Wednesday, March 7, 2007

ကျွန်တော်ဖတ်ရသော Game Theory (၁)

Thinking Strategically (The Competitive Edge in Business, Politics and Everday Life) By Avinash Dixit And Barry J. Nalebuff

တွေးခြင်းမဟာဗျူဟာများ (၁) - ကျော်ဇောခိုင် (စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၆ ၊ အောက်တိုဘာ ၊ ၂၀၀၆)

လူ့အဖွဲ့ အစည်းထဲ ကျွန်တော်တို့ ဘယ်လို ပြုမူနေထိုင်သင့်သလဲ။ မဟာဗျူဟာမြောက်တဲ့ အမူအကျင့်ဆိုတာ ဘာလဲ ဆိုပြီး နိဒါန်းမှာတင် မေးခွန်းတွေနဲ့ စ ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဖြေတွေဟာ ကျင့်ဝတ်ပိုင်းနဲ့ မသက်ဆိုင်ဘူးလို့လည်း ဆိုပါတယ်။ //ဟုတ်ပါတယ်၊ လူ့အဖွဲ့အစည်း Game ကြီးထဲမှာ အောင်နိုင်ဖို့အတွက် လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ မကြည့်ပဲ Game အောင်နိုင်ဖို့အတွက် မဟာဗျူဟာမြောက် ရှုထောင့်တွေကနေ ရေးထား တာတွေပါ-Blogger's remark//

ခင်ဗျားဘ၀မှာ ဆုံးဖြတ်ချက်တိုင်းကို တစ်ယောက်တည်း ချခဲ့တာလား၊ ဟုတ်တယ်ဆိုရင် ကျွန်တော်တို့ တစ်ဆင့်တက်ကြည့်ရအောင်။ အဲဒီ ဆုံးဖြတ်ချက်တွေအတွက် ပတ်ဝန်းကျင်အခြေအနေ၊ ခေတ်ရဲ့ ညွတ်ချက်၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ဝေဖန်အကြံပြုချက်တွေ လုံးလုံး မပါဘူးလား၊ ဟုတ်တယ်လို့ ဆက်ဖြေလိမ့်မယ်လို့ ကျွန်တော်မထင်မိဘူး။ ဆုံးဖြတ်ချက်တွေမှာ အပြန်အလှန် ဆက်စပ်မှုတွေ ရှိနေပါတယ်။ ဒီတော့ ကိုယ်ဖြစ်ချင်တာနဲ့ အခြားသူတစ်ယောက်ရဲ့ ဆန္ဒ ဆိုပါစို့ရဲ့။ အကျိုးစီးပွားချင်း ဆန့်ကျင်လာတာဖြစ်လာရင် ခင်ဗျားလုပ်ချင်တာနဲ့ ပတ်သတ်ပြီး အစီအစဉ်တွေချဖို့ လိုလာပါတယ်။ ဒါကို မဟာဗျူဟာ လို့ ခေါ်ကြရအောင်။ ခင်ဗျားရဲ့အတွေးတွေကို လုပ်ဆောင်ချက်ဖြစ်လာစေမယ့် မဟာဗျူဟာအစီအမံတွေ ကောင်းဖို့ ဒီသီအိုရီက အထောက်အကူဖြစ်စေမယ်လို့ စာရေးသူတွေက ဆိုပါတယ်။ ဒါပေမယ့် သီအိုရီက ရမယ့် စဉ်းစားပုံနဲ့ လက်တွေ့ဖြစ်ရပ်တစ်ခုချင်းစီရဲ့ သီးခြားသဘာဝတွေကို ပေါင်းစပ်ပြီး အဖြေရှာပါလို့လည်း ထပ်အကြံပြုထားပါတယ်။......

ပုံပြင် (၁) ပစ်မလွဲ

ခင်ဗျားလည်းဘတ်စကက်ဘောကစားပွဲတွေ ကြည့်ဖူးမှာပါ။ ကစားသမားတွေဟာ ပစ်လိုက်ရင် စွပ်ခနဲပဲဗျာ။ ဘောလုံးဟာ ဂိုးပေါက်လေးကနေ လွဲတယ်ရယ်လို့မှ မရှိသလောက်ပဲ။ တကယ်ထူးချွန်တဲ့သူတွေက ဘယ်တော့မှ မလွဲဘူးလို့ ပွဲကြေညာသူတွေက ဆိုကြတယ်။ ဒီအချက်ကို စိတ်ပညာဆရာတွေက သံသယရှိကြတယ်။ သူတို့က ဘာပြောသလဲဆိုတော့ ခင်ဗျားပိုက်ဆံတစ်စေ့ကို ခေါင်းပန်းအကြာကြီး လှန်ကြည့်မယ်ဆိုရင် ခေါင်း ဆက်တိုက်ကျတဲ့ အကြိမ်အရေအတွက် အများကြီး တွေ့ရမယ်တဲ့။ သူတို့ ပြောချင်တာက အားကစားပွဲကြေညာသူတွေဟာ ကစားသမားတွေရဲ့ ဂိုးသွင်းတဲ့ အကြိမ်ပေါင်းများစွာထဲက ဂိုးဆက်တိုက်ဝင်တဲ့ (ခေါင်းပန်းလှန်ရင် ခေါင်းဆက်တိုက်ကျတဲ့) ဖြစ်ရပ်ကို တွေ့ရတာမျိုးလို့ ကောက်ချက်ချပါတယ်။ ......

ကစားသမားတစ်ယောက်ဟာ ပထမတစ်ကြိမ် ပစ်လိုက်လို့ လွဲသွားရင် နောက်တစ်ကြိမ်မှာ ထပ်ပစ်ဖို့ ကြိုးစားကြပြီး၊ ပထမအကြိမ် ဂိုးဝင်သွားတဲ့ ကစားသမားဟာ နောက်တစ်ကြိမ်မှာ လူပေးကစားဖို့ အားသန်တာကို သတိထားမိကြတယ်။ ဒီကိစ္စကို ဂိမ်းသီအိုရီနဲ့ ချဉ်းကပ်ကြည့်မယ်ဆိုရင် အချက်အလက်နဲ့ အသေအချာစိစစ်ထားတဲ့ ပစ်မလွဲအယူအဆ မမှန်ဘူးဆိုတာကို ဂိမ်းသီအိုရီက လက်ခံတယ်ဆိုပေမယ့် မတူညီတဲ့ ကောက်ချက်တစ်ခုကို တွေ့ရမှာပါ။ ဘာလဲဆိုတော့ ထူးချွန်တဲ့ ကစားသမားကို တစ်ဘက်အသင်းက ၀ိုင်းပြီး အာရုံစိုက် နေချိန်မှာ ပြိုင်ပွဲကို အနိုင်ရဖို့ ဘယ်လို မဟာဗျူဟာ ချမယ်ဆိုတာပါပဲ။ 1986 ကမ္ဘာ့ဖလားပွဲမှာ အာဂျင်တီးနားက ဂျာမနီကို သွင်းပြီးနိုင်ခဲ့တဲ့ ၂ ဂိုးလုံးဟာ ဂျာမနီနောက်တန်းအစွန်တွေကို မာရာဒိုနာ ချပေးခဲ့တဲ့ ဘောလုံးတွေပါ။ ဒါကြောင့်မို့ ရေခဲပြင်ဟော်ကီ ကစားပွဲမှာ တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်ကို သွင်းဂိုးနဲ့မဆုံးဖြတ်ဘဲ ဂိုးသွင်းဖို့ ဖန်တီးနိုင်တဲ့ အခြေအနေတွေကိုပါ ထည့်သွင်း စဉ်းစားစေခဲ့တယ်လို့ ဆိုပါတယ်။

ခင်ဗျားဟာ တင်းနစ်ကစားသမားတစ်ဦး လို့ ယူဆကြည့်ရအောင်။ ခင်ဗျားရဲ့ လက်ပြန်ရိုက်ချက်တွေဟာ အားနည်းနေတယ်ဆိုရင် ပြိုင်ဘက်ဟာ ခင်ဗျားရဲ့ လက်ပြန်ဘက်ကိုပဲ ဘောလုံးကို ပြန်ပေးဖို့ ကြိုးစားလိမ့်မယ်။ ဒီတော့ ခင်ဗျားဟာ ကိုယ့်ရဲ့ လက်ပြန်ရိုက်ချက်တွေ တိုးတက်လာအောင် ပြန်ပြီး လေ့ကျင့်ထားမယ်ဆိုရင် ပြိုင်ဘက်ဟာ ၂ ဘက်စလုံး ကို အလျဉ်းသင့်သလို ပြန်ရိုက်ကစားရတော့မယ်။ ဆိုလိုတာက ခင်ဗျားဟာ ကိုယ်အားသာတဲ့ ရိုက်ချက်တွေ များများသုံးနိုင်ဖို့အတွက် ကိုယ့်အားနည်းချက်ကို ပြုပြင်ရတယ်ဆိုတာပါပဲ။

ပုံပြင် ၉ ပုဒ်တောင်ကျန်သေးတယ်ဗျို့၊ ပုံပြင် ၁၀ ပုဒ်ပြီးမှ ဆောင်းပါးအမှတ် ၁ ပြီးမှာ။ ကျန်တာတွေ ဆက်တင်ပေးသွားပါဦးမယ်ခင်ဗျာ။