Friday, March 9, 2007

ကျွန်တော်ဖတ်ရသော Game Theory (၂)

Thinking Strategically (The Competitive Edge in Business, Politics and Everday Life) By Avinash Dixit And Barry J. Nalebuff

တွေးခြင်းမဟာဗျူဟာများ (၁) - ကျော်ဇောခိုင် (စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၆ ၊ အောက်တိုဘာ ၊ ၂၀၀၆)

ပုံပြင် (၂) ရှေ့ကသွားမလား၊ နောက်ကလိုက်မလား

ဒီပုံပြင်မစခင် တစ်ခုကြိုပြောချင်တာက စာရေးဆရာတွေဟာ အမေရိကားကမို့ ကျွန်တော်လည်း သူတို့ နမူနာပေးတဲ့ကစားပွဲတွေကို ကိုးကားရတာ နားလည်စေချင်ပါတယ်။ အသေအချာ ပြန်ဆင်ခြင်ကြည့်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က အဖြစ်အပျက်တွေ (ကစားပွဲတွေနဲ့) ပြန်ပြီးချိန်ထိုး ကြည့်နိုင်ပါလိမ့်မယ်။ ပုံပြင် (၂) ဟာ ၁၉၈၃ အမေရိကား ရွက်လှေဖလားရဲ့ နောက်ဆုံးဗိုလ်လုပွဲအကြောင်းပါ။ (၇) ပွဲ ကစားရတဲ့ ပြိုင်ပွဲမှာ ဒီပွဲဟာ (၅) ပွဲမြောက်၊ ဒင်းနစ်ကောနားရဲ့ လီဘာတီ အသင်းက ဂျွန်ဘာထရန်ရဲ့ သြစတြေးလျ (၂) အသင်းကို ၃ ပွဲ ၁ ပွဲ နဲ့ ဦးဆောင်နေတဲ့ အချိန်ပေါ့။ တာထွက်တော့ အနိုင်ရနေတဲ့ လီဘာတီအသင်းဟာ ၃၇ စက္ကန့် စောထွက်နိုင်ခဲ့တယ်။ နောက်က လိုက်နေတဲ့ ဂျွန်ဘာထရန်ဟာ သူ့လှေကို လေကြောင်းသာမယ့် ဘယ်ဘက်လမ်းကြောကို ရွေးလိုက်တယ်။ ဒင်းနစ်ကတော့ မူလ လမ်းကြောကပဲ ဦးဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် သြစတေးလျ (၂) ဟာ အဲဒီပွဲကို ၁ မိနစ် ၄၇ စက္ကန့် နဲ့ အနိုင်ရခဲ့တယ်။ လီဘာတီရဲ့ ဒင်းနစ်ကို ပြိုင်ဘက်နဲ့ လေကြောင်းအတူယူပြီး တာထွက်စောတဲ့ ၃၇ စက္ကန့်အသာစီးနဲ့ ပြိုင်ပွဲကို အနိုင်ယူဖို့ မကြိုးစားခဲ့လို့ သူ့ရဲ့ ဗျူဟာအပေါ် ဝေဖန်ခံခဲ့ရတယ်။ နောက် ၂ ပွဲအပြီးမှာ ဂျွန်ဘာထရန်ရဲ့ သြစတြေးလျ (၂) ဟာ ချန်ပီယံ ဖြစ်သွားခဲ့တယ်။

သင်ခန်းစာကတော့ ခင်ဗျား အသာစီးရနေတဲ့ အချို့ပြိုင်ပွဲတွေမှာ နောက်က ယှဉ်ပြိုင်သူတွေနဲ့ လမ်းကြောင်းတူ အရှိန်တူ ပြေးနိုင်ရင် ခင်ဗျားကို သူကကျော်တက်ဖို့ မလွယ်ဘူးဆိုတာပါပဲ။ ဒီသဘောတရားကို အခြားစီးပွားရေးဈေးကွက်တွေမှာလည်း တွေ့နိုင်ပါတယ်။ ခင်ဗျားက ဈေးချိုလို့ ရန်ကုန် ဆင်ခြေဖုံးမှာ မြေကွက် တစ်ကွက် (၁၀) သိန်းနဲ့ ၀ယ်ထားမယ်။ အခြေအနေကောင်းပြီး အဲဒီအကွက်က သိန်း ၁၀၀ ဖြစ်လာတယ်။ အဲဒီ အချိန်ကျမှ မြေဈေးကွက်ထဲ ၀င်လာတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဟာ ခင်ဗျားမြေကွက်ကို သိန်း ၁၀၀ လက်ရှိပေါက်ဈေးနဲ့ဝယ်ပြီး နောက်ထပ်အတက်ကို မျှော်မယ့်အစား အခြားတစ်နေရာက ဈေးပေါတဲ့ မြေကွက်တွေကို ၀ယ်ပြီး ရင်းနှီးမြှုပ်နှံဖို့ ပိုပြီးအားသန်မှာပဲ။ ကမ္ဘာ့ကွန်ပျူတာ ဈေးကွက်မှာလည်း အိုင်ဘီအမ်က ဦးဆောင်နေသူပါ။ ဈေးကွက်ထဲသူ့ရဲ့ စံတွေ အသားကျလာတဲ့အခါ အသစ်အဆန်း တီထွင်ဖန်တီးမှုတွေကို အများကြီးမလုပ်ဘဲ ရှိပြီးသား ဈေးကွက်အသာရမှုကို ဆက်ထိန်းထားဖို့ပဲ ကြိုးစားနေချိန်မှာ ဆန့်ကျင်ဘက်အနေနဲ့ Apple တို့၊ Sun တို့နဲ့ အခြားအားယူစကုမ္ပဏီတွေက အသစ်အဆန်းတီထွင်မှုတွေနဲ့ ဈေးကွက်ထဲက အိုင်ဘီအမ်ရဲ့ အချို့ဝေစုတွေကို ခွဲယူဖို့ ကြိုးစားနေရတယ်မို့လား။

//ဒီပုံပြင်လေး ဖတ်ပြီးတော့ ကျွန်တော်သတိရမိတာကတော့ ဘုရားအလောင်းတော်နဲ့ လှည်းသား ၅၀၀ အကြောင်းပါ။ ရှေ့ကသွားတဲ့ လှည်းသား ၅၀၀ လုံး ဘီလူးစားခံရပြီး နောက်ကလိုက်တဲ့ ဘုရားအလောင်းတော်တို့ လှည်းသား ၅၀၀ ကတော့ အောင်အောင်မြင်မြင်နဲ့ ကုန်စည်တွေရောင်းချနိုင်ခဲ့တဲ့အကြောင်းပါ။ ကျွန်တော့်အမြင်ကတော့ "ဒီကွေ့ရောက်ရင်ဒီတက်နဲ့ လှော် ဟိုကွေ့ ရောက်ရင် ဟိုတက်နဲ့လှော်ပါ။" အားလုံးကို Plan ချထားရမယ်။ ဒါပေမယ့် အဲဒီ Plan ကလည်း Flexible ဖြစ်ရမယ်။ ဘာကိုပဲဖြစ်ဖြစ် လှေနံဓါးထစ် သတ်မှတ်ထားတာမျိုးကို တော့ အကောင်းဆုံး Plan လို့မထင်ပါဘူးခင်ဗျာ။Blogger's Remark//