ရတာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိဘူးဆိုတဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်။ မပြီးသေးဘူးဗျ။ "ကျွန်တော် ဒီအယူအဆမှာ စွဲမြဲတယ်။ တခြားဘာကိုမှ လက်မခံ" လို့ထပ်ဆိုတယ်။ သူ့ရဲ့ဒီစကားဟာ ကျောင်းတော်ကိုကျော်ပြီး သံကန့်လန့်ကာရဲ့ တခြားတစ်ဘက်ကို ရောက်သွားခဲ့တယ်။ အရင်က အရှေ့ဂျာမနီထုတ် ကားတစ်စီးရဲ့ နာမည်ကို လူသာလို့ နာမည်ပြောင်ပေးကြတယ်။ ဒီမှာပဲ ရပ်တယ်၊ ဘယ်မှ မရွေ့ဆိုတဲ့သဘောပေါ့။
..................

တစ်ဘက်သတ်ပိတ်ထားတဲ့ အယူအဆတွေဟာ တစ်ဘက်ကပြန်လာမယ့် လက်ခံဖွယ်ကမ်းလှမ်းချက်တွေကို ဆုံးရှုံး ရတတ်ပါတယ်။

လက်တွေ့မှာလည်း ဒီအယူအဆဟာ အချက်၂ ချက်ကြောင့် အပြောလွယ်ပြီး အလုပ်မတွင် တတ်ပါဘူး။ ပထမအချက်က ဒီကနေ့ စားပွဲဝိုင်းဆွေးနွေးပွဲတွေဟာ အလျော့အတင်း အမြဲလုပ်နေရတာဖြစ်လို့ ကိုယ်က မတရား အသာစီးရခဲ့မယ် ဆိုရင်လည်း၊ နောက်တစ်ကြိမ်တွေမှာ အခုတစ်ကြိမ်က အရှုံးကိုပါ ထေမိအောင် ပြိုင်ဘက်တွေက ကြိုးစားလာနိုင်ပါတယ်။ နှစ်ဦးနှစ်ဘက်အကြား ဆက်ဆံရေး ပျက်ပြားစေပါတယ်။ လတ်တလော ညှိနှိုင်းပြေလည်တာဟာ ရေရှည်အကျိုးစီးပွားအတွက် ဗျုဟာကောင်းတစ်ခု ချမှတ်နိုင်ဖို့လည်း အထောက်အကူပြုပါတယ်။ ဒုတိယအချက်က လူတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးပါ။ ဘူးဆိုရင် ဖရုံမသီးဘူးဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးဟာ မီးခလုတ်ကို ခုချက်ချင်း ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ယူလို့ ရတာမျိုးမဟုတ်ပါဘူး။ ဒီပုံစံကိုသုံးပြီး အနိုင်ရစေတဲ့ လတ်တလော အခြေအနေတစ်ခုဟာ ရေရှည်မှာ ပျက်စီးဖို့ရဲ့ အစလည်း ဖြစ်နေတတ်ပါတယ်။

ဖာဒီနန် ဒါးလက်ဆက်(ပ်) ဆိုတာ အရမ်းတော်တဲ့ အင်ဂျင်နီယာ တစ်ယောက်ပါ။ စူးအက်တူးမြောင်းဖောက်ပြီး ကမ္ဘာကျော်ခဲ့ပါတယ်။ ဒီပုံစံနဲ့ ပနားမားတူးမြောင်းဖောက်ဖို့ ဆက်ကြိုးစားတာ မအောင်မြင်ခဲ့ဘူး။ နိုင်းမြစ်ရဲ့ သဲမြေတွေမှာ သူ အဆင်ပြေခဲ့ပေမယ့် ပနားမားရဲ့ တောနက်ကြီးထဲမှာ သူလက်လျှော့ခဲ့ရပါတယ်။ အခြား ပင်လယ်ရေမျက်နာပြင် အနိမ့်အမြင့် စတဲ့ အချက်တွေလည်း ရှိတာပေါ့ဗျာ။

ချုပ်ရရင် ဒီအယူအဆနဲ့ တစ်ပွဲကောင်း ဘယ်လိုပုံစံမျိုး အနိုင်ကစားမလဲ ဆိုတာတော့ ပုံသေ မပြောနိုင်ဘူးပေါ့။ နောက်ပိုင်းမှာ ကျွန်တော်တို့ ထပ်တွေ့ရပါလိမ့်ဦးမယ်။

//ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ စကားလို့ ထင်ပါတယ်။ ကျွန်တော်အတိအကျတော့ မမှတ်မိပါ။ ဘာလဲဆိုတော့ "လူတစ်ယောက်ဟာ မွေးတဲ့အချိန်ကစလို့ သေတဲ့ အချိန်အထိ အယူအဆတစ်ခုထဲကိုပဲ မပြောင်းမလဲ ဆုပ်ကိုင်သွားမယ်ဆိုရင် ဒီလူလောက် လူဖြစ်ရှုံးတာမရှိတော့ဘူး" ဆိုတဲ့ အဓိပ္ပယ်မျိုးပါ။ လောလောဆယ်တော့ ငါမှငါ၊ ငါပြောတာမှ မှန်တယ်။ ဆိုတဲ့ လူတစ်ယောက်ကြောင့် စိတ်တော်တော်ညစ် နေတယ်ဗျာ။ စိတ်ကို ဖွင့်ထားတာမျိုး လုံးဝမရှိဘူး။ Metallica ရဲ့ "Open mind for a different views" ဆိုတဲ့ သီချင်းစာသားလေးကို ကျွန်တော် တော်တော်ကြိုက်ပါတယ်။ ကြုံလို့ ပြောရရင် ကျွန်တော်ကို သွန်သင်ဆုံးမခဲ့တဲ့၊ အယူအဆ၊ အတွေးအခေါ်အသစ်တွေ အများကြီး လမ်းဖွင့်ပေး ခဲ့တဲ့ ဆရာသမားတွေထဲမှာ သီချင်းတွေက ထိပ်ဆုံးမှာ ပါတယ်ဗျ။ နောက်မှ သီချင်းလေးတွေလည်း တင်ဦးမယ်ဗျာ။ Blogger's remark//