Thursday, March 29, 2007

ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ

ဒီတစ်ခါတော့ ဆရာမောင်ပေါ်ထွန်း ဘာသာပြန်တဲ့ ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ ဆိုတဲ့ စာအုပ်ထဲက အချို့အခန်းလေးတွေကို ပြန်တင်ပေးပါ့မယ်ခင်ဗျာ။

လူတွေဟာ တခြားလူကို မြင်တောင်မမြင်ဘူးပဲနဲ့ သူတစ်ပါးပြောတဲ့ တစ်ဆင့်စကားအပေါ် အခြေခံပြီး အဲဒီလူတွေအကြောင်း ဆုံးဖြတ်ချက်ချတတ်ကြတယ်။ တစ်ပါးသူစကား ယုံစားပြီး ကိုယ်ပိုင်ထင်မြင်ယူဆချက်ကိုတောင်မှ လျစ်လျူရှုတတ်ကြတယ်။

ကျွန်တော်တို့ရဲ့ အိုင်အမ်ဂျီ ကုမ္ပဏီမှာလဲ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကုမ္ပဏီအကြောင်းနဲ့ ပတ်သတ်ပြီး သူတစ်ပါးရဲ့ အထင်အမြင်တွေ၊ ဝေဖန်ပြောဆိုမှုတွေနဲ့ မကြာခဏ ကြုံတွေ့ခဲ့ရပါတယ်။

ဒီဖြစ်ရပ်မျိုးဆယ်ကြိမ်ကြုံရင် ကိုးကြိမ်ဟာ ကျွန်တော်တို့အတွက် အကျိုးရှိပါတယ်။ လူတွေက ကျွန်တော်တို့ကို သိပ်ပြီး ကြေးကြီးတယ်လို့ ထင်ကြတယ်။ အဲဒီလို သူတို့ရဲ့ ကြိုတင်ထင်မြင်ချက်တွေကို သိရတာဟာ ကျွန်တော်တို့က သူတို့နဲ့ ဆက်ဆံရတဲ့အခါမှာ သူတို့ကို ကျွန်တော်တို့အကျိုးအတွက် စည်းရုံးရတဲ့အခါမှာ သိပ်ပြီးလွယ်သွားတယ်။ နောက်ဆုံး ကျွန်တော်တို့ဟာ သူတို့ထင်ခဲ့သလိုမဟုတ်ဘဲ အကျိုးသင့် အကြောင်းသင့် မျှမျှတတ လုပ်ကိုင်တတ်တဲ့ လူတွေဆိုတာ သိရတော့မှ သူတို့ဟာ ကျွန်တော်တို့ဆီမှာ ဒူးထာက်ကြတော့တယ်။

ဒါပေမယ့် စီးပွားရေးလုပ်ငန်း အခြေအနေကိုလဲမသိ၊ သူနဲ့ ဆက်ဆံရတဲ့ ကျွန်တော်တို့ကုမ္ပဏီက လူတွေအကြောင်းလဲ နားမလည်ဘဲ သူ့ထင်မြင်ချက်နဲ့ သူ ခေါင်းမာနေတဲ့ လူမျိုးတွေလဲ ဆယ်ရောက်မှာတစ်ယောက် ဆိုသလိုတွေ့ရတတ်တယ်။ အဲဒီလို ကိုယ့်အထင်နဲ့ကိုယ် ခေါင်းမာနေတဲ့အတွက်ကြောင့်လဲ သူ့အနေနဲ့ အတွင်းသရုပ်မှန်ကို မမြင်နိုင်တော့တာပေါ့။

လူကဲခတ်ပညာဆိုတာ မိမိရဲ့ အာရုံငါးပါး တံခါးပေါက်တွေကို ဖွင့်ထားပြီး ဖြစ်ပျက်နေတဲ့ အခြေအနေမှန်ကို အတွင်းအထိ မြင်ရအောင် လေ့လာကြည့်ရှုပြီးတော့ အဲဒီအမြင်ကို အသုံးချပြီး ကိုယ့်အတွက် အကျိုးရှိအောင် လုပ်ဖို့ပါပဲ။