Sunday, March 11, 2007

အမှောင်ထဲမှာ လမ်းလျှောက်ခြင်း

ကျွန်တော်တို့ လုံးဝမသိတဲ့ ဘာသာစကားတွေ ပြောနေတဲ့ လူတွေရှေ့မှာ ကျွန်တော်တို့ ဘယ်လိုခံစားရသလဲ။ ကိုယ်လုံးဝမသိတဲ့ နည်းပညာတစ်ခု ကိုယ်နဲ့ ရှောင်လို့မရအောင် တည့်တည့်ကြီး ကြုံလာရင် ကျွန်တော်တို့ ဘယ်လို စခန်းသွားကြသလဲ။ ကိုယ်လုံးဝမတတ်နိုင်တဲ့ ငွေကြေးအတိုင်းအတာတစ်ခု မပေးမဖြစ် ပေးရဖို့ ကြုံလာရင် ကျွန်တော်တို့ ဘယ်လို ဖြေရှင်းမလဲ။ အတိုဆုံးသင်္ကေတနဲ့ပြောရရင်တော့ ကျွန်တော်တို့ ဘာမှမမြင်ရတဲ့ အမှောင်ထုကြီးထဲမှာ လမ်းလျှောက်ဖို့ကြုံလာရင် ဘယ်လို ခြေလှမ်းတွေ လှမ်းကြမလဲ။ (ဘာမှ မမြင်ရဘူးဆိုပေမယ့် အမှောင်ကိုတော့ မြင်ရတာပေါ့နော်...)

ဘာရယ်လို့တော့ မဟုတ်ပါဘူး။ //ဘာရယ်မဟုတ်ရင်လည်း ပြောမနေပါနဲ့တော့ကွာ :) ဖတ်သူရဲ့စိတ်ကူး// ဒီလိုပါ ကျွန်တော် Pandora.com Internet radio ကနေ Jose Alfredo, Roberto Pulido, Pepe Villa, Duo Mezcal, Vicente Fernandez တို့ရဲ့ သီချင်းတွေ နားထောင်ရင်း တွေးမိတာလေးတွေ ရေးလိုက်တာပါ။ အဲဒီထဲမှာ ကျွန်တော်ကြိုက်တဲ့ Linda Ronstadt ဆိုတဲ့ Station လေး ဖွင့်နားထောင်နေတုန်း Mexican root, Bow string ဆိုတဲ့ သီချင်းအမျိုးအစားတွေ ၀င်လာလို့ နားထောင်ဖြစ်သွားတာပါ။ ဘိုသီချင်းတွေ၊ မက်ဆီကန် သီချင်းတွေ နားထောင်တာ နားလည်လို့တော့ မဟုတ်ဘူးခင်ဗျ။ အမှောင်ထဲမှာ လမ်းလျှောက်ကြည့်တာပါ။ သီချင်းအမျိုးအစားတွေ ကလည်း အဲဒီ web site က ရှင်းပြတာလေးတွေ ကူးချထားတား)

//ကြုံလို့ အာလူးဖုတ်ရရင် Pandora.com ကို ကျွန်တော်တော်တော်ကြီးကို သဘောကျတယ်ဗျ။ ကိုယ်နားထောင်ချင်တဲ့ အဆိုတော်(သို့မဟုတ်)သီချင်းနာမည် နဲ့ Radio Station အခု ၁၀၀ create လုပ်ထားလို့ရတယ်။ အဲဒီတစ်ခုချင်းစီမှာလည်း သီချင်းနာမည်တွေ အဆိုတော်အမည်တွေ အများကြီး ထပ်ပေါင်းထည့်ထားလို့ရတယ်။ ကိုယ်ကြိုက်တဲ့ သီချင်းကို ကြိုက်တယ် ပြောထားလိုက်ရင် အဲဒီ သီချင်းပုံစံနဲ့ အနီးစပ်ဆုံး သီချင်းတွေ ကို ဖွင့်ပြပေးတယ်။ ဘာဖြစ်လို့ဒီသီချင်းလာဖွင့်ပြနေတာလဲလို့ မေးလိုက်ရင် မင်း create လုပ်ထားတဲ့ သီချင်းနဲ့ ဒီလိုဒီလို ဂီတပုံစံတွေ တူလို့ ဖွင့်ပြတာပါဆိုပြီး ပြန်ဖြေလိမ့်မယ်ဗျ။ တခြားသဘောကျစရာ ဂီတသင်ခန်းစာတို့၊ Bookmark song တို့၊ Bookmark artist တို့ Discography တို့ အများကြီးပါပဲဗျာ။ ကြုံရင် စမ်းကြည့်ဖို့လက်တို့လိုက်ပါတယ်ခင်ဗျ။//

တခါတလေမှာ ကျွန်တော်တို့ အမှောင်ထဲမှာ လမ်းလျှောက်ဖို့ ကြုံရတတ်တယ်မို့လား။ ရုပ်ရှင်တစ်ခုထဲမှာ ကြည့်ဖူးတယ်ဗျ။ မင်းသားက သူနဲ့ လုံးဝမတူတဲ့ (သို့မဟုတ်) သူလုံးဝမတတ်တဲ့ ဘာသာစကားပြောနေတဲ့ လူတစ်စုရဲ့ ပါးစပ်လှုပ်ပုံနဲ့ မျက်နှာအမူအယာတွေကို ကြည့်ရင်း၊ လေ့လာရင်း တစ်ထိုင်တည်းနဲ့ အဲဒီစကားကို တတ်သွားရောတဲ့ //မယုံရင် မျက်လုံးဘလော့ထဲက စကားလို့မှတ်နော် :) // ဒါကတော့ ရုပ်ရှင်ထဲမှာပေါ့ဗျာ။ တကယ့်အပြင်လောကမှာလဲ ဒီလိုပဲ 3 shadows ကြည့်ပြီး လှုပ်ရှားလိုက်ရတာတွေ ကျွန်တော်ကတော့ ခဏခဏ ကြုံရဖူးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က ခုချိန်ထိ ဘာမှ မသိမတတ်ဘဲနဲ့ Fire Stage ကြည့်ပြီး Dance ရတဲ့ အဖြစ်မျိုးတွေ ကြုံရလွန်းလို့ပါ။ ကြာတော့ အကျင့်ဖြစ်ပြီး တစ်ခုခုကို နည်းနည်းပါးပါးလေး သိလာတာနဲ့ သိပ်စိတ်မ၀င်စားတော့ဘဲ နောက်ထပ်အမှောင်တွေပဲ ထပ်ရှာနေချင်တော့တယ်။ ဒါလည်းကျွန်တော့်ရဲ့ မကောင်းတဲ့ အကျင့်တစ်ခုပေါ့။

ဘယ်အရာမဆို အကောင်းအဆိုးတော့ ရှိမှာပေါ့ဗျာ...နော။ အမှောင်ထဲလမ်းလျှောက်ရင်း ရွှေထုပ်ကြီးလည်း ကောက်ရနိုင် သလို -ျီးထုပ်ကြီးလည်း တိုက်မိနိုင်တာပဲ။ တခါတလေ ကိုယ်ကမှောင်တယ်လို့ ထင်ပေမယ့် လောကကြီးကလင်းလို့၊ ကိုယ်ကသာ မျက်မှန်အမည်းကြီး တပ်ထားတာလည်းဖြစ်နိုင်တာပဲ...နော။ လောကကြီးကလည်း လင်းပါတယ်။ ကျွန်တော်တို့ကလည်း မျက်မှန်အမည်းကြီးတပ်မထားပါဘူး။ ဒါပေမယ့် လမ်းလျှောက်ခွင့် မရှိတဲ့ နယ်မြေထဲ ရောက်နေရင်ကော။ ဒါမှမဟုတ် ခြေထောက်တွေ ရိုက်ချိုးထားတဲ့ ည //ဦးချစ်ကောင်းရဲ့ သီချင်းစာသားလေး ခိုးချလိုက်ဦးမယ်// ထဲမှာ ပိတ်မိနေရင်ကော။ ကျွန်တော်ကတော့ သိပ်စိတ်မပူပါဘူးဗျာ။ ဘယ်နေရာမဆို သူ့ အခွင့်အရေး နဲ့ တားမြစ်ထားတဲ့ စည်းတွေဘောင်တွေ ဆိုတာ ရှိကြတာပါပဲ။ ရုပ်ဝတ္ထုကြီး လမ်းမလျှောက်ရရင် စိတ်ပိုင်းဆိုင်ရာ (စိတ်ကူးဖြစ်ဖြစ်၊ နာမ်ပိုင်းဆိုင်ရာဖြစ်ဖြစ်) လမ်းလျှောက်မှာပေါ့။ အဓိက က ထိုင်မနေချင်ဖို့ပဲ မဟုတ်ဘူးလား။ ဒါပေမယ့် ကိုယ့်ရဲ့ ရပ်သင့်တဲ့ အချိန်ကိုလည်း သိဖို့ အရေးကြီးမယ်ထင်တာပဲ။ ဘယ်အရာမဆို ဖြစ်ပြီးရင် ပျက်မယ်ဆို လျှောက်ပြီးရင်လည်း ရပ်ရမယ်။ အကြာကြီးထိုင်နေရရင်လည်း ညောင်းသလို၊ အမြဲတမ်း လျှောက်နေရလည်း ညောင်းတာပဲ။

ပြီးတော့ လျှောက်ရမယ့်ကိစ္စလား၊ ပြေးရမယ့်ကိစ္စလား။ ယုန်တောင်ပြေး ခွေးနောက်လိုက် ဖြစ်နေသလား။

လျှောက်ရဲဖို့ သတ္တိ၊ လျှောက်နိုင်တဲ့ အတတ်ပညာ၊ လျှောက်ချင်တဲ့ဆန္ဒ၊ ရပ်သင့်တဲ့ အချိန်၊ ရပ်သင့်တာလား ဒါမှမဟုတ် လျှောက်ဖို့ပျင်းတာလား ခွဲခြားသိတဲ့ ဥာဏ်...

ဘာတွေမှန်းလည်းမသိဘူး :)

ကြုံတုန်းလေး အသိတစ်ယောက်ပြောပြတဲ့ ဥာဏ်စမ်းမေးခွန်းလေး ပြန်ဖောက်သည်ချပါရစေ။ လူတစ်ယောက်က လမ်းလျှောက်သွားတာ နောက်ပြန်လှည့်ကြည့်တော့ ခြေရာတွေ မတွေ့ရဘူးတဲ့။ သူလျှောက်တဲ့လမ်းက ခြေရာကို ထင်ထင် ရှားရှား မြင်နိုင်တဲ့ လမ်းမျိုးပါပဲ။ လွယ်မယ်ထင်ပါတယ်။ ကျွန်တော်တို့လည်းပေါ့လေ . . . . တခါတရံမှာ . . . .