Wednesday, March 21, 2007

ကျွန်တော်ဖတ်ရသော Game Theory (၁၀)

Thinking Strategically (The Competitive Edge in Business, Politics and Everday Life) By Avinash Dixit And Barry J. Nalebuff

တွေးခြင်းမဟာဗျူဟာများ (၁) - ကျော်ဇောခိုင် (စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၆ ၊ အောက်တိုဘာ ၊ ၂၀၀၆)

ပုံပြင် (၁၀) ဂိမ်းသီအိုရီသည် သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။

အမေရိကန်စီးပွားရေးပညာရှင် ၂ ယောက်ဟာ ဟိုတယ်ပြန်ဖို့ တက္ကစီတစ်စီးကို တားတယ်။ ကားထဲရောက်ပြီး လိပ်စာပေးလိုက်တော့ ကားသမားက သူတို့နှစ်ယောက်ကို အမေရိကန်တွေမှန်းသိသွားပြီး ဖော်ဖော်ရွေရွေနဲ့ သူ အမေရိကားကို အရမ်းသဘောကျကြောင်း၊ ဒါကြောင့် အမေရိကန်တွေကို မီတာနဲ့ မမောင်းဘဲနဲ့ ဒီထက်သက်သာတဲ့ ဈေးနဲ့
မောင်းပေးပါ့မယ်ဆိုတဲ့အကြောင်း ရွှန်းရွှန်းဝေအောင် ပြောတော့တာပဲ။ အခုမှတွေ့တဲ့လူတွေဗျာ။ ပြီးတော့ မီတာနဲ့ မောင်းရင် ဘယ်လောက်ကျမယ်ဆိုတာ မသိဘဲနဲ့ ဒီထက်ဈေးလျှော့ပေးမယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ ဒီတော့ အမေရိကန် ၂ ယောက်ကလည်း တောင်းတဲ့ဈေးနဲ့ ပေးပါ့မယ်လို့ ကတိမပေးဘဲနဲ့ ဟိုလိုလို ဒီလိုလိုနဲ့ စီးလာကြတယ်။ သူတို့တွက်ကိန်းက ဟိုတယ်ကိုရောက် ကားခအတွက် ဈေးညှိရတာ အထက်စီးက ဖြစ်လိမ့်မယ်လို့ ထင်ထားကြတာပေါ့။ ဟိုတယ်ရောက်တော့ ကားပေါ်ကတောင် မဆင်းရသေးဘူး။ ဇာတ်လမ်းက စပါတော့တယ်။ ဒရိုင်ဘာက ရှာကယ် ၂၅၀၀ (၃ ဒေါ်လာနီးပါး) တောင်းတယ်။ စီးပွားရေးပညာရှင်ပဲဗျာ။ ၂၂၀၀ ပေးမယ်ဆိုပြီး ဈေးညှိလိုက်တယ်။ ကားဆရာက ထပ်ကို အပြောမခံဘူးဗျာ။ ကားတံခါးအားလုံးကို ပိတ်လိုက်ပြီး ကားကို လာလမ်းအတိုင်း တစ်ဟုန်ထိုး မောင်းထွက်သွားပါလေရောဗျာ။ မူလကားငှားခဲ့တဲ့ နေရာရောက်တော့ ကားဆရာက သူ့ခရီးသည် ၂ ယောက်ကို ဆင်းခိုင်းပြီး ရှာကယ် ၂၂၀၀ နဲ့ ဘယ်ရောက်မလဲဆိုတာ ငှားကြည့်ကြဆိုပြီး ထွက်သွားတယ်ဗျာ။ သူတို့နောက် တက္ကစီတစ်စီးထပ်ငှားရတယ်။ ကားသမားက မီတာချိုးပြီး မောင်းပေးပါတယ်။ ဟိုတယ်ပြန်ရောက်တော့ မီတာမှာ ရှာကယ် ၂၂၀၀။ ဒါပေမဲ့ ရှာကယ် ၃၀၀ ဟာ ဒီလောက်အချိန်ကုန်သွားဖို့တော့ မသင့်ပေဘူးလား။

လုပ်ပုံပြင်တွေလို့ မထင်ပါနဲ့ဗျာ။ စီးပွားရေးပညာရှင်နှစ်ယောက်ထဲက တစ်ယောက်ဟာ ဒီစာအုပ်ရေးတဲ့နှစ်ယောက်ထဲက BJ Nalebuff လို့ဆိုပါတယ်။ ကိုယ်တွေ့ဇာတ်လမ်းပဲ ပြောပါတော့။ သူတို့ကပြောပါတယ်။ လူတိုင်း Game Theroy ဖတ်ဖူးတာမဟုတ်၊ နားလည်တာမဟုတ်ပါဘူးတဲ့။ ပြီးတော့ တစ်ခါတစ်ရံမှာ တစ်ဘက်ရဲ့ တုံ့ပြန်ချက်ဟာ ယုတ္တိနည်းလမ်း အမြဲကျနေမယ်လို့လည်း တွက်ဆမထားနိုင်ပါဘူးတဲ့။ မာနတို့၊ မခံချင်စိတ်တို့ စတဲ့လူတစ်ယောက်ရဲ့ ခံစားချက်တွေထဲက ဆင်ခြင်တုံနည်းလမ်းမကျတဲ့ တုံ့ပြန်ပုံတွေကိုလည်း ထည့်သွင်းတွက်ချက်ထားဖို့ လိုပါလိမ့်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကားငှားတဲ့ ကိစ္စမှာတော့ ဆရာသမားများက မမှတ်သေးဘူးဗျ။ တက္ကစီငှားရင် အထဲကို အရင်ဝင်၊ နေရာပြောပြီးမှ ဈေးမေးသတဲ့။ ကားအပြင်က ရပ်မေးတာထက်စာရင် ပိုကောင်းတဲ့ အနေအထားတစ်ခုဆိုပဲ။ ခင်ဗျားသဘောလည်း ပြန်ပြောပါဦးဗျာ။

ပုံပြင် ၁၀ ပုဒ်တော့ ပြီးပါပြီ။ တစ်ခုချင်းစီရဲ့ အခြေခံသဘောတရားတွေကို ကျွန်တော်တို့ သိသင့်သလောက် တီးခေါက်မိသွားပြီမို့ နောက်တစ်ခန်းကို မကူးခင် ပုစ္ဆာလေးတစ်ပုဒ်ကို အဖြေရှာကြည့်ရအောင်။

ကိန်းဘရစ်(ခ်ျ)က ကျောင်းသားတွေရဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုမှာ ကာစီနိုကစားဝိုင်းတစ်ခုကို ထည့်ပေးထားတယ်။ ကျောင်းသား တစ်ယောက်ကို ဒေါ်လာ ၂၀ တန် တုံကင်ပြားကလေးတွေ ပေးပြီး ကံစမ်းခိုင်းတာပေါ့။ နောက်ဆုံးအကြိမ် ကစားအပြီးမှာ အနိုင်ရတဲ့ (ပိုက်ဆံအများဆုံးကျန်နေတဲ့) သူကို နောင်နှစ် နွေကျောင်းပိတ်ရက်မှာ အပန်းဖြေခရီးတစ်ခုကို အခမဲ့ သွားခွင့်ပေးမယ်ဆိုပဲ။ နောက်ဆုံးပွဲမစမီမှာ ရှေ့ဆုံးကပြေးနေတဲ့ ကျောင်းသားနာမည်က ဘယ်ရီတဲ့။ လက်ထဲမှာ ဒေါ်လာ ၇၀၀ တန် တုံကင်တွေနဲ့၊ နောက်ကရှိနေတာက ဒေါ်လာ ၃၀၀ နဲ့ အင်္ဂလိပ်မကလေး ပင်စီ၊ ကျန်တဲ့သူတွေအားလုံးပြိုင်ပွဲက ထွက်သွားရပြီ။ နောက်ဆုံးအလှည့် ကာစီနိုဒိုင်က သူ့စက်ဝိုင်းကြီးကို မလှည့်မှီမှာ အားလုံးက စိတ်ဝင်တစားနဲ့ သူတို့ ၂ ယောက်ကို ကြည့်နေကြတယ်။ အဲဒီမှာ ပင်စီက အပန်းဖြေခရီးစဉ်ကုန်ကျစရိတ်ရဲ့ တစ်ဝက်ကို ပေးမလားဆိုပြီး ဘယ်ရီကို ကမ်းလှမ်းလိုက်တယ်။ ၇၀၀ နဲ့ ၃၀၀ ပေါ့ဗျာ။ ဒီတော့ ဘသားချောကလည်း ၀မ်းနည်းပါတယ်ပေါ့ဗျာ။ ဒါပေမယ့် သူ့မှာ ရှုံးသွားနိုင်ခြေရှိနေတယ်ဗျ။ ဒါကို သဘောပေါက်ဖို့ ကစားနည်းကို နည်းနည်းနားလည်ဖို့ လိုပါတယ်။ ဒီလိုဗျ ကာစီနို စက်ဝိုင်းကြီးမှာ 0 ကနေ 36 အထိ နံပါတ်တွေရှိတယ်။ သုည ကတော့ ဒိုင်စားဗျ။ ထိုးလို့မရဘူး။ ခင်ဗျား 'စုံ' သို့မဟုတ် 'မ' ထိုးရင် ထိုးငွေအတိုင်း ပြန်လျော်မယ်။ ၃၀၀ ထိုးရင် ၃၀၀ လျော်မယ်။ ၃ ရဲ့ ဆတိုးကိန်းကို ထိုးရင် (၃-၆-၉-၁၂-၁၅...၃၆) ၂ ဆ ပြန်လျော်မယ်။ ၃၀၀ ထိုးရင် ၆၀၀ လျော်မယ်။ ပေါင်း ၉၀၀ ဖြစ်မယ်ပေါ့။ 'စုံမ' ထိုးရင် ဖြစ်နိုင်ခြေက (၁၈/၃၇) ၅၀% နီးပါး။ ၃ ရဲ့ ဆတိုးကိန်းတွေထိုးရင် ဖြစ်နိုင်ခြေက (၁၂/၃၇) ၃၃ % နီးပါး။ တကယ်လို့ ဘယ်ရီက စုံမထိုးပြီး ပင်စီက ၃ ဆတိုးကိန်းတွေကို ထိုးလိုက်ရင် ဖြစ်နိုင်ခြေအရ ဘယ်ရီက သာတယ်ဆိုပေမယ့် ပင်စီက နိုင်သွားနိုင်သေးတာပဲ မဟုတ်လား၊ ကမ်းလှမ်းချက်ကို လက်မခံတော့ ဆတ်ဆတ်ကြဲမလေး ပင်စီဟာ သူ့ဒေါ်လာ ၃၀၀ တန် တုံကင်ပြားတွေကို ၃ ဆတိုးကိန်းတွေပေါ်မှာ လောင်းလိုက်ပြီ။ ကဲ...ခင်ဗျားသာ ဘယ်ရီဆို ဘယ်လိုလုပ်မလဲ။